ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်မြို့တွင် လုပ်အားခမတိုးသည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာအလုပ်သမား များနှင့် ကမ္ဘောဒီးယားအလုပ်သမားခေါင်းဆောင်တို့ ခိုက်ရန်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဧပြီလ ၂၀ ရက် ညက ဖက်ကစာမိုင်ဒေသတွင် လုပ်အားခမတိုးပေးသော ကမ္ဘောဒီးယားအလုပ်သမားခေါင်းဆောင်နှင့် မြန်မာအလုပ်သမားလေးဦးတို့က ခိုက်ရန်ဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် အလုပ်သမားခေါင်းဆောင်တွင် မျက်နှာ ဖူးရောင်နှင့် အခြားဒဏ်ရာများရကြောင်း ဖော်ပြသည်။
မြန်မာအလုပ်သမားများတွင် ဒဏ်ရာရရှိခဲ့ခြင်း ရှိမရှိ ဖော်ပြထားခြင်း မရှိသဖြင့် မသိရပေ။
ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားခေါင်းဆောင်သည် ယင်းနေ့က လုပ်အားနှင့် အရည်အချင်းအပေါ်မူတည်၍ မြန်မာအလုပ်သမားအချို့ကို လုပ်အားခ တိုးပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။
ယင်းအချိန်တွင် လုပ်အားခတိုးသော မြန်မာအလုပ်သမားများက အခြားအလုပ်သမားများကို စနောက်ခဲ့ကြရာမှ လစာ မတိုးသော မြန်မာအလုပ်သမားအချို့က မကျေမနပ်ဟု ဆက်လက်ထွက်ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။
ညဘက် အရက်သောက်ပြီးနောက် မကျေမနပ်ဖြစ်ကြသော မြန်မာအလုပ်သမားလေးဦးက အလုပ်သမားခေါင်းဆောင်ထံ ရောက်လာပြီး စကားများ ရန်ဖြစ်ခြင်းဖြစ်ကြောင်း ဆိုသည်။
လစာတိုးရာတွင် လုပ်သက်ကိုကြည့်၍ ဆုံးဖြတ်ခြင်းမဟုတ်ဘဲ လုပ်ဆောင်ချက်နှင့် အရည်အချင်းပေါ်မူတည်၍ တိုးပေးခြင်း ဖြစ်သဖြင့် အလုပ်သမားများကြား ခိုက်ရန်ဖြစ်ခြင်းဖြစ်ကြောင်း အလုပ်ရှင်က သတင်းမီယာများသို့ ပြောဆိုသည်။
ယခင်ကတည်းက အလုပ်ဝင်ထားသူများထက် နောက်ကျမှ ဝင်လာသော အလုပ်သမားများက လုပ်အားခ ပိုတိုးသွားရာမှ အလုပ်သမားများကြား မကျေမနပ်ဖြစ်လာကြကြောင်း ၎င်းက ဆိုသည်။
ယခုဖြစ်ရပ်သည် လုပ်ငန်းခွင်ထဲ လစာကိစ္စကြောင့် ပထမဆုံးအကြိမ် ရန်ဖြစ်ခြင်းဖြစ်ကြောင်း အလုပ်ရှင်က ပြောဆိုသည်။
လက်ရှိတွင် အလုပ်သမားခေါင်းဆောင်က ခိုက်ရန်ဖြစ်ခဲ့သော မြန်မာအလုပ်သမားလေးဦးကို ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: CH 7, workpoint 23