BREAKING
April 22, 2025

စစ်ကောင်စီက ဗုံးအလုံးတစ်ရာကျော်ကြဲပြီး ခုခံခဲ့သော်လည်း ထီးထဗျူဟာစခန်းကို စွန့်လွှတ်ခဲ့ရ

April 22, 2025

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ထီးထဗျူဟာစခန်းကို တော်လှန်ရေးတပ်များက ဝိုင်းဝန်းတိုက်ခိုက်ချိန် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးအလုံးရေတစ်ရာကျော် အထိကြဲချပြီး ခုခံတိုက်ခိုက်ခဲ့ကြောင်း Dawei Watch ၏ စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

ထိုင်းနယ်စပ်နှင့် မိုင်အနည်းငယ်သာကွာဝေးသည့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၏ အမှတ် ၁ စစ်ဗျူဟာစခန်းကို KNUတပ်မဟာ ၄ လက်အောက်ခံ KNLA တပ်ရင်းများ၊ KNDO တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အခြားတော်လှန်ရေးတပ်များက ဧပြီလ ၁၉ ရက်နေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗျူဟာစခန်းကုန်းကို တော်လှန်ရေးတပ်များက ဧပြီလ ၁၂ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၃ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ဗုံးကြဲခုခံခဲ့ရာ စခန်းစွန့်လွှတ်လိုက်ရသည့် ဧပြီလ ၁၉ ရက်နေ့အထိ ဗုံးအလုံးရေတစ်ရာကျော် ကြဲချခဲ့သည်။

၈ ရက်ကြာမြင့်ခဲ့သည့် ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်က K8W တိုက်လေယာဉ်၊ Y12 သယ်ယူပို့ဆောင်ရေး လေယာဉ်များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကလည်း စစ်ကောင်စီတပ်၏ လက်ရှိအနေအထားအရ လေကြောင်းတစ်ခုကိုသာ အားထားနေရသည့် အခြေအနေဖြစ်နေသည်ဟု ဆိုသည်။

“စကစက အခုသူတို့လုပ်နိုင်တာက လေကြောင်းတိုက်ခိုက်မှုပဲလုပ်နိုင်တယ်။ အခြားတိုက်ခိုက်မှုက သူတို့လုပ်မနိုင်တဲ့အတွက်ကြောင့် လေကြောင်းတိုက်ခိုက်မှုက အလုံးအရင်းနဲ့ တတ်နိုင်သလောက်လုပ်တာပေါ့နော်။ ရှိသမျှလေယာဉ်တွေ ရှိသမျှရဟတ်ယာဉ်တွေ ထုတ်သုံးပြီးတာပေါ့နော်” ဟု ပဒိုစောအယ်နားက ပြောသည်။

ထိုသိုဗုံးကြဲခုခံရာတွင် ထီးထဗျူဟာစခန်းအား လာရောက်တိုက်ခိုက်သည့် တော်လှန်ရေးတပ်များရှိရာနေရာများအပြင် အလယ်စတိုကျေးရွာ၊ အမာလာထာကျေးရွာနှင့် ထီးထကျေးရွာအနီးဝန်းကျင်ကိုပါ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း Dawei Watch ၏ စစ်ရေးအရင်းအမြစ်က ဆိုသည်။

အပြီးသတ်စခန်းသိမ်းနိုင်ခဲ့သည့် ဧပြီလ ၁၉ ရက် တစ်ရက်တည်းတွင်ပင် Y 12 လေယာဉ်ဖြင့် ဗုံး ၄၈ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းကပြောသည်။

ထီးထဗျူဟာစခန်းကို သိမ်းပိုက်ပြီးနောက် ဧပြီလ ၂၀ ရက် နံနက်တွင်လည်း ဗျူဟာစခန်းကုန်း အနီးပတ်ဝန်းကျင်ကို လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ဧပြီလ ၂၁ ရက်နေ့တွင်လည်း ထီးခီးရွာကို K8W တိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးကြဲချခဲ့ပြီး Y12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကြဲချတိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီအသုံးပြုခဲ့သည့်လေယာဉ်များမှာ တရုတ်နိုင်ငံထုတ်လေယာဉ်များဖြစ်ပြီး မြိတ်လေတပ်စခန်းဌာနချုပ်မှ ပျံတက်လာခြင်းဖြစ်သည်။

ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် စစ်ကူများကို ထီးထဗျူဟာစခန်းကုန်းတွင် ချရန်လုပ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များက ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့သဖြင့် ထီးခီးနယ်စပ်တွင်ချခဲ့ရခြင်းဖြစ်ကြောင်း ပဒိုစောအယ်နားက ဆိုသည်။

“ဒီစခန်းသိမ်းတိုက်ပွဲမှာ အဲဒီလေယာဉ်နဲ့ ဗုံးကြဲတာတော့အများကြီးရှိတယ်။ ဒါပေမဲ့ ထီးထဗျူဟာစခန်းမှာ လေယာဉ်ဆက်တိုက်ဗုံးကြဲတာမကဘဲနဲ့ စစ်ကူတွေကို ရဟတ်ယာဉ်နဲ့လာပြီးတော့ ချတာက ဒီနေရာမှာပဲရှိတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် MI 17 ရဟတ်ယာဉ်များဖြင့် ထီးခီးစခန်း၊ ဗောဓိစခန်း၊ ငါးရံ့နီစခန်းကို စစ်ကူများ ပို့ဆောင်နေကြောင်း ပဒိုစောအယ်နားက ပြောသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသတစ်ခွင်တွင် စစ်ကောင်စီတပ်၏ အထက်ပါ အခြေစိုက်စခန်း ၃ခုသာ ကျန်ရှိတော့သည်။

စခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမ နှစ်လက်၊ ၆၀ မမ၊ ၄၀ မမ၊ ၃၀ မမ၊ RPG၊ စက်လက်နက်မျိုးစုံနှင့် ခဲယမ်းများစွာသိမ်းဆည်းရမိခဲ့ကြောင်း ကရင်အမျိုးအသားအစည်းအရုံး-KNU တပ်မဟာ(၄)က ထုတ်ပြန်သည်။

ထို့အပြင် စခန်းသိမ်းတိုက်ပွဲတွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သားတစ်ရာခန့် သေဆုံးသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။