BREAKING
March 30, 2025

ကျိုက်ထိုတွင် ဘုန်းကြီးကျောင်း လက်နက်ကြီးထိပြီး ရဟန်းတစ်ပါးပျံလွန်ပြီး နှစ်ပါးဒဏ်ရာရ

March 22, 2025

ပုံစာ - မတ်လ ၂၁ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့် ခရွဲရွာ ဘုန်းကြီးကျောင်း။ ဓာတ်ပုံ – ဒေသခံတစ်ဦး။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ရဟန်းတစ်ပါးပျံလွန်တော်မူပြီး နှစ်ပါးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာတွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ခရွဲကျေးရွာဘက်ကို လက်နက်ကြီးဖြင့် မတ် ၂၁ ရက် နံနက် ၉ နာရီခန့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

လက်နက်ကြီးကျည်များအနက် တစ်လုံးသည် ခရွဲကျေးရွာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ဆွမ်းဘုန်းရန် ပြင်ဆင်နေသည့် သက်တော် ၅၀ အရွယ်ရှိ ရဟန်းတစ်ပါး ပျံလွန်တော်မူပြီး သက်တော် ၄၀ အရွယ် ရဟန်းနှစ်ပါး ထိမှန်ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။

“လက်နက်ကြီးက ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်အပေါ်တည့်တည့်မှာ ကျသွားတယ်။ အချိန်ကလည်း ဆွမ်းပြင်ဆင်နေတဲ့ အချိန်ဆိုတော့ သံဃာတော်တွေကို ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရသည့် ရဟန်းနှစ်ပါးကို သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၁၃ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ မုက္ခမော့ကျေးရွာအနီးတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

သထုံခရိုင်၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ယခုနှစ်ဆန်းပိုင်းကစပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် လေယာဉ်ဖြင့်လည်း ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု အများအပြား ရှိခဲ့သည့်အပြင် ထောင်နှင့်ချီသည့် ဒေသခံပြည်သူများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းတို့က ပြောဆိုသည်။

စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စေတီပုထိုးများနှင့် ပြည်သူပိုင် နေအိမ်များကို ပစ်မှတ်ထားကာ လက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း လုပ်ဆောင်နေကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။