ခွေးလေးနှင့်အတူ အိမ်ရှေ့တွင် ကျောင်းကား ထိုင်စောင့်နေတတ်သော မြန်မာကလေးတစ်ယောက်။
အဖြူ၊ အပြာကျောင်းဝတ်စုံလေးဖြင့် ကျောင်းကားလာလျှင် တက်တက်ကြွကြွပြေးသွားတတ်သော သူ့ကို ကျောင်းဖွင့်ရက်တိုင်း မြင်နေရသော်လည်း ယခုတော့ မတွေ့ရတော့။
လူလေး (အမည်လွှဲ)သည် ဖခင်ဖြစ်သူနှင့် အိမ်ခန်းရှေ့တွင် အိပ်ချင်မူးတူးဖြင့် ထိုင်စောင့်လေ့ရှိသော်လည်း ကျောင်းကားမြင်လိုက်သည်နှင့် တက်တက်ကြွကြွ ပြေးတက်လေ့ရှိသည်။
သူကျောင်းတက်ခွင့်ရသည်က သိပ်မကြာသေး လေးလခန့်သာရှိသေးပြီး ယခုတော့ ကျောင်းပိတ်သိမ်း ခံလိုက်ရသဖြင့် စာသင်ခွင့် ဆုံးရှုံးသွားခဲ့ပြန်သည်။
ထိုင်းတောင်ပိုင်းက မြန်မာစာသင်ကျောင်းများ ၂၀၂၄ နှစ်ကုန်ပိုင်းမှစကာ ဆက်တိုက်ပိတ်သိမ်းခံနေရပြီး လူလေးကျောင်းတက်နေသော မြန်မာကျောင်းလည်း ပိတ်သိမ်းခံရသည့်အထဲတွင် ပါဝင်သွားခြင်းဖြစ်သည်။
“သား ကျောင်းတက်လို့ရရင် တက်ချင်သေးတယ်။ သူငယ်ချင်းတွေနဲ့လည်း ဆော့ချင်သေးတယ်။ အခုတော့ အိမ်မှာ တစ်ယောက်တည်း စာအုပ်ကြည့်ပြီး ဖတ်သင်နေတယ်” ဟု လူလေးက ဆိုသည်။
မယ်ဟီဒေါတက္ကသိုလ်၏ သုတေသနအဖွဲ့က ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံအတွင်း မြန်မာအပါအဝင် ရွှေ့ပြောင်းကလေးငယ် ၄ သိန်းမှ ငါးသိန်းကြားအထိ ရှိကြောင်း ဖော်ပြထားသည်။
၎င်းတို့အနက် ၆၁ ရာခိုင်နှုန်းသော ကလေးငယ်များက ထိုင်းနိုင်ငံထဲ ပညာသင်ကြားခွင့် မရကြပေ။ ကလေးငယ် ၃၄ ရာခိုင်နှုန်းခန့်က ထိုင်းကျောင်းများတွင် တက်ရောက်နေကြပြီး ၅ ရာခိုင်နှုန်းခန့်က ရွှေ့ပြောင်းစာသင်ကျောင်းများတွင် သင်ကြားနေကြောင်း ဖော်ပြထားသည်။
ပညာသင်ခွင့် ဆုံးရှုံးနေကြသူများ
ထိုင်းနိုင်ငံတွင် ကလေးများအားလုံး နိုင်ငံသားမရွေး ပညာသင်ကြားခွင့်ရှိသည်ဟု ဥပဒေပြဌာန်းထားသော်လည်း လူလေးကဲ့သို့ မြန်မာရွှေ့ပြောင်း ကလေးငယ်များအတွက် ကျောင်းတံခါးများ ပိတ်နေဆဲဖြစ်သည်။
လူလေးနေထိုင်သော ထိုင်းတောင်ပိုင်း ကော့စမွေကျွန်းတွင် ပြီးခဲ့သော ၂၀၂၄ ခုနှစ် မေလက မြန်မာစာသင်ကျောင်းကို ဖွင့်နိုင်ခဲ့သည်။
ကျောင်းတွင် မြန်မာသင်ရိုးနှင့် ထိုင်းသင်ရိုးကို မြန်မာဆရာများက သင်ကြားပေးသဖြင့် လူလေးကဲ့သို့ မြန်မာကလေးများ၏ ပညာရေးအတွက် အထောက်အကူဖြစ်စေခဲ့သည်။
ကျောင်းဖွင့်ပြီး လေးလကျော်အကြာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ထဲရှိ ကော့စမွေကျောင်းအပါအဝင် မြန်မာစာသင်ကျောင်း ခြောက်ကျောင်းကို ထိုင်းအစိုးရက ပိတ်သိမ်းခဲ့သဖြင့် မြန်မာကလေးငယ် ၂၀၀၀ နီးပါး ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ကြသည်။
အကြောင်းမှာ ခွင့်ပြုချက်မယူဘဲ ကျောင်းဖွင့်ထားခြင်း၊ ဆရာများကလည်း တရားမဝင် နေထိုင်လုပ်ကိုင်နေခြင်း၊ ကျောင်းတွင် မြန်မာစာသင်ရိုးကို သင်ကြားနေခြင်းကြောင့်ဖြစ်ကြောင်း စူရတ်ဌာနီခရိုင် ပညာရေးမှူးက ပြောကြားသည်။
ယင်းဖြစ်စဉ်နောက်ပိုင်း ကော့စမွေနှင့် ကော့ဖငန်းကျွန်းများပေါ်က မြန်မာကျောင်း သုံးကျောင်းလည်း ရပ်နားလိုက်ရသဖြင့် ကျွန်းပေါ်က မြန်မာကလေးငယ် ၅၀၀ ကျော် ပညာသင်ကြားခွင့် ရုတ်တရက် ထပ်မံဆုံးရှုံးလိုက်ရသည်။
ကျောင်းပိတ်ကတည်းက လူလေးသည် ကျောင်းတက်ခွင့်မရသေးပဲ မြန်မာကျောင်း ပြန်ဖွင့်မည့်အချိန်ကို အမြဲစောင့်မျှော်နေကြောင်း လူလေး၏ ဖခင်ဖြစ်သူ ဦးလူဖေက ပြောသည်။
“သားက ငယ်သေးတယ်။ အခုမှ ၉ နှစ်လေ။ ပညာသင်ရမယ့်အရွယ်လည်းဖြစ်နေတော့ သူ့ခမျာ ကျောင်းဘယ်တော့ ဖွင့်မလဲပဲ မေးခိုင်းနေတာ။ ကျွန်တော်တို့က ဘာမှ မဖြေပေးနိုင်သေးဘူး” ဟု ဦးလူဖေက ဆိုသည်။
ဦးလူဖေတို့ မိသားစုသည် ထိုင်းတောင်ပိုင်း ကော့စမွေကျွန်းတွင် ဆောက်လုပ်ရေးလုပ်ကိုင်နေသူဖြစ်ပြီး သားသမီးသုံးယောက်ရှိသည့်အထဲ လူလေးက အကြီးဆုံးသားဖြစ်သည်။
ကော့စမွေကျွန်းတွင် မြန်မာကျောင်းများ ပိတ်လိုက်သဖြင့် လူလေးနှင့်အတူ ကျောင်းတက်နေသော ကလေး ၂၀၀ ကျော်စလုံး ရုတ်တရက် ကျောင်းရပ်လိုက်ရသည်။
ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာ သဘောတူညီချက် (CRC) အရ ကျောင်းမတက်ရသော မြန်မာကလေးငယ်များ၏ ပညာသင်ကြားရေး အခွင့်အလမ်းများနှင့် ပတ်သက်၍ ထိုင်းအစိုးရအနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်း ထိုင်းလူ့အခွင့်အရေးကော်မရှင် (NHRCT) က ထုတ်ပြန်ထားသည်။
နိုင်ငံအတွင်းရှိ မြန်မာစာသင်ကျောင်းများကို ပိတ်သိမ်းနေခြင်းက CRC သဘောတူညီချက်ကို ထိုင်းအစိုးရအနေဖြင့် ချိုးဖောက်နေခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ကျောင်းနားလိုက်ရသည်မှာ တစ်နှစ်နီးပါးရှိလာပြီဖြစ်သော လူလေးမှာ ကျောင်းတက်ခွင့် ရဖို့က လမ်းမမြင်သေး။
စာသင်ခွင့် ထွက်ပေါက်
ကလေးပညာရေးကို လက်လွှတ်မခံနိုင်သော မိဘအချို့က သားသမီးများကို ထိုင်းကျောင်းတွင် အပ်နှံရန် ကြိုးစားလာကြသည်။
သို့သော်ကျွန်းပေါ်က ထိုင်းအစိုးရစာသင်ကျောင်းများကလည်း မြန်မာကလေးငယ်များကို ကန့်သတ်ချက်များဖြင့်သာ လက်ခံသဖြင့် မြန်မာကလေးအများစု ကျောင်းဆက်မတက်နိုင်သေးဟု ကော့စမွေကျောင်းတွင် ဆရာလုပ်ဖူးသော မမြင့်အေး(အမည်လွှဲ)က ပြောသည်။
“ကလေး အများစုကတော့ ကျောင်းမတက်ဖြစ်ကြသေးဘူး။ ဒီအတိုင်း မြန်မာကျောင်းတွေ ပြန်ဖွင့်ဖို့ကို စောင့်နေကြတာပေါ့နော်။ အသက်နည်းနည်းကြီးတဲ့သူတွေကတော့ အလုပ်ထဲ ရောက်သွားတာပဲ” ဟု ၎င်းကဆိုသည်။
မမြင့်အေးသည် အာဏာမသိမ်းခင်က တက္ကသိုလ် ဆရာမတစ်ဦးဖြစ်ပြီး ကော့စမွေကျွန်းတွင် မြန်မာကျောင်းဖွင့်သည့်အချိန် ဆရာအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။
လူလေးကဲ့သို့ ပညာလိုအပ်နေသော မြန်မာကလေးများကို ဆရာများက အိမ်ခန်းများတွင် ကိုယ်ထူကိုယ်ထ စာသင်ဝိုင်းဖွဲ့၍ သင်ကြားပေးမှုများကိုလည်း ထိုင်းရဲက ဖမ်းဆီးနေသဖြင့် သင်မပေးရဲကြပေ။
အခြားနည်းလမ်းတစ်ခုမှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလ အခြေခံပညာရေး အစီအစဉ်ဖြင့် ဖွင့်လှစ်ထားသော အွန်လိုင်းကျောင်းများဖြစ်သည်။
NUG ပညာရေးဝန်းကြီးဌာန၏ ထုတ်ပြန်ထားသော ၂၀၂၄ ခုနှစ်စာရင်းအရ အခြေခံပညာရေးအတွက် အွန်လိုင်းကျောင်းပေါင်း ၇၄ ကျောင်းရှိပြီး ဆရာသုံးထောင်ကျော်က သင်ကြားပေးနေကာ တက်ရောက်သည့် ကျောင်းသား၊ကျောင်းသူ သုံးသောင်းကျော်အထိရှိကြောင်း တွေ့ရသည်။
သို့သော် ရွှေ့ပြောင်းကလေးငယ်များအတွက် အွန်လိုင်းကျောင်းများက လက်လှမ်းမမီကြပေ။
NUG ကဖွင့်လှစ်ထားသော အွန်လိုင်းစာသင်ကျောင်းများတွင် သားဖြစ်သူ လူလေးကို အပ်နှံပြီး ကျောင်းတက်စေလိုသော်လည်း မိဘများက အွန်လိုင်းကျောင်းများ၏ စနစ်များကို နားလည်မှု မရှိကြဟုဆိုသည်။
နည်းပညာအရ နားလည်မှု မရှိသည့်အပြင် ကလေးကို ဖုန်းနှင့်အတူ အချိန်ပြည့် ကျောင်းမတက်စေလိုကြောင်း ဖခင်ဖြစ်သူ ဦးလူဖေက ပြောသည်။
“ကလေးက အွန်လိုင်းကနေ ကိုယ်တိုင်တက်လို့ရသေးတဲ့ အရွယ်မဟုတ်သေးဘူး။ ကျောင်းမှာ အခြားကလေးတွေနဲ့ အတူတူ ဆော့မယ်။ စာသင်မယ်။ ဒီလိုမျိုးကို ကျွန်တော်တို့က လိုချင်တာ။ အခန်းထဲမှာ အချိန်ပြည့် ဖုန်းကြည့်စေချင်တာ မဟုတ်ဘူး” ဟု ဖခင်ဖြစ်သူ ဦးလူဖေက ဆိုသည်။
ယင်းအပြင် အွန်လိုင်းပညာရေးထားမည်ဆိုပါက ကလေးအတွက် တက်ဘလက်၊ကွန်ပြူတာ၊ အင်တာနက် စရိတ်တို့လိုမည်ဖြစ်ကြောင်း ပိုဆိုးသည်က သားဖြစ်သူအနီးတွင် အချိန်ပေးရန် မိဘတစ်ဦးက အမြဲရှိနေရမည်ဖြစ်၍ အလုပ်ထွက်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများမှာ ရပ်တည်ရေးအတွက် အိမ်ရှိလူကုန် အလုပ်လုပ်ကြရပြီး ကလေးငယ်များကို ကျောင်းပို့ထားလေ့ရှိရာ အွန်လိုင်းပညာရေးဆိုပါက ကလေးများကို စောင့်ကြည့်မည့်သူမရှိသဖြင့် အခက်အခဲရှိဟုဆိုကြသည်။
ကလေးအနည်းစုသာ အွန်လိုင်းကတစ်ဆင့် သင်ယူနေကြသော်လည်း အများစုက ပညာဆက် မသင်ယူနိုင်ကြပဲ အချိန်ကုန်နေကြကြောင်း မမြင့်အေးက ပြောသည်။
မိဘနှစ်ဦး အလုပ်သွားသောအချိန် လူလေးက ညီလေးဖြစ်သူနှစ်ဦးကို အခန်းတွင် ထိန်းပေးရင်း မြန်မာကျောင်းဖွင့်နိုင်မည့်အချိန်ကို စောင့်နေဆဲဖြစ်သည်။
စူရတ်ဌာနီမြို့ပေါ်က မြန်မာစာသင်ကျောင်းသုံးကျောင်းခန့်သည် ထိုင်းအစိုးရစာသင်ကျောင်းများနှင့် တွဲဖွင့်နိုင်ခဲ့သဖြင့် မြန်မာကလေးငယ်အချို့ ပညာသင်ကြားခွင့် ဆက်လက်ရရှိနေသည်။
သို့သော်လည်း ကော့စမွေနှင့် ကော့ဖငန်းကျွန်းများတွင် မြန်မာကျောင်းများ ဆက်မဖွင့်နိုင်သေးသဖြင့် လူလေးအပါအဝင် မြန်မာကလေးငယ် ၅၀၀ ကျော် ပညာသင်ယူနိုင်ရေး အခက်အခဲရှိနေဆဲပင်။
မွေးစာရင်း အဓိက
ထိုင်းကျောင်းများတွင် အပ်နှံရန် အခြားအခက်အခဲတစ်ခုမှာ ထိုင်းမွေးစာရင်းလိုအပ်ခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် မိဘများနှင့်အတူ လိုက်ပါလာသော ကလေးအများစုသည် ထိုင်းနိုင်ငံတွင် မွေးဖွားကြောင်း ထောက်ခံပေးသော ထိုင်းမွေးစာရင်းများမရှိကြပေ။
ထိုင်းအစိုးရဆေးရုံများတွင် မွေးဖွားသော မြန်မာကလေးငယ်အတွက် မွေးစာရင်းရရှိရန် မိဘနှစ်ဦးစလုံး၏ တရားဝင် စာရွက်စာတမ်းများအပြင် အလုပ်ရှင်၏ ထောက်ခံချက်များနှင့်အတူ သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် သွားရောက် လျှောက်ထားရယူရသည်။
လူလေးသည် ထိုင်းတွင် မွေးဖွားခဲ့သော်လည်း ယင်းအချိန် မိခင်ဖြစ်သူက တရားဝင် စာရွက်စာတမ်း မရှိသေးသဖြင့် ထိုင်းမွေးစာရင်း မရခဲ့ပေ။
လူလေးကဲ့သို့ ထိုင်းမွေးစာရင်းမရှိသော မြန်မာကလေးငယ်အများစုကို ကော့စမွေကျွန်းရှိ ထိုင်းအစိုးရစာသင်ကျောင်းများက ကျောင်းအပ်လက်မခံကြောင်း ဖခင်ဖြစ်သူ ဦးလူဖေက ပြောသည်။
“သူ့ကို မွေးတဲ့အချိန်တုန်းက မိန်းမမှာ ပန်းရောင်ဘတ်တွေလည်း မရှိသေးတော့ ကလေးမှာလည်း ကလေးမွေးစာရင်း ရှိမလာဘူး။ အဲဒါကြောင့် ကလေးကို အခုထိ ထိုင်းကျောင်းထဲ ထားလို့ မရဖြစ်နေတာ” ဟု ဦးလူဖေက ပြောသည်။
ထိုင်းမွေးစာရင်းသည် မြန်မာကလေးများအတွက် အရေးကြီးသော အထောက်အထားတစ်ခုဖြစ်ပြီး ကျောင်းတက်ရန်နှင့် ကလေးကျန်းမာရေးအာမခံကတ် (ဘတ် ၃၀ တန်) ပြုလုပ်ရန် အသုံးဝင်သော အထောက်အထားတစ်ခုဖြစ်သည်။
ကော့စမွေနှင့် ကော့ဖငန်းကျွန်းပေါ်က စာသင်ကျောင်းအများစုတွင် ကျောင်းအပ်လိုပါက ကလေးမိဘနှစ်ဦးစလုံးက တရားဝင် နေထိုင်သူများဖြစ်ရမည်ဖြစ်ပြီး ကလေးတွင် ထိုင်းမွေးစာရင်း ရှိရမည်ဖြစ်သည်။
ယင်းအပြင် ကျွန်းပေါ်တွင် ထိုင်းစာသင်ကျောင်း အရေအတွက်နည်းပါးပြီး သတ်မှတ်အရေအတွက်သာ ကျောင်းအပ်လက်ခံသဖြင့် အချက်အလက်စုံသော်လည်း ကျောင်းအပ်ခွင့်မရသူများ ရှိနေသည်။
“ကျောင်းအပ်လိုတဲ့သူက အရမ်းများတယ်ပြောတယ်။ စာသင်ကျောင်းတွေကလည်း အကုန်မခေါ်နိုင်ကြဘူးလေ။ ကျောင်းသားက သူတို့ (ထိုင်းကျောင်း) မှာလည်း နဂိုတည်းကရှိနေပြီးသားဆိုတော့ နည်းနည်းပဲ ပိုလက်ခံနိုင်တယ်လို့ ပြောတယ်။ အဲဒါတောင် ထိုင်းစကား နားမလည်တဲ့ကလေးဆို လက်မခံချင်ကြဘူး”ဟု ကော့စမွေကျွန်းရှိ ကိုဝမ်ချိုင်းက ဆိုသည်။
ကိုဝမ်ချိုင်းသည် ကော့စမွေကျွန်းတွင် နှစ်ရှည်နေထိုင်သူဖြစ်ပြီး သားသမီး ၃ ဦးစလုံးတွင် ထိုင်းမွေးစာရင်းရှိနေသဖြင့် ထိုင်းစာသင်ကျောင်းတွင် ကျောင်းအပ်ထားသည်။
ထိုင်းကျောင်းတွင် ကျောင်းအပ်ပါက ကလေးသည် ထိုင်းပညာရေးစနစ်အောက်တွင် သင်ကြားရပြီး ကလေးကျောင်းအပ်ခ၊ ကျောင်းဝတ်စုံနှင့် စာအုပ်ဖိုးအတွက် ကျောင်းသားတစ်ဦးလျှင် တစ်နှစ်စာ ဘတ် ၄၀၀၀ ခန့်သာ ကုန်ကျစရိတ်ရှိကြောင်း ကိုဝမ်ချိုင်းက ပြောသည်။
ကိုဝမ်ချိုင်းကလေးများ တက်နေသောကျောင်းတွင် ထိုင်းမွေးစာရင်းမရှိသော မြန်မာကလေးငယ်များကို လက်မခံပေ။
မြန်မာကျောင်းများပိတ်ထားခံရချိန် ထိုင်းကျောင်းလည်း အပ်၍ မရသဖြင့် ကျွန်းပေါ်ရှိ မိဘများက ကလေးပညာရေးအတွက် ရတက်မအေးဖြစ်နေကြကြောင်း ကော့ဖငန်းက မဇင်က ပြောသည်။
“စာသင်ချင်နေတဲ့ ကလေးတွေက ဘာမှကို လုပ်လို့မရကြဘူး။ ဒီအတိုင်း မြန်မာကျောင်းဖွင့်ဖို့ ထိုင်စောင့်နေကြတယ်။ ဖွင့်လို့မရတော့ရင် မြန်မာပြည် ပြန်ပို့ချင်ရင် ပြန်ပို့မယ်လို့ မိဘတွေကတော့ ပြောနေကြပြီ” ဟု မဇင်က ဆိုသည်။
ကျွန်းပေါ်က ကလေးမိဘအများစုက တိုက်ပွဲပြင်းထန်နေသော တနင်္သာရီတိုင်းဒေသခံ အများစု ဖြစ်သည်။
စစ်ဖြစ်နေသော ပုလောဒေသခံ လူလေး၏ ဖခင်ဦးလူဖေကဲ့သို့ မိဘအချို့ကမူ ကလေးကို အိမ်ပြန်ပို့ရန် မဖြစ်နိုင်သေးကြောင်း ပြောသည်။
ကလေးပညာရေး မရပ်စေလို
စူရတ်ဌာနီခရိုင်ရှိ ကျောင်းများ ပိတ်ခံရချိန် ရွှေ့ပြောင်းကလေးငယ်များအား ထိုင်းကျောင်းများတွင် အပ်နှံနိုင်သည်ဟု ထိုင်းအာဏာပိုင်များဘက်က ထုတ်ပြန်ထားကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။
မြေပြင်က ထိုင်းကျောင်းအများစုမူ ထိုင်းမွေးစာရင်းမရှိသော မြန်မာကလေးငယ်များကို ကျောင်းအပ်လက်ခံပေးမှု အရေအတွက် နည်းနေသေးကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် FED မှ အလုပ်သမားတာဝန်ခံ ကိုမင်းဦးက ထောက်ပြသည်။
“(ထိုင်း) ကျောင်းတိုင်း ကျောင်းတိုင်းတွေက ကလေးတွေကို တိုက်ရိုက် ချက်ချင်းလက်ခံဖို့ရယ် နောက်ပြီး ထိုင်းစကား ထိုင်းစာမရတဲ့ ကလေးတွေကိုကျတော့ ကျောင်းတွေဘက်က လက်ခံဖို့ အခက်အခဲဖြစ်တာပေါ့” ဟု ကိုမင်းဦးက ဆိုသည်။
မွေးစာရင်းမရှိသော မြန်မာကလေးများက အလုပ်ရှင် သို့မဟုတ် နေထိုင်ရာရပ်ကွက်လူကြီး၏ ထောက်ခံချက်ဖြင့်လည်း ထိုင်းကျောင်းများတွင် အပ်နှံနိုင်ကြောင်း ကိုမင်းဦးက ပြောသည်။
ကလေးကိုယ်တိုင်က ထိုင်းစကား အနည်းငယ် နားလည်ရမည်ဖြစ်ပြီး မိဘများကလည်း အလုပ်ရှင် သို့မဟုတ် ရပ်ကွက်လူကြီးကို နားလည်သဘောပေါက်သည်အထိ ပြောဆိုနိုင်ရမည်ဖြစ်သည်။
မိဘများတွင် တရားဝင် စာရွက်စာတမ်းပြည့်စုံပြီး အလုပ်ရှင်ကိုယ်တိုင်က အချိန်ပေး၍ ထိုင်းကျောင်းများတွင် အပ်နှံနိုင်ပါက ကလေးကျောင်းအပ်ခွင့် ရရှိနိုင်ကြောင်း ဆိုသည်။
သို့သော်လည်း မိဘများ၏ ဘာသာစကားအခက်အခဲနှင့် အလုပ်ရှင်၏ အလုပ်သမားအပေါ် ဂရုစိုက်ပြီး အချိန်ပေးမှုမရှိခြင်းက ကလေးကျောင်းအပ်ရေးတွင် အခက်အခဲဖြစ်စေနိုင်ကြောင်း ကိုမင်းဦးက ရှင်းပြသည်။
“မြန်မာမိဘတွေက ထိုင်းစကား သေချာမပြောတတ်တော့ အလုပ်ရှင်ကိုလည်း မရှင်းပြတတ်ဘူးလေ။ အလုပ်ရှင်ကလည်း လိုက်ပြီး မကူညီပေးတော့ ကျောင်းက တောင်းတဲ့အချက်တွေလည်း မရဘူး။ အဲတော့ ကလေးတွေက ကျောင်းမတက်ရတဲ့ သဘောတွေ ဖြစ်နေကြတာပေါ့” ဟု ကိုမင်းဦးက ဆိုသည်။
ထိုင်းက အလုပ်ရှင်အချို့က အလုပ်သမားများထံမှ ကာယလုပ်အားကိုသာ ရယူလိုပြီး အလုပ်သမား၏ ကလေးပညာရေးနှင့် အခြားအခွင့်အရေးများအတွက် လျစ်လျူနေဆဲဖြစ်သည်။
လူလေး၏ ဖခင်ဖြစ်သူ ဦးလူဖေက အလုပ်ရှင်ထံ ကလေးကျောင်းအပ်မရသည့် ကိစ္စကို ပြောပြသော်လည်း အလုပ်ရှင်က ဂရုမစိုက်ကြောင်း ဆိုသည်။
“သူဌေးတွေကလည်း ကလေးကို ကျောင်းအပ်လိုက်ပေးဖို့အထိ အာရုံမလာကြဘူး။ သူတို့လိုတာက ကျွန်တော်တို့ရဲ့ လုပ်အားကိုလေ။ ကျွန်တော်တို့ နေမကောင်းရင်တောင် စိတ်မဝင်စားတာ ကလေးကျောင်းအပ်ပေးဖို့ဆို ဝေလာဝေးပဲ။ လိုက်ပြီး ခေါင်းရှုပ်ခံတာ မဟုတ်ကြဘူး” ဟု ဦးလူဖေက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနကလည်း ထိုင်းရောက်မြန်မာကလေးငယ်များ ကြုံတွေ့နေရသည့် ပညာရေးရှေ့ဆက်ရန် ခက်ခဲမှုအခြေအနေများကို လေ့လာနေပြီး အကူအညီပေးနိုင်ရန် ထိုင်းအစိုးရနှင့်ညှိနှိုင်းနိုင်ရေး ကြိုးစားနေကြောင်း သိရသည်။
“ထိုင်းမှာအခြေစိုက်ထားတဲ့ ရွှေ့ပြောင်းကျောင်းတွေရှိတယ်။ ဆရာအဖွဲ့တွေရှိတယ်။ သူတို့နဲ့ အစည်းအဝေးတွေထိုင်ပြီး လုပ်နေတာရှိပါတယ်။ ဒီကိစ္စတွေ ဘယ်လိုဖြေရှင်းကြမလဲပေါ့။ တစ်က ဘယ်နားမှာကျောင်းရှိတယ်။ ကျောင်းသားဘယ်လောက်ရှိတယ်။ အခြေအနေဘာလဲ။ အဲ့ဒေတာတွေကို စုနေတယ်။ ထိုင်းအာဏာပိုင်တွေနဲ့ပြောမယ် ဥပမာ ထိုင်းတောင်ပိုင်းက ဘယ်မြို့ဘယ်နေရာတွေမှာ ကျွန်တော်တို့ကျောင်းသားတွေ ဘာဖြစ်နေတယ်ပေါ့။ သင်ကြားခွင့်မရတာ သင်ကြားတဲ့အချိန် လွတ်လွတ်လပ်လပ် သင်ကြားလို့မရတာ အဲ့ဒါမျိုးတွေကို ညှိနှိုင်းဖို့ရှိတယ်” ဟု NUG ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက Dawei Watch ကိုပြောဆိုသည်။
လတ်တလောတွင် အချက်အလက်များရရှိရန် လုပ်ဆောင်နေပြီး ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းပညာရေး လုပ်ဆောင်နေသောအဖွဲ့များက ကောက်ယူထားသည့် စာရင်းများလည်းရှိကြောင်း၊ ယင်းအချက်အလက်များပေါ် မူတည်ပြီး ထိုင်းအစိုးရတာဝန်ရှိသူများကို ညှိနှိုင်းနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း နိုင်ငံတကာ တက္ကသိုလ်များတွင် NUG ပညာရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသော အောင်လက်မှတ်များဖြင့် ကျောင်းတက်နိုင်ရန် ညှိနှိုင်းပေးထားကြောင်း ၎င်းကဆိုသည်။
ယင်းကြောင့် NUG ၏ ကြားကာလ ပညာရေးအစီအစဉ်ဖြင့် ဖွင့်ထားသော အွန်လိုင်းပညာရေးကိုလည်း တက်နိုင်ရန် ကြိုးစားကြစေချင်ကြောင်း ၎င်းကဆိုသည်။
အခြေခံပညာသင်ကြားခွင့် ဆုံးရှုံးနေသော ကလေးငယ်များသည် အနာဂတ်တွင် ဝင်ငွေပိုနည်းလာပြီး အလုပ်အကိုင်အတည်တကျဖြစ်မှု နည်းပါးနိုင်ကြောင်း ကလေးပညာရေးနှင့်ဆိုင်သော သုတေသနစာတမ်းများ ဆောင်ရွက်နေသူ တီချယ်မွန် (အမည်လွှဲ) က ပြောသည်။
တီချယ်မွန်သည် ပညာရေးတက္ကသိုယ်က CDM ကထိက ဆရာမတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ကျောင်းထွက်ထားရသော ကလေးများအတွက် ပညာရေးအခွင့်အလမ်းများကို ဖန်တီးပေးနေသူတစ်ဦးလည်း ဖြစ်သည်။
အလယ်တန်းမပြီးသေးသော ကလေး ၁၇၁ သန်းက အလွန်အမင်းဆင်းရဲမွဲတေနေကြပြီး အများစုက စာရေး၊ စာဖတ်၊ အတွက်အချက်ကို မသိသဖြင့် ဆင်းရဲမှု သံသရာလည်နေကြသည်ဟု UNESCO (၂၀၂၁) က ထုတ်ပြန်ကြောင်း တီချယ်မွန်က ထောက်ပြသည်။
အကယ်၍ ကလေးအားလုံး အခြေခံပညာပြီးမြောက်ပါက ကမ္ဘာ့ဆင်းရဲမွဲတေမှုနှုန်း တစ်ဝက်ကျော်အထိ သက်သာလာနိုင်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
World Vision (၂၀၂၀) ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ကလေးလုပ်သားပေါင်းသန်း ၁၆၀ အထိရှိလာခြင်းသည် ကျောင်းမတက်ရခြင်း၏ အဓိကဆိုးကျိုးတစ်ခုဖြစ်ကြောင်း တီချယ်မွန်က ပြောသည်။
အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများမှာ ကလေးများ ပညာရေးရှေ့ဆက်နိုင်ရန် အခက်အခဲများကြားက ကြိုးစားနေကြပြီး မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များမှာမူ ပညာရေးရှေ့ဆက်နိုင်ရန် ပိုမိုအခက်အခဲကြုံနေရကြောင်း တွေ့ရသည်။
လူလေး ပညာတတ်ကြီး ဖြစ်စေလိုသည်မှာ ၎င်း၏ ဆန္ဒလည်းဖြစ်သဖြင့် ကလေးကျောင်းတက်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးလူဖေက ပြောသည်။ ယင်းအပြင် ပညာတတ်ဖြစ်ပြီး ဆင်းရဲတွင်းမှ လွတ်မြောက်စေလိုကြောင်း ယခုလိုဆိုသည်။
“သူများနိုင်ငံမှာ ကျွန်ခံပြီး ပန်းရံလို အလုပ်ကြမ်း မလုပ်စေချင်တာတော့ အမှန်ပဲ။ ကလေးတစ်ယောက်ကို ပညာသင်ခိုင်းပြီး သူတို့ဘဝ ကောင်းစားတာပဲ မြင်ချင်တာ မိဘတိုင်းရဲ့ စေတနာပဲလေ။ တစ်ချိန်ကျ ပညာနဲ့ သူ့ဒူးသူချွန်နိုင်တဲ့ သူမျိုး ဖြစ်စေချင်တာပေါ့”