ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဧပြီ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ
ကနေဒါလေဆိပ်မှာ ဒေါ်လာ ၁၅ သန်းခန့်တန်ဖိုးရှိ ရွှေဖောက်ထွင်းမှုတစ်ခု ဖြစ်ပွား

ကနေဒါနိုင်ငံသမိုင်းမှာ ကြီးမားသော ဒေါ်လာ ၁၅ သန်းခန့် တန်ဖိုးရှိ ရွှေဖောက်ထွင်းမှုတစ်ခု တိုရွန်တိုပီယာဆင်နိုင်ငံတကာလေဆိပ် (Toronto Pearson International Airport) မှာ ဖြစ်ပွားခဲ့ပါတယ်။
ဧပြီလ ၁၇ ရက်နေ့က အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် တန်ကြေးရှိတဲ့ ရွှေနဲ့ အဖိုးတန်ပစ္စည်းတွေ ခိုးယူခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်တာပါ။
ထိုလေဆိပ်က အွန်တာရီယိုပြည်နယ်မှာ တူးဖော်ရရှိတဲ့ ရွှေတွေကို ပို့ဆောင်ဖို့ အသုံးပြုနေကျ နေရာဖြစ်ပါတယ်။
အဲဒီနေ့ ညနေက လေယာဉ်ပေါ် တင်ဆောင်မယ့် အဖိုးတန် container တစ်လုံး လေဆိပ်ကို ရောက်လာခဲ့ပြီး လေဆိပ်ကုန်လှောင်ရုံကို ပို့ဆောင်ခဲ့ပါတယ်။
လေဆိပ်ကုန်လှောင်ရုံမှာ ဖောက်ထွင်းမှုဖြစ်ခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ယုံကြည်နေကြတာပါ။
အလေးချိန် ဘယ်လောက်ရှိတယ်။ ဘယ်လေကြောင်းကနေ တင်ဆောင်လာခဲ့တယ်။ ဘယ်နေရာက တင်ဆောင်လာခဲ့သလဲဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
Ref: BBC
………………………………..
ကေပေါ့အဆိုတော် မွန်ဘင်း ရုတ်တရက် ကွယ်လွန်

တောင်ကိုရီးယားနိုင်ငံ ကေပေါ့ အမျိုးသားဂီတ အဖွဲ့တဖွဲ့ဖြစ်တဲ့ Astro (အက်စ်ထရို) အဖွဲ့ထဲက မွန်ဘင်းဟာ အသက် ၂၅ နှစ်နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
မွန်ဘင်းက ဧပြီလ ၁၉ ရက်နေ့က သူနေထိုင်ရာအိမ်မှာ ရုတ်တရက်သေဆုံးခဲ့တဲ့အကြောင်း သူ့အဖွဲ့ကို ကိုယ်စားပြုတဲ့ Fantagio က ကြေညာသွားခဲ့ပါတယ်။
ကိုယ့်ကိုကိုယ် အဆုံးစီရင်တယ်လို့ ယူဆရကြောင်း ရဲကပြောကြားထားပေမဲ့ ဆရာဝန်စစ်ဆေးမှုနဲ့ အတည်ပြုချက်တော့ မထွက်သေးပါဘူး။
မွန်ဘင်းဟာ ငယ်ငယ်ကတည်းက သရုပ်ဆောင်ဖြစ်ခဲ့တာပါ။
အာရှနဲ့ နိုင်ငံတကာမှာပါ လူကြိုက်များခဲ့တဲ့ Boys Over Flowers ရုပ်သံဇာတ်လမ်းတွဲထဲက F4 မင်းသားတဦးရဲ့ ငယ်ဘဝကို သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူက၂၀၁၆ ခုနှစ်ကစလို့ အက်စ်ထရိုအဖွဲ့နဲ့ ဂီတလောကထဲ ဝင်လာတာပါ။
မွန်ဘင်းရုတ်တရက် ဆုံးပါးသွားရတဲ့အတွက် ကမ္ဘာတဝန်းက ပရိသတ်တွေ အထူးဝမ်းနည်းကြောင်း ပြောကြားခဲ့ကြပြီး တွစ်တာပေါ်မှာ သူနဲ့ပတ်သက်လို့ရေးသားမှုပေါင်း ၂ သန်းခွဲကျော်အထိ ရှိခဲ့ပါတယ်။
Ref: CNN
………………………………..
ဘင်္ဂလားဒေ့ရှ်မှာ အပူလှိုင်းသင့်နေချိန် လျှပ်စစ်မီး မလုံလောက်မှုနဲ့ကြုံ

အပူလှိုင်းဒဏ်ခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လျှပ်စစ်မီးအသုံးပြုမှု မြင့်တက်နေလို့ မလုံမလောက်ဖြစ်နေတယ်လို့ အာဏာပိုင်တွေက ဆိုထားပါတယ်။
နိုင်ငံထဲရှိ လူပေါင်း သန်းနဲ့ချီ လျှပ်စစ်မီးပြတ်တောက်နေခဲ့တာပါ။
ပူပြင်းချိန်မှာ လယ်သမားတွေ လယ်ယာစိုက်ပျိုးရေးအတွက် ရေပိုသုံးတာ၊ ရာမဒန်ဥပုသ်လအကုန်အတွက် စီးပွားရေးလုပ်ငန်းတွေက ပွဲတော်ပြင်ဆင်မှုတွေလုပ်နေတာကြောင့် မလုံမလောက်ဖြစ်နေတာလို့ ဆိုပါတယ်။
ဒီအတွက် လျှပ်စစ်မီး မလောက်မငဖြစ်ပြီး မီးတွေ ဖြတ်တောက်ထားရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုထားပါတယ်။
တနေကုန်အစာမစားဘဲ ဥပုသ်စောင့်ထားပြီး ညဖက် မီးပျက်လို့ အိပ်မရတာ သိပ်ခက်ခဲနေတယ်လို့ ဒါကာ (Dhaka) မြို့နေ တစ်ဦးက ဆိုခဲ့ပါတယ်။
ညဘက် မီးမလာတာ ပိုများလာနေတယ်လို့လည်း အစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မီးအပြတ်ဆုံး နေရာတွေကတော့ စစ်တကောင်း ဆိပ်ကမ်းမြို့နဲ့ အထည်ချုပ်၊ ဆေးဝါးနဲ့ ချည်မျှင် စက်ရုံတွေ အဓိက အခြေစိုက်ရာ Mymensingh မြို့တွေဖြစ်ပါတယ်။
Ref: REUTERS
………………………………..
နေကြတ်မှုဖြစ်စဉ် သြစတြေးလျနဲ့ အင်ဒိုနီးရှားမှာ တွေ့ရ

သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်းမှာ ကြုံတောင့်ကြုံခဲ ရှားရှားပါးပါး နေကြတ်တာကို လူတွေ သောင်းနဲ့ချီ စုဝေးပြီးတော့ ကြည့်ရှုခဲ့ကြပါတယ်။
အခုလို နေကြတ်တာကို အင်ဒိုနီးရှားနိုင်ငံက တစ်ချို့ပြည်နယ်တွေနဲ့ အရှေ့တီမောနိုင်ငံတွေကလည်း တွေ့နိုင်ခဲ့ပါတယ်။
နေကြတ်တာကြောင့် အဲဒီနေရာတွေ တစ်မိနစ်ခန့် လုံး၀ မှောင်ကျသွားခဲ့တာပါ။
နေကြတ်တဲ့အချိန်စုစုပေါင်းက ၃ နာရီခန့်ရှိပြီး နေရာအများစုကတော့ ပင်လယ်ထဲမှာ ဖြစ်ခဲ့ပါတယ်။
ကောင်းကင်မှာ နေ၊ လနဲ့ ကမ္ဘာ တတန်းတည်းကျသွားတဲ့အချိန် အခုလို နေကြတ်တာ ဖြစ်ပေါ်လေ့ရှိပြီး လုံးဝနေကြတ်တာ နဲ့ တစိတ်တပိုင်း နေကြတ်တာတွေကို ကမ္ဘာကနေ တွေ့ရတတ်ပါတယ်။
နေကြတ်တာကို ဆယ်စုနှစ်တခုမှာ တစ်ခါသာတွေ့ရတတ်ပြီး နောက်တကြိမ်ကတော့ ၂၀၃၁ ခုနှစ်မှာ တွေ့ရမှာ ဖြစ်ပါတယ်။
Ref: Aljazeera
………………………………..
စင်္ကာပူ ခရီးသည်တင် လျှပ်စစ်သင်္ဘောကို စတင်မိတ်ဆက်

ကမ္ဘာ့ရေနံကုမ္ပဏီကြီးဖြစ်တဲ့ (SheL.L) ရှဲလ်ရေနံကုမ္ပဏီက ကမ္ဘာမှာ သူ့ရဲ့ ပထမဆုံး လျှပ်စစ်သင်္ဘောကို စတင်မိတ်ဆက်လိုက်ပါတယ်။
စင်္ကာပူရေပြင်မှာ လျှပ်စစ်၊ သဘာဝလောင်စာ စတဲ့ရေယာဉ်တွေပဲ အသုံးပြုရမယ် ဆိုတဲ့ စင်္ကာပူအစိုးရရဲ့ စည်းကမ်းနဲ့အညီ ထုတ်လုပ်လိုက်တာပါ။
ကနဦးအနေနဲ့ လျှပ်စစ်သင်္ဘော အသစ် ၃ စီး အရင် ထုတ်လိုက်တာဖြစ်ပါတယ်။
လျှပ်စစ်သင်္ဘောထုတ်လိုက်ခြင်းဟာ တစ်နှစ်ကို ဒီဇယ် တန် ၂၀၀၀ နီးပါး သက်သာစေသလို ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ထုတ်လုပ်မှုကိုလည်း တန် ၆၀၀၀ ကျော် လျှော့ချနိုင်မှာဖြစ်ပါတယ်။
Ref: REUTERS
………………………………..
ဆူဒန်မှာ အပစ်ခတ်ရပ်စဲရေးကြေညာပြီး တိုက်ပွဲဆက်ဖြစ်

ဆူဒန်နိုင်ငံမှာ ၂၄ နာရီကြာ အပစ်ခတ်ရပ်စဲရေး ကို လျစ်လျူရှုပြီး နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ခါတွန်မြို့တော်က လမ်းတွေပေါ်မှာ တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်ကစလို့ ၅ ရက်အတွင်း သေဆုံးသူ ၃၀၀ ကျော်နေခဲ့ပါပြီ။
သေနတ်သံတွေနဲ့ ပေါက်ကွဲသံကြီးတွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာတော့ လမ်းတွေပေါ်မှာတော့ လူသူအသွားအလာကင်းမဲ့ခဲ့ကာ ဒဏ်ရာရရှိသူတွေကို လူသားချင်းစာနာမှုပေးဖို့ WHO ကတိုက်တွန်းထားပါတယ်။
တိုက်ပွဲစဖြစ်ပြီး ၄ ရက်ကြာ လက်နက်ကိုင် ပဋိပက္ခတွေကို အဆုံးသတ်ဖို့အတွက် ကုလသမဂ္ဂ နဲ့ အာဖရိကန် ခေါင်းဆောင်တွေရဲ့ ဖိအားနဲ့ အပစ်ခတ် ရပ်စဲဖို့ ညှိနှိုင်းပေးခဲ့ပါသေးတယ်။
၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်လက်နက်ကိုင် ခေါင်းဆောင်တွေက သဘောတူကြောင်း ကြေညာခဲ့ပေမယ့်လည်း တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေခဲ့တာပါ။
ဆူဒန်နိုင်ငံမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် Abdel Fattah al – Burhan ကို သစ္စာခံတဲ့ စစ်တပ်နဲ့ ဗိုလ်ချုပ် Mohamed Hamdan Dagalo ဦးဆောင်တဲ့ အင်အားကြီး ပြည်သူစစ်တပ်ဖွဲ့ RSF တပ်ဖွဲ့တွေအကြား တိုက်ခိုက်နေကြတာဖြစ်ပါတယ်။
အင်အားကြီး ပြည်သူစစ်တပ်ဖွဲ့ RSF အဖွဲ့ကနေ ဧပြီလ ၂၁ ရက်နေ့ကစလို့ ၇၂ နာရီ အပစ်ရပ်ဖို့ ထပ်မံကြေညာထားပါတယ်။ စစ်တပ်ဖက်ကတော့ အကြောင်းမပြန်သေးပါဘူး။
Ref: BBC
………………………………..
တရုတ်နိုင်ငံ ဆေးရုံမီးလောင်မှုကြောင့် အနည်းဆုံး ၂၉ ဦးသေဆုံး

တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာ ဧပြီလ ၁၈ ရက်နေ့က ပုဂ္ဂလိကဆေးရုံ Changfeng မှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။
မီးလောင်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၂၉ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၃၉ ဦးရှိခဲ့ကာ ဒီထဲမှာ ၃ ဦးက အခြေအနေစိုးရိမ်ရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ ဆေးရုံတင်ထားတဲ့ လူနာတွေအပြင် သူနာပြု၊ ကျန်းမာရေးဝန်ထမ်းနဲ့ လူနာစောင့်မိသားစုဝင်တွေလည်း ပါဝင်နေတာပါ။
အထဲမှာ ပိတ်မိခဲ့တဲ့သူတွေကတော့ အိပ်ယာခင်းတွေကို ချည်၊ ကြိုးအနေနဲ့သုံးပြီး ပြတင်းပေါက်ကနေတဆင့် ထွက်ပြေးခဲ့ကြရပါတယ်။
မီးလောင်မှုနဲ့ပတ်သက်လို့ ဆေးရုံညွှန်ကြားရေးမှူး နဲ့ လူနာဆောင်ကို ပြုပြင်နေကြတဲ့ ဆောက်လုပ်ရေးဝန်ထမ်းတွေအပါအဝင် လူပေါင်း ၁၂ ဦးကို ဖမ်းဆီးခဲ့တာပါ။
ဂဟေဆော်ရာက ထွက်လာတဲ့ မီးပွားတွေက မီးလောင်လွယ်တဲ့ သုတ်ဆေးကို ကူးစက်လောင်ကျွမ်းတာ ဖြစ်တယ်လို့ ကနဦး ယူဆထားကြပါတယ်။
Ref: The Washington Post
………………………………..
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဆီးရီးယားသွားရောက်

ဆယ်စုနှစ်တခုကျော်အတွင်း ဆော်ဒီအာရေဗျနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ် ဘင် ဖာရန် ဟာ ဧပြီလ ၁၈ ရက်နေ့က ဆီးရီးယားနိုင်ငံမြို့တော် Damascus ကို သွားရောက်ခဲ့ပါတယ်။
ခရီးစဉ်အတွင်း ဆီးရီးယားသမ္မတ ဘာရှာအာဆတ်နဲ့ တွေ့ဆုံခဲ့တာပါ။
ဒါဟာ ဆယ်စုနှစ်ထဲ ဆော်ဒီအစိုးရအရာရှိတဦး ဆီးရီးယားနိုင်ငံကို ပထမဆုံးသွားတဲ့ တရားဝင်ခရီးစဉ် ဖြစ်လာခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ် စတင်ပြီးကတည်းက ဆော်ဒီနိုင်ငံဟာ ဆီးရီးယားနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ထားတာပါ။
ဆီးရီးယားလူထုအုံကြွမှုမှာ ရက်ရက်စက်စက် ဖြိုခွင်းခဲ့တဲ့ ဆီးရီးယားရဲ့ အာဆတ်အစိုးရကို အာရပ်နိုင်ငံတွေက အဲဒီကတည်းက အဆက်အဆံမလုပ်ဘဲ ဖယ်ကျဉ်ထားခဲ့တာဖြစ်ပါတယ်။
ယခုတွေ့ဆုံစဉ်မှာ နှစ်နိုင်ငံ ကောင်စစ်ဝန်ရုံးတွေ ပြန်လည်ဖွင့်လှစ်ဖို့နဲ့ ဆီးရီးယား ပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းဖို့ လိုအပ်တဲ့နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
Ref: REUTERS
………………………………..
U 20 ကမ္ဘာ့ဖလားဘောလုံးပွဲ အာဂျင်တီးနားအိမ်ရှင်အဖြစ် ကျင်းပခွင့်ရ

U 20 ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် အာဂျင်တီးနားနိုင်ငံမှာ ကျင်းပမယ့်အကြောင်း FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က ဧပြီလ ၁၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပဖို့ မူလက စီစဉ်ခဲ့တဲ့ အချိန်တုန်းက အစ္စရေးနိုင်ငံအသင်းကို ပါဝင်ကစားခွင့်မပေးနိုင်ဘူးလို့ ပြောကြားခဲ့လိုက်တာပါ။
ဒီလိုငြင်းဆိုခဲ့တာကြောင့် အင်ဒိုနီးရှားနိင်ငံမှာ မကျင်းပတော့ဖို့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို FIFA က မတ်လ ၂၉ ရက်နေ့မှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
နောက်တော့ အာဂျင်တီးနားနိုင်ငံက သူ့နိုင်ငံမှာ U 20 ကမ္ဘာ့ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ပေးဖို့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ကို တင်ပြတောင်းခံခဲ့တာဖြစ်ပါတယ်။
ဘောလုံးပြိုင်ပွဲတွေကို လာမယ့် မေလ ၂၀ ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။
Ref: BBC
………………………………..
ပေ ၃၀ အမြင့်က ပြုတ်ကျခဲ့တဲ့ တရုတ်ကျွမ်းဘားမယ် သေဆုံး

လင်းမယားနှစ်ဦး ကျွမ်းဘားဖျော်ဖြေပွဲတစ်ခုမှာ ပေ ၃၀ အမြင့်ကနေ ပြုတ်ကျခဲ့လို့ တရုတ်ကျွမ်းဘားမယ်တစ်ဦး သေဆုံးခဲ့ပါတယ်။
ကျွမ်းဘားကစားပြတဲ့ လင်မယားနှစ်ဦးက ကျန်းမိုမိုနဲ့ ဆန်းမိုမိုလို့ အမည်ရပြီး နှစ်ယောက်လုံး အသက် ၃၇ နှစ်အရွယ် ရှိနေပါပြီ။
ခင်ပွန်းဖြစ်သူ ကျန်းမိုမိုရဲ့ လက်တစ်ဖက်စီမှာ ကြိုးတစ်စစီ ချည်ထားပြီး ကရိန်းက ဆွဲတင်လိုက်ချိန်မှာ ဆန်းမိုမိုက ကျန်းမိုမိုနဲ့ ခြေချင်းယှက်လိမ်ကာ သူ့ခေါင်းကို ကိုင်ထားခဲ့တာပါ။
ဆန်းမိုမိုက လက်လွတ်ထွက်သွားပြီး ပေ ၃၀ အမြင့်ကနေ စင်ပေါ်ကို ပြုတ်ကျခဲ့တာပါ။
ကျန်းမိုမိုက ခြေထောက်နဲ့ ချိတ်ပြီး လှမ်းဖမ်းဖို့ ကြိုးစားခဲ့ပေမဲ့ မမီခဲ့ပါဘူး။
ဆန်းမိုမိုကို ဆေးရုံ အရေးပေါ်တင်ပို့ခဲ့ပေမဲ့ ဆေးရုံအရောက်မှာ ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ ဧပြီလ ၁၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
Ref: CNN
………………………………..