တနင်္သာရီမြို့နယ်၊ ချောင်းလမုရွာတွင် နေအိမ်ပြန်သွားပြီး ရိက္ခာသွားယူစဉ် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်၍ စစ်ဘေးရှောင်နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။
စစ်ရှောင်နေရာက မတ်လ ၂၁ ရက် ညနေ၃နာရီခန့်တွင် ရွာရှိနေအိမ်၌ စားနပ်ရိက္ခာပြန်သွားယူစဉ် သိန်ခွန်းရွာဘက်ရှိ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
“သူတို့က ဆိုင်ကယ်နှစ်စီးနဲ့ ရိက္ခာယူပြီး အိမ်ထဲမှ ပြန်အထွက် လက်နက်ကြီးလာကျရာက ထိသွားပြီး ရိက္ခာတွေလည်း မြေပြင်ပြန့်ကြဲနေ၊ အိုးခွက်တွေလည်း တစ်စစီပြဲ။ ဆိုင်ကယ်လည်း မီးလောင်သွားတယ်” ဟု အသက် ၃၂နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် အသက်၃၀ အရွယ် အမျိုးသားတစ်ဦးနှင့်အသက်၂၂ နှစ် အမျိုးသမီး တစ်ဦး နေရာတွင်ပင် သေဆုံးပြီး အသက်၂၂နှစ်နှင့်အသက်၂၆နှစ် အမျိုးသားနှစ်ဦး ဒဏ်ရာအပြင်းထန်ရကြောင်း ဒေသခံအမျိုးသား အခြားတစ်ဦးက ပြောဆိုသည်။
“သေသွားတဲ့ ကောင်ငယ် (အမျိုးသား) ဆို နဖူးတည့်တည့်ထိတာ။ ကောင်မလေးကတော့ ဗိုက်တစ်ခြမ်း မရှိတော့ဘူး။ မြင်ရက်စရာတောင်မရှိဘူး ဖြစ်သွားတာက။ ကျန်သူတွေလည်း အသက်သာရှင်ကျန်ခဲ့တာ၊ ဒဏ်ရာက တော်တော်ပြင်းတယ်” ဟု အထက်ပါ အမျိုးသားက ပြောဆိုသည်။
စစ်ကောင်စီတပ်က ၁၂၀ မမ အမျိုးအစား လက်နက်ကြီးကျည်ဖြင့် သုံးချက်ပစ်ခတ်လိုက်ရာ ရွာအတွင်းကို ကျည် နှစ်လုံး ကျရောက်ပေါက်ကွဲပြီး ကျည်တစ်လုံးက ရွာအပြင်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြေပြင်ရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
မတ်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင်လည်း ချောင်းလမုရွာကို စစ်ကောင်စီက လေကြောင်းဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်သဖြင့် ရွာလုံးကျွတ်ပြောင်းရွှေ့ထွက်ပြေးခဲ့ရသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် တနင်္သာရီ-မောတောင်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က သိန်ခွန်းရွာဝန်းကျင်ကို စစ်ကြောင်းထိုးနေသည်မှာ ၃ လဝန်းကျင်ရှိလာပြီဖြစ်ပြီး တိုက်ပွဲများ တောက်လျှောက် ပြင်းထန်နေသည်။
စစ်ကောင်စီတပ်က သိန်ခွန်းရွာအနီးဝန်းကျင်ရှိ လူနေကျေးရွာများအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။