မုဒိမ်းမှုကျူးလွန်ကြောင်း တရားရုံးကဆုံးဖြတ်ပြီး ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည့် UFC ဖိုက်တာဟောင်းတစ်ဦးဖြစ်သူ ကော်နာမက်ဂရေဂေါ်က သောကြာနေ့တွင် စတင်အယူခံဝင်လိုက်သည်။
ကော်နာမက်ဂရေဂေါ်က ယခုနှစ် အိုင်ယာလန်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဟု အသိပေးပြောဆိုလိုက်ပြီးနောက် ၎င်း၏ရှေ့နေများက ယင်းသို့ အယူခံဝင်လိုက်ခြင်း ဖြစ်သည်။
ကော်နာမက်ဂရေဂေါ်က ၂၀၁၈ ခုနှစ်တွင် နှိပ်စက်မုဒိမ်းကျင့်ခဲ့ကြောင်း Nikita Hand အမည်ရှိ အမျိုးသမီးတစ်ဦးက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
တရားရုံးက အဆိုပါ အမျိုးသမီးကို အနိုင်ပေးလိုက်ပြီး ကော်နာမက်ဂရေဂေါ်ဘက်က လျော်ကြေးငွေ ၂၄၈,၆၀၃ ယူရို ပေးရန် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အမိန့်ချခဲ့သည်။
ကော်နာမက်ဂရေဂေါ်တွင် သက်သေအထောက်အထားအသစ်များ ရှိနေပြီဟုဆိုကာ ၎င်း၏ ရှေ့နေများက သောကြာနေ့တွင် စတင်အယူခံဝင် လျှောက်ထားခဲ့သည်။
အဆိုပါ အယူခံဝင်မှုကို တရားရုံးက မေလ ၂ ရက်နေ့တွင် စတင်ကြားနာစစ်ဆေးသွားမည် ဖြစ်သည်။
UFC ပြိုင်ပွဲဝင် MMA ဖိုက်တာဟောင်းတစ်ဦးဖြစ်သည့် ကော်နာမက်ဂရေဂွန်သည် ယခုနှစ် အိုင်ယာလန်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည်ဟု ကြာသပတေးနေ့က အသိပေးပြောဆိုခဲ့သည်။
အိုင်ယာလန်သမ္မတရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၁၅ ရက်နေ့ထက် နောက်မကျဘဲ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
အိုင်ယာလန်သမ္မတရာထူးသည် အုပ်ချုပ်ရေးအာဏာ တကယ်မရှိဘဲ နိုင်ငံ့ဥသျှောင် အဆောင်အယောင် ရာထူးမျှသာ ဖြစ်သည်။
ယခုအပတ် တနင်္လာနေ့တွင် ကော်နာမက်ဂရေဂေါ်သည် အမေရိကန်သမ္မတအိမ်ဖြူတော်သို့ သွားရောက်လေ့လာခဲ့သည်။ ယင်းသို့ သွားရောက်လည်ပတ်စဉ်တွင် ၎င်းသည် “Make Ireland Great Again” စာသားပါ ဦးထုပ်ကို ဆောင်းထားခဲ့သည်။
တနင်္လာနေ့က အိမ်ဖြူတော်တွင် ကော်နာမက်ဂရေဂေါ်သည် အိုင်ယာလန်နိုင်ငံ၏ တရားမဝင် ရွေ့ပြောင်းနေထိုင်မှုပြဿနာကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည်။
Source: AFP/fs