BREAKING
March 22, 2025

ထားဝယ်မြို့တွင် တရုတ်ဘိုးဘိုး လှည့်လည်ပွဲကျင်းပမည်

March 22, 2025

ထားဝယ်မြို့ ၊ ဇရစ်ရပ်ကွက် ၊ ကျန့်တိတ်(ခ)ကျမ်းတိတ် ဗုဒ္ဓဘာသာတရုတ်ဘုရားကျောင်းတွင် တည်ရှိသည့် တွာပေ့ကုန်း(ခ)ထွာပေကုန်း တရုတ်ဘိုးဘိုး လှည့်လည်ပွဲကို မတ်လ ၂၃ ရက် နံနက်ပိုင်းတွင် ကျင်းပမည်ဟု ဘုရားကျောင်း ဂေါပက အဖွဲ့ထံမှသိရသည် ။

ဘုရားကျောင်းပြုပြုင်ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် မုခ်ဦးဖွင့်လှစ်ပွဲနှင့်အတူ လှည့်လည်ပူဇော်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည် ။

တွာပေ့ကုန်းဘိုးဘိုး ကို မတ်လ ၂၃ ရက် နံနက် ၈ နာရီတွင် ဘုရားကျောင်းမှ ပင့်ဆောင်ပြီး ညောင်ပင်ကြီးလမ်းဆုံ ၊ တောင်ခွလမ်းဆုံ ၊ ဘုရားရှစ်မြှောင့်လမ်းဆုံ ၊ ဗိုလ်ချုပ်လမ်းဆုံ စသည့် လမ်းကြောင်း အတိုင်း လှည့်လည်ပြီး ဘုရားကျောင်းသို့ ပြန်ပင့်ဆောင်မည်ဖြစ်သည်ဟု ၎င်းကပြောဆိုသည် ။

လှည့်လည်အပူဇော်ခံရာတွင် သစ်သီး ၊ ပန်း ၊ မုန့် ၊ ရွှေစက္ကူ ၊ အမွှေးတိုင်များ ၊ ဖယောင်းတိုင် များ ဖြင့် လှူဒါန်းပူဇော်နိုင်ကြောင်း ဂေါပကအဖွဲ့က နှိုးဆော်ထားသည် ။

“မြို့သူ/သားများ ၊ (ဘုရားကျောင်း) အသင်းသူ/သားများ ဘေးအန္တရာယ်ကင်းရှင်းပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစေရန်အလိုငှါ ကျမ်းတိတ်ဗုဒ္ဓဘာသာဘုရားကျောင်းမှ ယခုပွဲတော်ကို ကျင်းပခြင်းဖြစ်ပါတယ်” ဟု ဂေါပကအဖွဲ့ဝင်က ပြောပြသည် ။

ထားဝယ်မြို့ရှိ ကျန့်တိတ် တရုတ်ဘုရားရှိခိုးကျောင်းသည် ခရစ်နှစ် ၁၈၃၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ် ၂၀၀ ဝန်းကျင် သက်တမ်းရှိ ရှေးဟောင်း ဘုရားကျောင်းတစ်ခုဖြစ်သည် ။