BREAKING
September 21, 2024

အဖမ်းခံရသည့် ဒက္ခိဏသတင်းဌာန သတင်းထောက်နှင့် အဆက်အသွယ်မရသေး ဟုဆို

April 22, 2021

ထားဝယ်အခြေစိုက် ဒက္ခိဏ(Dakkhina Insight) သတင်းဌာနမှ သတင်းထောက်တစ်ဦး ဧပြီလ ၂၁ ရက် နံနက်ပိုင်းက အဖမ်းခံရပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း ယင်းသတင်းဌာန တာဝန်ခံအယ်ဒီတာက ပြောကြားသည်။

အဆိုပါသတင်းဌာနမှ သတင်းထောက်ဖြစ်သူ ကိုနိုင်လင်းထွန်းမှာ ဘုမ္မော်ရပ်ကွက်တွင် ဆန္ဒပြပွဲသတင်းရယူနေစဉ် ရဲနှင့်စစ်တပ်က ဖမ်းဆီးသွားကြောင်း တာဝန်ခံ အယ်ဒီတာ ဦးရဲထွဋ်ဝင်းက ဆိုသည်။

ယင်းဆန္ဒပြပွဲကို ရဲနှင့် စစ်တပ်က သေနတ်ပစ်ခတ်ဖမ်းဆီးစဉ် ကိုနိုင်လင်းထွန်း၏ ဦးခေါင်းတွင် ကျည်ဆန်ရှပ်ထိမှန်သည့် ဒဏ်ရာရရှိခဲ့သည်ဟု သိရကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ကိုနိုင်လင်းထွန်းနှင့် အဆက်အသွယ်မရသေးဘဲ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရသေးကြောင်း ဦးရဲထွဋ်ဝင်းက ဆိုသည်။

“လက်ရှိနောက်ဆုံးအခြေအနေကလည်း ရှေ့နေနဲ့ ကြိုးစားနေတာရှိတယ်၊ အခုချိန်ထိတော့ သူ့အခြေအနေကို မသိရသေးဘူး”ဟု ၎င်းက ပြောသည်။

လူမှုကွန်ရက်ပေါ်တွင် မျှဝေနေသည့် အချက်အလက်များအရ ကိုနိုင်လင်းထွန်းတွင် လက်တော့ကွန်ပြူတာတစ်လုံး၊ ဖုန်း သုံးလုံးနှင့် အလံတစ်ခုဖမ်းမိသည်ဆိုသည့် ဓာတ်ပုံများ ပျံ့နှံနေသည်။

ထို့အပြင် ကိုနိုင်လင်းထွန်းအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်ဆိုသည့် အကြောင်းအရာများလည်း မျှဝေလျက်ရှိသည်။

ထိုအချက်နှင့် ပတ်သက်၍ တာဝန်ရှိသူများဘက်မှ ထုတ်ပြန်ခြင်း တစ်စုံတစ်ရာမတွေ့ရသည့်အတွက် သီးခြားအတည် မပြုနိုင်သေးပေ။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်လည်း DVB သတင်းထောက်ကိုအောင်ကျော် နှင့် အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်တို့ကို ဖမ်းဆီးထားပြီး တရားစွဲဆိုထားသည်။