BREAKING
April 22, 2025

သရက်ချောင်းတွင် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှု KNLA တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရ

April 22, 2025

သရက်ချောင်းမြို့နယ်အောက်ဘက်ခြမ်းက ကျေးရွာများကို ဧပြီလ ၂၁ ရက် ည ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း ၁၂ က တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအချို့နှင့် KNLA တို့ထံမှ သိရသည်။

ဝင်းဝ၊ မင်းဒပ်၊ သဲချောင်းသားရွာများဘက်ကို လေယာဉ်ဖြင့် ဗုံး ၁၅ လုံးခန့် ကြဲချတိုက်ခိုက်ရာ KNLA တပ်ဖွဲ့ဝင်တစ်ဦး ဝမ်းဗိုက်တွင် ဗုံးစထိမှန် ဒဏ်ရာရကြောင်း ၎င်းတို့က ပြောသည်။

“ဒဏ်ရာနည်းနည်းပြင်းတာတော့ ဟုတ်တယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူး” KNLA တပ်ရင်း ၁၂ ကစယ်ကျား အထူးတပ်ဖွဲ့က တပ်ခွဲမှူး စောဘဦးသစ်က ပြောသည်။

ဧပြီလ ၁၈ ရက်တွင် ဝင်းဝနယ်မြေရဲစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားသည်။

ဧပြီလ ၁၉ ရက် နံနက် ၁၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဝင်းဝစခန်းအနီးပတ်ဝန်းကျင်၊ မင်းဒပ်၊ ချောင်းဝပြင်၊ ရငဲရွာများကို ဗုံး ရှစ်လုံးခန့် ကြဲချတိုက်ခိုက်သဖြင့် အသက် ၇ နှစ်နှင့် အသက် ၅၀ ကျော်အရွယ် အရပ်သား မြေးအဖိုးနှစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။

ဧပြီလ ၂၀ ရက်ညပိုင်းမှ ၂၁ ရက် နံနက် ၄ နာရီခန့်အထိ နှစ်ဖက်ပစ်ခတ်သံများ ညလုံးပေါက်ကြားခဲ့ရပြီး ၂၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ဝင်းဝ၊ မင်းဒပ်၊ ကမြိုင်ရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ည ၁၀ နာရီခွဲတွင်လည်း လေယာဉ်ဖြင့် ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“ကျွန်တော်တို့ကို ခြိမ်းခြောက်မှုတစ်ခုလို့ပဲမြင်တယ်။ သူတို့လူတွေ ထွက်ပေါက်ပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြန်ဆုတ်သွား အောင် လိုက်ကြဲတာပေါ့။ သူတို့ကြဲတာ ထိရောက်မှု မရှိဘူးလေ၊ ထိရောက်မှုရှိရင် ကျွန်တော်တို့ဘက်က အထိနာမှာပေါ့။ အခုက လေယာဉ်နဲ့အကြိမ်ကြိမ်ကြဲတာတောင် ကျွန်တော်တို့ဘက်က တစ်ဦးပဲ ထိခိုက်ဒဏ်ရာရတာရှိတယ်” ဟု စောဘဦးသစ်က ပြောဆိုသည်။

လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်တွင် KNLA တပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရသည့်အပြင် အရပ်သားပြည်သူ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။

ဝင်းဝစခန်း တိုက်ခိုက်ခံရသည့် နေရာအနီးက မင်းဒပ်၊ သဲချောင်းသားကျေးရွာများအပြင် တိုက်ပွဲဧရိယာအတွင်း မရှိသည့် ကျေးရွာများကိုပါ စစ်ကောင်စီလေတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကြောင့် ဝင်းဝ၊ မင်းဒပ်၊ ဝဲရစ်၊ ကမြိုင်၊ သဲချောင်းသား၊ ချောင်းဝပြင်၊ ရငဲ၊ ကျွဲမင်းကုန်း စသည့်ကျေးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“အစ်မတို့ရွာအပြင် ဘေးရွာတွေမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ကုန်ပြီ” ဟု ဝင်းဝစခန်းအနီးက ကျေးရွာတစ်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ရန်ကုန်က လာသည့် ကားများ ထားဝယ်တွင် ပိတ်မိနေပြီး မြိတ်ဘက်က တက်လာသည့် ကားများမှာလည်း ပုလောနှင့် ပလောက်မြို့ဘက်တွင် ပိတ်မိနေသည်။

“ကျွန်တော်တို့ကားတွေတော့ ထားဝယ်မှာ ပိတ်မိနေတယ်။ ထားဝယ်-မြိတ်သွားချင်ရင် စပိဘုတ်နဲ့ သွားလို့ရတယ်။ တစ်ယောက်ကို သုံးသိန်းပေးရတယ်” ဟု ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ထားဝယ်-မြိတ် အတက်အဆင်းကားများ လမ်းတွင် ပိတ်မိနေသည်မှာ ၅ ရက်ရှိလာပြီဖြစ်သည်။