ရေဖြူမြို့နယ် ၊ ဇာဒီကျေးရွာအုပ်စု ၊ ကျောက်ထရံရွာတွင် ဧပြီလ ပထမအပတ်က စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းခေါ်သွားသည့် ကျောက်ထရံရွာသားတစ်ဦးနှင့် ဖြူနပ်ရွာသားတစ်ဦး ယနေ့ ဧပြီလ ၂၂ ရက်အထိ ပြန်မလွတ်လာသေးကြောင်း ဒေသခံများထံမှသိရသည် ။
ဖမ်းခေါ်ခံရသူ နှစ်ဦးမှာ ကျောက်ထရံရွာတွင် စားသောက်ဆိုင်ဖွင့်ထားသည့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးသန်းသန်းနှင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် ဖြူနပ်ရွာသား အသက် ၄၀ ဝန်းကျင် ကိုနိုင်နိုင် တို့ဖြစ်သည် ။
မတ်လ ၃၁ ရက်တွင် ဇာဒီအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းသည် ဇာဒီရွာမှပြန်ထွက်လာပြီး ဧပြီလ ၇ ရက်တွင် ကျောက်ထရံရွာ၌ ညအိပ်ကာ ရွာသားနှစ်ဦးကို ဖမ်းခေါ်၍ ပြန်ထွက်သွားကြောင်း ရွာသားများ ကပြောသည်။
“တန်ခူးလဆန်း ၁၀ ရက် (ဧပြီ ၇)မှာ ရွာကို စစ်သားတွေရောက်လာပြီး ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းနဲ့ ဘုရားတောင်မှာ လူစုခွဲပြီး တစ်ညအိပ်တယ်။ နောက်တစ်ရက်ပြန်ထွက်မယ့် ညနေမှ ဦးသန်းသန်းနဲ့ ကိုနိုင်နိုင် လမ်းလိုက်ပြပေးဆိုပြီး ခေါ်သွားတယ်။ မောရဝတီရေတပ်ထဲ အထိပါသွားတယ်။ သင်္ကြန်ပြီးတုန်းက ပြန်လွတ်မယ်ဆိုပြီး အခုထိပြန်မလွတ်လာသေးဘူး “ ဟု ကျောက်ထရံရွာခံ အမျိုးသမီး တစ်ဦးကပြောသည် ။
၎င်းတို့နှစ်ဦးကို ဖမ်းခေါ်ထားရသည့် အကြောင်းအရင်းကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
စစ်ကောင်စီ စစ်ကြောင်းသည် ဇာဒီရွာအတွင်း တပ်စွဲထားသည့် အချိန်တွင်လည်း ခေါင်ပြန်ရွာသား ၃ ဦးအပါအဝင် ဒေသခံ ဆယ်ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပြီး စစ်ကြောင်းပြန်ထွက်စဥ် ဧပြီလ ၅ ရက်တွင်ပြန်လွှတ်ပေးခဲ့သည် ။
ဇာဒီအုပ်စုကို စစ်ကောင်စီက မတ်လ တတိယပတ်ကတည်းက လျှပ်စစ်မီး နှင့် အင်တာနက် ဖြတ်တောက်ထားပြီး ကျေးရွာအတွင်း ရွာသားများပြန်နေထိုင်သည့်အချိန်မှ ပြန်လုပ်ပေးမည်ဟု စစ်ကောင်စီစစ်ကြောင်းက ပြောခဲ့ကြောင်း ဒေသခံများက ပြောပြသည်။
သို့သော် ဇာဒီရွာအတွင်း၌ မြေတူးစက်ဖြင့် လမ်းပိုင်းဖြတ်တောက်ထားသည့်နေရာ လေးခုထက်မနည်း ရှိသဖြင့် အရေးပေါ်ကိစ္စများရှိပါက သွားရေးလာရေး ခက်ခဲသည့်အပြင် မိုင်းအန္တရာယ်စိုးရိမ်မှုရှိခြင်းတို့ကြောင်း ရပ်ရွာအတွင်း ပြန်မနေရဲကြသေးကြောင်း ဒေသခံများထံမှ သိရသည် ။