တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာလယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ်ပကဖ ဇုန် ၅ ၏ တောဗုံးကြီးတပ်ဖွဲ့ထံမှ သိသည်။
ယနေ့ ဧပြီ ၂၂ရက် နံနက် ၉နာရီဝန်းကျင်တွင် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောဗုံးကြီးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ ဗုံးသီးချတဲ့အချိန်မှာ သူတို့ (စကစ) ရဲ့ ဂိတ်ပစ်မှတ်ပေါ်ကို တည့်တည့်ကျသွားတယ်။ စကစ ထိခိုက်မှုတွေကို တွေ့ရတယ်။ သူတို့ဘက်က ဒရုန်းနဲ့လိုက်ဝဲပြီး ဗုံးသီးချဖို့လုပ်နေတယ်” ဟု ၎င်းက ပြောသည်။
ဧပြီလ ၂၁ရက် ညနေပိုင်းကလည်း ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများကို ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
“တိုက်ခိုက်ခံရတော့ သေနတ်တွေနဲ့ ဒရုန်းကို ပစ်နေတာ အရမ်းများတယ်။ ပြီးတော့ အမြောက်တပ်ကနေ ဒရုန်းဗုံးသီး နှစ်လုံးနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့နေရာကို လိုက်ချသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်မှု အခြေအနေကိုမသိရသေးပေ။
တစ်ဖက်တွင်လည်း ဇဝဲရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် (၅၅၆) ဇဝဲတပ်ရင်း တပ်ဖွဲ့ဝင်များသည့် ဘန်းလမွတ် ကျေးရွာအုပ်စုတွင် အင်အားတိုးချဲ့လာပြီးနောက် အဆိုပါအုပ်စုရှိ ကျေးရွာများတွင် ဧပြီ၁၈ ရက်ခန့်ကစပြီး လမ်းသွား လမ်းလာများကို စစ်ဆေးနေကြောင်း ကျေးရွာဒေသခံများကဆိုသည်။
“အင်အားအများကြီးပဲ တိုးချဲ့ထားတာ။ ကျေးရွာအုပ်စုလမ်းတစ်လျှောက်လုံးပဲ။ ညောင်ပင်ကုန်းရွာ အိမ်တချို့က သစ်ပြားတွေကို ခွာပြီးတော့ စခန်းဆောက်တာမျိုးတွေလည်း လုပ်နေကြတယ်” ဟု ဘန်းလမွတ်ရွာနေဒေသခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်က ပြည်သူများကို အကာအကွယ်ယူပြီး သွားလာခြင်း၊ စစ်ဆေးဖမ်းဆီးခြင်းများ လုပ်လာနိုင်သဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းမလုပ်ရန် မြေပြင်တော်လှန်ရေးရဲဘော်များက တိုက်တွန်းထားသည်။