BREAKING
April 22, 2025

ထရမ့်အစိုးရကို ဟားဗတ်တက္ကသိုလ် တရားစွဲ

April 22, 2025

ဒေါ်လာဘီလီယံနှင့်ချီသည့် ဖက်ဒရယ်အစိုးရ၏ ထောက်ပံ့ငွေများကို ထရမ့်အစိုးရက ဖြတ်တောက်လိုက်မှုအတွက် ဟားဗတ်တက္ကသိုလ်က တနင်္လာနေ့တွင် တရားစွဲဆိုလိုက်သည်။

ဟားဗတ်တက္ကသိုလ်အတွက် ဖက်ဒရယ်အစိုးရထောက်ပံ့ငွေ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကို ထရမ့်အစိုးရက ရပ်ဆိုင်းထားသည့်အပြင် ဟားဗတ်တက္ကသိုလ်က ရရှိထားသည့် အခွန်ကင်းလွတ်ခွင့် အဆင့်အတန်းကိုပါ ဆုံးရှုံးရနိုင်သည်ဟု ထရမ့်အစိုးရ ခြိမ်းခြောက်ထားသည်။

ဟားမတ်တက္ကသိုလ်ဘက်က လိုက်နာရန် ထရမ့်အစိုးရက ဖိအားပေးတောင်းဆိုလာသည့် အချက်များကို တက္ကသိုလ်အာဏာပိုင်များက ငြင်းဆန်လိုက်ပြီးနောက် အစိုးရနှင့် တက္ကသိုလ်အကြား ပဋိပက္ခမှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကြီးထွားလာခဲ့သည်။

ထရမ့်အစိုးရ၏ ဟားဗတ်တက္ကသိုလ်အပေါ် တောင်းဆိုချက်များတွင် ဝန်ထမ်းခန့်အပ်ခြင်း ၊ ကျောင်းဝင်ခွင့်နှင့် သင်ရိုးညွှန်းတမ်းကိစ္စရပ်များတွင် ပြင်ပစာရင်းစစ်များ ထားရှိခွင့်ပြုရေးတို့ ပါဝင်သည်။

ထရမ့်အစိုးရ၏ တောင်းဆိုချက်များကို ဟားဗတ်တက္ကသိုလ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

ရုန်းကန်နေရသည့် အမေရိကန်မိသားစုများ၏ အခွန်ငွေကို ဟားဗတ်ကဲ့သို့သော အင်စတီးကျူးရှင်းများအတွက် ထောက်ပံ့ပေးနေသည်ကို ရပ်တန့်တော့မည် ဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Harrison Fields က တနင်္လာနေ့ညတွင်ပင် ပြောကြားခဲ့သည်။

ဖက်ဒရယ်အစိုးရထောက်ပံ့ငွေသည် အခွင့်ထူးတစ်ခု ဖြစ်ပြီး ဟားဗတ်တက္ကသိုလ်အနေဖြင့် အဆိုပါ အခွင့်ထူးကို ခံစားရန် အခြေခံလိုအပ်ချက်များ ပြည့်မီခြင်း မရှိတော့ဟု ၎င်းက ဆိုသည်။

တောင်းဆိုချက်များမှာ ဟားဗတ်တက္ကသိုလ်၏ စုံလင်ကွဲပြားမှုအစီအစဉ်များကို လျှော့ချရန်နှင့် တက္ကသိုလ်အတွင်း ဂျူးဆန့်ကျင်ရေးစိတ်ဓာတ်များကို တိုက်ဖျက်ရန် ရည်ရွယ်သည်ဟု ထရမ့်အစိုးရက ဆိုသည်။

အစိုးရထောက်ပံ့ငွေ ရပ်ဆိုင်းမှုအပြင် ထရမ့်အစိုးရက ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာကျောင်းသားများ လက်ခံခွင့်ကိုလည်း မကြာသေးမီ ရက်ပိုင်းအတွင်း ခြိမ်းခြောက်ခဲ့သည်။

တက္ကသိုလ်၏ လွတ်လပ်မှုနှင့် အခြေခံဥပဒေပါ အခွင့်အရေးများကို စွန့်လွှတ်မည် မဟုတ်ကြောင်း ဧပြီလ ၁၄ ရက်နေ့တွင် တက္ကသိုလ်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

ထရမ့်အစိုးရ၏ လုပ်ဆောင်ချက်များမှာ အစွန်းရောက်ပြင်းထန်လွန်းပြီး ရေရှည်ထိခိုက်မှုများ ပေါ်ပေါက်လာနိုင်သည်ဟု ဟားဗတ်တက္ကသိုလ်၏ အဓိပတိဖြစ်သူ Alna M. Garber က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

ဖက်ဒရယ်အစိုးရထောက်ပံ့ငွေ ရပ်ဆိုင်းမှုသည် ကလေးသူငယ်ကင်ဆာရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနှင့် ပါကင်ဆန်ရောဂါ လေ့လာရေးတို့ကဲ့သို့သော အရေးကြီး သုတေသနလုပ်ငန်းများကို ထိခိုက်စေသည်ဟု ၎င်းက ဆိုသည်။

ဖက်ဒရယ်အစိုးရထောက်ပံ့ငွေကို ဖြတ်တောက်ခြင်းဖြင့် ထရမ့်အစိုးရသည် ဟားဗတ်တက္ကသိုလ်၏ အဖိုးမဖြတ်နိုင်သည့် သုတေသနလုပ်ငန်းများကို ကြီးကြီးမားမား တိုက်ခိုက်လိုက်သည်ဟု တက္ကသိုလ်ဘက်က တရားစွဲဆိုထားသည်။

ဟားဗတ်တက္ကသိုလ်၏ ပညာရပ်ဆိုင်ရာ လွတ်လပ်မှုကို ထိန်းချုပ်ကန့်သတ်ရန် ထရမ့်အစိုးရက ထောက်ပံ့ငွေဖြတ်တောက်မှုကို ဖိအားအဖြစ် အသုံးချနေသည်ဟုလည်း အဆိုပါ တရားစွဲဆိုမှုတွင် ထည့်သွင်းဖော်ပြထားသည်။

ဟားဗတ်တက္ကသိုလ်အပါအဝင် မည်သည့်ပုဂ္ဂလိကတက္ကသိုလ်ကမျှ ဖက်ဒရယ်အစိုးရ၏ ထိန်းချုပ်မှုကို ခွင့်ပြုနိုင်မည်မဟုတ်ကြောင်း ၊ အစိုးရ၏ တောင်းဆိုချက်များကို မူအရပင် လက်ခံမည်မဟုတ်ကြောင်း ဟားဗတ်တက္ကသိုလ်အာဏာပိုင်များက ဆိုသည်။

ဟားဗတ်အပြင် အခြားသော Ivy League အနွယ်ဝင်တက္ကသိုလ်များကိုလည်း ထရမ့်အစိုးရက ဖက်ဒရယ်အစိုးရထောက်ပံ့ငွေ ဆိုင်းငံ့ခဲ့သည်။

ကော်နဲလ်တက္ကသိုလ်မှာ ဒေါ်လာ ၁ ဘီလီယံ ဖြတ်တောက်ခံခဲ့ရပြီး ၊ Brown University မှာ ဒေါ်လာသန်း ၅၁၀ ဖြတ်တောက်ခံရသည်။

ဟားဗတ်တက္ကသိုလ်ကျောင်းထွက်တစ်ဦးဖြစ်သည့် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘာမားကလည်း ၎င်းအနေဖြင့် ဟားဗတ်တက္ကသိုလ်၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ပါလက်စတိုင်းထောက်ခံသည့် တက္ကသိုလ်ဆန္ဒပြပွဲများ၏ ဗဟိုချက်ဖြစ်ခဲ့သည့် ကိုလံဘီယာတက္ကသိုလ်အတွက်လည်း ဖက်ဒရယ်အစိုးရ ထောက်ပံံ့ငွေ ဒေါ်လာ သန်း ၄၀၀ ဖြတ်တောက်မည်ဟု ထရမ့်အစိုးရက ခြိမ်းခြောက်ခဲ့သည်။ ယင်းနောက် ကိုလံဘီယာတက္ကသိုလ် အာဏာပိုင်များက ထရမ့်အစိုးရ၏ တောင်းဆိုချက်အချို့ကို လိုက်လျောခဲ့သည်။

Source: BBC