BREAKING
March 24, 2025

လောင်းလုံးပန်းတင်အင်းရွာတွင် မီးလောင်၊ မီးဘေးသင့်သူ ၁၀၀ နီးပါးအကူအညီလို

March 22, 2025

လောင်းလုံးမြို့ နယ် ပန်းတင်အင်းရွာတွင် ယနေ့မီးလောင်နေပြီး မီးဘေးသင့်ပြည်သူ တစ်ရာနီးပါး အရေးပေါ် အကူညီလိုအပ်လျက်ရှိကြောင်း ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရသည်။

ယနေ့ နံနက် ၁၀ နာရီ ခွဲခန့်တွင် ပန်းတင်အင်းကျေးရွာ၊ ၁၂ ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်မှစပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“အိမ်တွေက ဓနိမိုး၊ ထရံကာအိမ်တွေများတယ် နောက်ပြီး အိမ်တစ်ဆောင်နဲ့ တစ်ဆောင်ကလည်း ကပ်နေတော့ အားလုံးကူးသွားတာပေါ့”ဟု ယင်းဒေသခံကပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ပန်းတင်အင်း ၁၂ ရပ်ကွက်ရှိ လူနေအိမ် နှစ်ဆယ်နီးပါး မီးလောင်ပျက်စီးသွားပြီး မီးဘေးသင့် လူဦးရေ ၁၀၀ နီးပါးခန့်အရေးပေါ် အကူအညီလိုအပ်နေကြောင်း ဒေသခံများကပြောသည်။

“မီးလောင်တဲ့ ရပ်ကွက်မှာက ကျပန်းလုပ်သား အများဆုံးနေတယ်။ ကလေလေးတွေလည်း တော်တော်ပေါတယ်။ လက်ရှိ အကူအညီလိုနေနေပါတယ်”ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

မီးလောင်မှုကို ဒေသခံများနှင့် ဒေသလူမှုကူညီရေးအသင်းအချို့ ပူးပေါင်းပါဝင်ငြှိမ်းသတ်လျက်ရှိပြီး ယနေ့မွန်းတည့် ၁ နာရီအချိန်အထိ ငြှိမ်းသတ်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ပန်းတင်အင်းကျေးရွာသည် မောင်မကန်ကမ်းခြေရှိသည့် မောင်းမကန်ကျေးရွာနှင့် တစ်ဆက်တည်းတွင်ရှိပြီး ဒေသခံအများစုမှာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသည်။