မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
မတ်လ ၁၆ ရက်မှ ၂၂ ရက်အထိ
VOA နဲ့ RFA သတင်းဌာနတွေ ပိတ်သိမ်းရနိုင်ခြေရှိနေ

မြန်မာပြည်သူတွေ နှစ်ပေါင်းဆယ်နဲ့ချီပြီး သတင်းတွေနားဆင်ခဲ့ရတဲ့ အမေရိကန်အသံ VOA နဲ့ လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနတွေ ပိတ်သိမ်းရနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လုပ်ငန်းလျှော့ချရေးအမိန့်အသစ်ဟာ VOA နဲ့ RFA သတင်းဌာနတွေကို တိုက်ရိုက် သက်ရောက်စေခဲ့တာပါ။ VOA နဲ့ RFA အပါအဝင် ကမ္ဘာတစ်ဝန်းမှာ ဘာသာစကားပေါင်း ၆၀ကျော်နဲ့ ရုပ်သံထုတ်လွှင့်နေတဲ့ သတင်းလုပ်ငန်းခြောက်ခုကို ငွေကြေးထောက်ပံ့ ကြီးကြပ်ရတဲ့ အမေရိကန်ပြည်ထောင်စု ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) ကို လုပ်ငန်းအဆုံးစွန်ထိ လျှော့ချခဲ့တာပါ။
အဲဒါကြောင့် ငွေကြေးထောက်ပံ့မှုတွေ ရပ်ဆိုင်းပြီး VOA နဲ့ RFA သတင်းဌာနတွေ ပိတ်သိမ်းရနိုင်ခြေနဲ့ ကြုံနေရပါတယ်။ VOA မြန်မာပိုင်းရဲ့ သတင်းထုတ်လွှင့်မှုတွေကို မတ်လ ၁၆ ရက် ညနေပိုင်းကနေ စတင်ရပ်ဆိုင်းသွားတာ တွေ့ရပါတယ်။
RFA ကတော့ လုပ်ငန်းရပ်တန့်သွားနိုင်တယ်လို့ မတ်လ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ RFA မြန်မာပိုင်းက မတ်လ ၂၁ ရက်မှာ ထပ်မံအသိပေးရာမှာတော့ ငွေကြေးအခက်အခဲကြောင့် အဓိက ထုတ်လွှင့်မှု လုပ်ငန်းအစီအစဉ် အတော်များများကို စတင် ရပ်နားထားရတယ်လို့ ဆိုပါတယ်။ အချိန်တိုအတွင်း အင်နဲ့ အားနဲ့ သတင်းတွေ ပြန်လည်တင်ဆက်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ပြောဆိုထားပါတယ်။
အမေရိကန်ရဲ့ အကူအညီတွေ ရပ်ဆိုင်းတာကြောင့် မြန်မာသတင်းမီဒီယာဌာနတွေ လုပ်ငန်းရပ်ဆိုင်းတာ၊ လူအင်အား လျှော့ချတာ၊ ထုတ်လွှင့်တင်ဆက်တဲ့ ကဏ္ဍတွေကို ရပ်ဆိုင်းတာ စတဲ့ အခက်အခဲများစွာနဲ့ ကြုံနေရပါတယ်။
……………………………………..
နောင်ချိုမှာ ဘုန်းကြီးကျောင်းဗုံးကြဲခံရပြီး ရဟန်း၊ ကိုရင်အပါ ကိုးဦးသေဆုံး

ရှမ်းမြောက်မှာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရဟန်းနဲ့ ကိုရင် ခြောက်ပါးပျံလွန်ပြီး အရပ်သား သုံးဦးသေဆုံးတယ်လို့ တအာင်းတပ်က ထုတ်ပြန်ထားပါတယ်။
စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို မတ်လ ၁၆ ရက်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ ရဟန်း ၁၄ပါးနဲ့ အရပ်သားလေးဦးဒဏ်ရာရပြီး ဘုန်းကြီးကျောင်း ဆောင်တွေနဲ့ အိမ်တွေ ထိခိုက်ပျက်စီးတယ်လို့ ဖော်ပြပါတယ်။ အခုလို တိုက်ခိုက်မှုတွေဟာ မေလမှာ တွေ့ဆုံမယ့် ဆွေးနွေးပွဲ အပေါ် ဖိအားပေးနေတာလို့ တအာင်းတပ် ပြောခွင့်ရသူက RFA မြန်မာပိုင်းသတင်းတစ်ရပ်မှာ ပြောဆိုထားပါတယ်။
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှရွာ မတ်လ ၁၇ရက်မှာ ထပ်မံဗုံးကြဲခံရပြီး အရပ်သားသုံးဦး သေဆုံးခဲ့ပါတယ်။ လက်ပံလှရွာဟာ မတ်လ ၁၄ရက်ကလည်း လေယာဉ်နဲ့ ဗုံးကြဲခံရလို့ အရပ်သား ၂၇ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင်မတ်လ ၄ရက်ကလည်း နှစ်ဦးသေဆုံးခဲ့သေးတာကြောင့် အခုမတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံလှရွာမှာ သေဆုံးသူ ၃၂ ဦးအထိ ရှိလာပါတယ်။
ဒါ့အပြင် အခုသီတင်းပတ်အတွင်း စစ်ကိုင်းတိုင်းထဲက ရှေးဟောင်း မင်းကွန်းဒေသ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ သလို ဝက်လက်၊ မြောင်မြို့နယ်တွေမှာလည်းတိုက်ခိုက်ခံရလို့ အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။ မကွေး၊ ပဲခူး၊ ကရင်နီ (ကယား) ၊ ကရင်၊ မွန်၊ ကချင်၊ တနင်္သာရီ၊ ရခိုင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း လေကြောင်းကနေ တိုက်ခိုက်ခံနေရပါတယ်။
KNU ဌာနချုပ် စစ်ရုံးနယ်မြေ ထဲကိုလည်း မတ်လ ၁၈ရက်က ကာမီကာဇေလို့ခေါ်တဲ့ အဆုံးခံပြီးတိုက်ခိုက်တဲ့ ဒရုန်းနဲ့ စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့ပြီး KNLA စစ်ဦးစီးချုပ် စောဂျော်နီနေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
……………………………………..
ရိုဟင်ဂျာအရေး AA နဲ့ ဆွေးနွေးဖို့လိုတယ်လို့ ကုလအတွင်းရေးမှူးချုပ်ပြော

ရိုဟင်ဂျာအရေး အကျပ်အတည်းနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် AA နဲ့ ထိတွေ့ပြောဆိုဆွေးနွေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူချုပ် အန်တိုနီယို ဂူတားရက်စ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်အပြီး မတ်လ ၁၅ ရက်က သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ အခုလို ပြောဆိုခဲ့တာပါ။ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို အပြည့်အဝ လေးစားဖို့ဆိုရင် AA နဲ့ ထိတွေ့ဆက်ဆံဖို့ အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။
ရိုဟင်ဂျာတွေ အများစုရှိတဲ့ မောင်တောဒေသကို AA က သိမ်းယူထိန်းချုပ်ထားပါတယ်။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ရင် AA နဲ့ ဆွေးနွေးဖို့ ကုလအတွင်းရေးမှူးချုပ်က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။ AA ဘက်ကတော့ တစ်စုံတစ်ရာ ပြန်လည်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။
……………………………………..
စစ်မှုထမ်းခေါ်ရာမှာ ငွေကြေးမသမာမှုတွေရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင်ဝန်ခံ

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တချို့ စစ်မှုထမ်းခေါ်ရာမှာ ငွေကြေးမသမာမှုတွေလုပ်နေတယ်လို့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။
ကလောတပ်နယ်က စစ်ကောင်စီတပ်မိသားစုတွေနဲ့ မတ်လ ၂၀ ရက်က တွေ့ဆုံချိန်မှာ အခုလို ပြောဆိုတာပါ။ ငွေကြေး မသမာမှုတွေလုပ်ပြီး စုဆောင်းခံရတဲ့ စစ်မှုထမ်းတချို့ အခက်အခဲအကျပ်အတည်းတွေဖြစ်ပေါ်တာကြောင့် နိစ္စဒူဝ ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။
စစ်မှုမထမ်းလိုတဲ့အတွက် ငွေကြေးပေးရတာ၊ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ ငွေကြေးယူပြီး လူစားထိုးတာ၊ စစ်မှုထမ်း အတွက် လစဉ်ကြေးတွေပေးရတာ၊ လူငယ်တွေကို ဖမ်းဆီးငွေညှစ်တာတွေဖြစ်ပွားနေတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြချက်တွေအရသိရပါတယ်။ လက်ရှိမှာ စစ်မှုထမ်းအပတ်စဉ် ၁၁ ကို စတင်နေပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
……………………………………..
ကမ္ဘာမှာ ဒုတိယအပူဆုံးမြို့ဖြစ်တဲ့ ချောက်မြို့

မကွေးတိုင်း၊ ချောက်မြို့ဟာ ကမ္ဘာမှာ ဒုတိယအပူဆုံးမြို့ဖြစ်တယ်လို့ မတ်လ ၁၆ရက်က ရာသီဥတုအခြေအနေကို အယ်ဒိုရာဒို ရာသီဥတု ဝက်ဘ်ဆိုက်က ထုတ်ပြန်ရာမှာ ဖော်ပြပါတယ်။
ချောက်မြို့ရဲ့ အပူချိန်ဟာ ၄၄ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိခဲ့တယ်လို့ ဖော်ပြပြီး မကွေးမြို့ဟာလည်း ကမ္ဘာ့အပူဆုံး မြို့တွေထဲမှာ ပါဝင်ခဲ့ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ မိုးဇလက ထုတ်ပြန်တဲ့ မတ်လ ၁၆ရက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားတဲ့ နေ့အပူချိန်စာရင်းမှာလည်း ချောက်မြို့ဟာ ၄၄ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်ရှိပြီး မကွေးမြို့ ၄၃ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ရှိနေခဲ့ပါတယ်။
……………………………………..
အာဆာခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

အာဆာလို့ခေါ်တဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ရဲ့ ခေါင်းဆောင် အာတာအူလ္လာ အပါအဝင် ၁၀ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာအနီးမှာ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့က မတ်လ ၁၇ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
သူတို့ဟာ ဘင်္ဂလားဒေ့ရှ်ကို တရားမဝင် ဝင်ရောက်လာပြီး အကြမ်းဖက်မှုတွေ လုပ်ဆောင်တာကြောင့် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးသုံးဦးနဲ့ ကလေးတစ်ဦး ပါဝင်ပါတယ်။
အာဆာအဖွဲ့ဟာ ၂၀၁၇ခုနှစ်က မောင်တောဒေသမှာ နယ်ခြားစောင့်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကို မြန်မာစစ်တပ်က တန်ပြန်နှိမ်နင်းရာကနေ ရိုဟင်ဂျာခုနစ်သိန်းခွဲကျော် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာစခန်းတွေမှာ အာဆာအဖွဲ့တွေ ရာဇဝတ်မှုများစွာ ကျူးလွန်ထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်တဲ့ Fortify Rights က မတ်လ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
……………………………………..