တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီတပ်သားများကို ဧပြီလ ၂၀ရက်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
ယင်းနေ့ ညနေ ၃နာရီခန့်တွင် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းအနီး တံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း အသက် ၂၃နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
“တံတားဟိုဘက်ကမ်း ဒီဘက်ကမ်းဖြစ်ကြတယ်။ ကိုယ့်ဘက်က အရင်သွားပစ်ကြတယ်။ ပြီးမှ အပြန်အလှန် ဖြစ်ကြတာ” ဟု ၎င်းက ပြောဆိုသည်။
ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ပြီးနောက် ၁၅မိနစ်ဝန်းကျင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြပြီး စစ်ကောင်စီ တပ်သားအချို့ ဒဏ်ရာရကြောင်း အသက် ၄၃နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“သွားရောက်တိုက်ခိုက်တာက (တော်လှန်ရေးအဖွဲ့တွေ) ပူးပေါင်းတိုက်ခိုက်ကြတယ်။ သူတို့ (စကစ) အသေအပျောက်တော့ ရှိတယ်။ ဒဏ်ရာရသူတွေကို ၅၆၁ တပ်ရင်းထဲ ခေါ်ဆောင်သွားတော့ အတိအကျမသိရဘူး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
တော်လှန်ရေးတပ်ဘက်ကမူ ထိခိုက်မှုမရှိခဲ့ကြောင်း တပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။
ညောင်ပင်ကွင်းကျေးရွာအနီးတွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသဖြင့် အနီးအနားကျေးရွာများရှိ ဒေသခံများ စစ်ရှောင်နေရသည်မှာ ငါးလခန့်ရှိပြီဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ရက်တွင် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ညောင်ပင်ကွင်းရွာရှိ နေအိမ် ၂၇လုံး မီးလောင်ပျက်စီးသွားခဲ့သည်။