ဘန်ကောက်မြို့လယ်မှာ ငါးညှီနံ့တွေ တထောင်းထောင်းထပြီး နံဟောင်သွားပါတယ်။ အခုအပတ် အင်္ဂါနေ့က ထိုင်းအစိုးရအိမ်တော်ရှေ့မှာလုပ်တဲ့ ဆန္ဒပြပွဲမှာ တီလားပီးယားလို့ အများသိကြတဲ့ ပါးမည်းတီလားပီးယားငါး အကောင်ပေါင်းများစွာကို ကားလမ်းမပေါ် သွန်ချလိုက်လို့ပါပဲ။
အဲဒီနေ့မှာ ပြည်နယ်ပေါင်း ၁၉ ခုက ငါးမွေးမြူရေးသမားအယောက် ၂၀၀ ဝန်းကျင်ဟာ အစိုးရအိမ်တော်ရှေ့ကို ရောက်လာပြီး ပါးမည်းတီလားပီးယားငါး အကောင်ရေ ၂ တန်ကို ကားလမ်းပေါ် သွန်ချပြီး ဆန္ဒပြခဲ့ကြပါတယ်။ ၁၃ နှစ်ကြာ ရင်ဆိုင်လာခဲ့ရတဲ့ ပြဿနာတစ်ခုကို ထိုင်းအစိုးရက မဖြေရှင်းပေးနိုင်တဲ့အပေါ် ထိုင်းတံငါသည်တွေ ပေါက်ကွဲသွားတဲ့ မြင်ကွင်းတစ်ခုပါပဲ။
အန္တရာယ်အကြီးဆုံး ကျူးကျော်မျိုးစိတ်
၂၀၂၄ ခုနှစ်ရဲ့ မနက်ခင်းနေရောင်အောက်မှာ ထိုင်းနိုင်ငံ ၊ ပက်ချဘူရီပြည်နယ်က ကျေးရွာတစ်ရွာမှာ မစ္စတာဂျစ်တဂွန်ဘူဝါးဒီးဟာ သူ့ရဲ့ ငါးမွေးမြူရေးကန်ဘေးမှာ အလုပ်ရှုပ်နေခဲ့ပါတယ်။ တချိန်တုန်းကတော့ သူဟာ အောင်မြင်တဲ့ ငါးပုစွန်မွေးမြူရေး တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ငါးကန်တွေထဲမှာ ပုစွန်အကောင်ရေနည်းသထက် နည်းလာတဲ့အတွက် သူ့ရဲ့ ပုစွန်လုပ်ငန်းကို ရပ်နားထားလိုက်ရပါတယ်။ သူ့ရွာမှာ ရှိတဲ့ အခြားငါးမွေးမြူရေးကန် တော်တော်များများကိုလည်း ပိုင်ရှင်တွေက စွန့်ပစ်သွားခဲ့ပါပြီ။
မစ္စတာဂျစ်တဂွန်ဘူးဝါးဒီးက အခုလို ပြောပါတယ်။
“တစ်နိုင်တစ်ပိုင် ငါးမွေးမြူရေးသမားတွေနဲ့ မိရိုးဖလာ တံငါသည်တော်တော်များများဟာ ပြင်းထန်တဲ့ ဆုံးရှုံးမှုတွေ ရင်ဆိုင်ခံစားနေရတယ်။ စီးပွားပျက်တော့မလို ဖြစ်နေကြတယ်။ ပါးမည်းတီလားပီးယားငါးတွေ ကျူးကျော်လာမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့်ပါပဲ”

အာဖရိတိုက်ကနေ ရောက်လာခဲ့ပြီး အန္တရာယ်မရှိဘူးလို့ ထင်ခဲ့ရတဲ့ ကျူးကျော်ငါးမျိုးစိတ် သေးသေးလေးတွေက မစ္စတာဂျစ်တဂွန်ဘူဝါးဒီးတို့လို လူပေါင်းများစွာရဲ့ စီးပွားရေးကို ဖျက်ဆီးလိုက်တာပါပဲ။ ဒီငါးမျိုးစိတ်ကို လက်ရှိထိုင်းနိုင်ငံရဲ့ အန္တရာယ်အများဆုံး ကျူးကျော်မျိုးစိတ်အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီငါးက ဘာငါးအမျိုးအစားပါလိမ့်။
အင်္ဂါနေ့က ဘန်ကောက်မြို့လယ်ခေါင်မှာ ဘွားခနဲ လောင်းချလိုက်တဲ့ ပါးမည်းတီလားပီးယားငါးတွေပဲ ဖြစ်ပါတယ်။
အဲဒီနေ့က ထိုင်းအစိုးရအိမ်တော်ရှေ့မှာ ဆန္ဒပြသူတွေ လုပ်ခဲ့တဲ့ ထူးဆန်းတဲ့ အရာတစ်ခု ရှိပါသေးတယ်။ ငရုတ်သီးနဲ့ ဆားကို မီးရှို့ပြီး ဒီငါးတွေကို ထိုင်းနိုင်ငံထဲ တင်သွင်းလာသူတွေအပေါ် ကျိန်စာတိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ကျူးကျော်မှု စတင်ခြင်း
၂၀၀၀ ခုနှစ်မှာ အာဖရိကတိုက်အနောက်ပိုင်း ၊ ဂါနာနိုင်ငံက ပါးမည်းတီလားပီးယားငါး အကောင်ရေ ၂၀၀၀ ဟာ ထိုင်းနိုင်ငံ နယ်နိမိတ်ထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ထိပ်သီးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Charoen Pokphand Food (CPF) ကုမ္ပဏီက ထိုင်းအစိုးရခွင့်ပြုချက်နဲ့ သူတို့ကို တင်သွင်းလာခဲ့ပြီး စမွတ်ဆွန်ခရမ်ပြည်နယ်မှာ သုတေသနလုပ်ခဲ့ပါတယ်။
တင်သွင်းလာခဲ့တဲ့ ပါးမည်းတီလာပီးယားငါးတွေ မကြာခင်မှာပဲ သေဆုံးသွားတဲ့အတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျ ဖယ်ရှားစွန့်ပစ်ခဲ့တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
ဒါပေမဲ့ နောက် ၂ နှစ်အကြာ ၂၀၁၂ ခုနှစ်မှာပဲ စမွတ်ဆွန်ခရမ်ပြည်နယ်က ဒေသခံတွေဟာ ရေထဲမှာ ထူးဆန်းတဲ့ ငါးတစ်မျိုးကို စတင်သတိထားမိလာခဲ့ပါတယ်။ ဒေသခံရွာသားတွေဟာ ဒီငါးဘာအမျိုးအစားလဲဆိုတာကို စစချင်းမှာ မသိခဲ့ကြပါဘူး။ တချိန်တည်းမှာပဲ သူတို့ ဖမ်းမိတဲ့ ပုစွန်အကောင်ရေ နည်းသထက် နည်းလာတာကိုလည်း ရွာသားတွေ သတိထားမိလာပါတယ်။ သူတို့ ပိုက်ကွန်တွေထဲမှာ မရည်ရွယ်ဘဲနဲ့ ခဏခဏ ဖမ်းမိလာတဲ့ ဒီငါးအမျိုးအစားဟာ ပါးမည်းတီလားပီးယားငါးတွေဖြစ်မှန်း နောက်ပိုင်းမှာ ရွာသားတွေ သိလာခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ပါးမည်းတီလားပီးယားငါးတွေဟာ ထိုင်းနိုင်ငံရဲ့ မြစ်ချောင်းအင်းအိုင်တွေနဲ့ ပင်လယ်မြစ်ဝ ရေချိုရေငန်စပ်ဒေသတွေမှာ ကြောက်စရာကောင်းတဲ့ အမြန်နှုန်းနဲ့ ကျူးကျော်နယ်ချဲ့လာပါတော့တယ်။ အဲဒီဒေသတွေက ဌာနရေသတ္တဝါမျိုးစိတ်တွေနဲ့ ဂေဟစနစ်တွေဟာ ပါးမည်းတီလားပီးယားငါးတွေရဲ့ ဝါးမြိုဖျက်ဆီးမှုကို ခံလာရပါတော့တယ်။
ထိုင်းဂေဟစနစ်ရဲ့ ရန်သူ
၂၀၁၆ ခုနှစ်ရောက်တဲ့အချိန်မှာတော့ ပါးမည်းတီလာပီးယားငါးတွေဟာ ထိုင်းနိုင်ငံရဲ့ ပြည်နယ်တော်တော်များများမှာ ပျံ့နှံ့သွားခဲ့ပါပြီ။
ဒီငါးတွေရဲ့ ဂေဟစနစ်အပေါ် တိုက်စားဝါးမြိုတတ်တဲ့ သဘာဝအကြောင်းကို ထိုင်းလူမျိုးပညာရှင် တစ်ယောက်က အခုလို သတိပေးပါတယ်။
“ပါးမည်းတီလာပီးယားငါးတွေဟာ ရေချိုမှာလည်း ရှင်သန်နိုင်တယ်။ ရေချိုရေငန်စပ်မှာလည်း ရှင်သန်နိုင်တယ်။ ဆားဓာတ်မြင့်တဲ့ ရေထဲမှာလည်း မြန်မြန်ဆန်ဆန် နေသားကျနိုင်တယ်။ ညစ်ညမ်းတဲ့ ရေထုထဲမှာ အခြားရေနေသတ္တဝါမျိုးစိတ်တွေထက် ပိုပြီး ရှင်သန်နိုင်ကြတယ်။ တစ်နှစ်ပတ်လုံး လျှင်လျှင်မြန်မြန် မျိုးပွားနိုင်ကြတယ်။ အစားအစာမျိုးစုံကို အငမ်းမရ စားသောက်ပစ်ကြတယ်”
ပါးမည်းတီလားပီးယားငါးတွေဟာ မျိုးပွားနှုန်း အင်မတန် မြန်ဆန်ပါတယ်။ ၂၂ ရက်မှာ တခါသားပေါက်ပြီး တစ်နှစ်ပတ်လုံး မျိုးပွားကြတယ်။ တစ်ခါသားပေါက်ရင် အကောင်ရေ ၅၀၀ လောက် သားပေါက်ပါတယ်။ သူတို့ ရောက်တဲ့ နေရာတိုင်းမှာ အချိန်တိုအတွင်း အကောင်ရေအများဆုံးငါးအုပ်စုကြီး ဖြစ်လာလေ့ရှိပါတယ်။
အငမ်းမရ အစားကျူးတဲ့ သဘာဝရှိတဲ့ ပါးမည်းတီလားပီးယားငါးတွေဟာ ဒေသခံမျိုးရင်းရေနေသတ္တဝါ အကောင်ငယ်လေးတွေကို ဂျီနိုဆိုက်ဆန်ဆန် ဝါးမြိုစားသောက်ပစ်ပါတယ်။
ဒီလိုနည်းနဲ့ သူတို့ဟာ ဒေသတွင်း ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေပြီး ရေနေဇီဝမျိုးစိတ်စုံလင်မှုကိုလည်း လျော့ကျစေပါတယ်။ ပါးမည်းတီလားပီးယားငါးတွေ ပျံ့နှံ့နေတဲ့ နေရာတွေမှာ ဒေသတွင်းမျိုးရင်း ငါး ၊ ပုစွန် ၊ ရေနေသတ္တဝါ အကောင်ရေ လျော့ကျလာပါတယ်။
တံငါသည်တွေအဖို့ ဖမ်းမိတဲ့ ငါးပုစွန်အကောင်ရေ နည်းသထက် နည်းလာပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ ပါးမည်းတီလားပီးယားငါးတွေဟာ သူတို့ရဲ့ မြန်ဆန်တဲ့ အကောင်ပေါက်နှုန်းကြောင့် ထိုင်းဈေးကွက်ထဲမှာ ဖောဖောသီသီ ပေါများလာနေခဲ့ပါတယ်။

ဒီငါးတွေက စျေးသက်သက်သာသာနဲ့ စျေးထဲမှာ အလွယ်တကူဝယ်နိုင်သလို၊ လမ်းဘေးငါးဆားနယ်ကင် ရောင်းတဲ့ဆိုင်တွေမှာလည်း တွေ့နိုင်ပါတယ်။ စားသောက်ဆိုင်တွေမှာလည်း ငါးဟင်းအမယ်တွေထဲမှာ တီယားပီးယားငါးဟင်းတွေ ရပါတယ်။ ဒါပေမဲ့ ဒီငါးတွေရဲ့ မြန်ဆန်တဲ့သားပေါက်နှုန်းနဲ့ အစားကျူးတာတွေက အခုထိုင်းမှာ ပြဿနာတစ်ခုဖြစ်လာနေပါပြီ။
ကမ္ဘာပေါ်မှာ ရေထွက်ထုတ်ကုန်အများဆုံး တင်ပို့တဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ငါးမွေးမြူရေးလုပ်ငန်းဟာ အင်မတန်အရေးပါတဲ့ တိုင်းပြည်ဝင်ငွေရလမ်းတစ်ခု ဖြစ်ပါတယ်။
ထိုင်းငါးမွေးမြူရေးကဏ္ဍရဲ့ အရေးပါတဲ့ ထုတ်ကုန်တွေ ဖြစ်တဲ့ ငါးသေးသေးလေးတွေ ၊ ပုစွန်နဲ့ ခရုသားပေါက်တွေကို ပါးမည်းတီလားပီးယားငါးတွေက ဝါးမြိုစားသောက်ပစ်တာကြောင့် ထိုင်းစီးပွားရေးအတွက် ခေါင်းခဲစရာ ပြဿနာကြီးတစ်ခု ဖြစ်နေပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းမှာ ပါးမည်းတီလာပီးယားငါး ပေါက်ကွဲပျံ့နှံ့မှုဖြစ်စဉ်တစ်ခုကြောင့် ထိုင်းစီးပွားရေးကို ဘတ်ငွေ ၁၀ ဘီလီယံ (ဒေါ်လာ ၂၉၃ သန်း) ကျော် ထိခိုက်စေခဲ့တယ်လို့ ထိုင်းလွှတ်တော်အမတ် နတ်တချာဘွန်းချာအီဆာဝပ်က ခန့်မှန်းခဲ့ပါတယ်။
ပါးမည်းတီလားပီးယားငါးတွေ ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ထိုင်းအစိုးရဘက်က ကြိုးစားနေတာတွေ ရှိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိ အောင်မြင်မှု မရလာဘဲ ဘန်ကောက်မြို့လယ်ခေါင်မှာ ပါးမည်းတီလားပီးယားငါး အကောင်ပေါင်းများစွာ လောင်းချပြီး ဆန္ဒပြတဲ့အထိ ဒီပြဿနာက အရှိန်မြင့်လာပါတယ်။
ရွှေသမင် ဘယ်ကထွက်
အခုနှစ် မတ်လ ၄ ရက်နေ့မှာ ဘန်ကောက်မြို့က တရားရုံးတစ်ခုဟာ နာမည်ကြီးကုမ္ပဏီတစ်ခုကို လူတစ်ထောင်ကျော်က စုပေါင်းတရားစွဲထားတဲ့ အမှုတစ်ခု ကြားနာစစ်ဆေးပေးဖို့ လက်ခံလိုက်ပါတယ်။ Charoen Pokphand Food(CPF) ကုမ္ပဏီကို ထိုင်းတံငါသည် ၁၄၀၀ ကျော်က စုပေါင်းပြီး လွန်ခဲ့တဲ့ ၆ လကတည်းက တရားစွဲထားတဲ့အမှု ဖြစ်ပါတယ်။
ဒီအမှုမှာ ပါးမည်းတီလားပီးယားငါးတွေကို တင်သွင်းလာမှုကြောင့် နစ်နာခဲ့ရတဲ့ ထိုင်းတံငါသည်တွေက CPF ကုမ္ပဏီကို ဘတ်ငွေ ၂ ဒသမ ၄၈ ဘီလီယံ လျော်ကြေးတောင်းထားပါတယ်။
ထိုင်းအစိုးရဟာ တံငါသည်တွေ စည်းကမ်းချိုးဖောက်တဲ့အခါ ပြင်းပြင်းထန်ထန် အရေးယူပေမယ့် ကုမ္ပဏီကြီးတစ်ခုကိုဆိုရင် အလားတူ အရေးယူရဲလားလို့ ထိုင်းနိုင်ငံ စားသုံးသူများကောင်စီဥက္ကဋ္ဌ ဘွန်းယန်းစီရိထမ်က မနှစ်က မေးခွန်းထုတ်ခဲ့ပါတယ်။
“ပါးမည်းတီလားပီးယားပြဿနာမှာ အစိုးရအဖွဲ့အစည်းတစ်ခုက တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိသင့်တယ်။ အစိုးရဆီက ခွင့်ပြုချက်သာ မရခဲ့ရင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဒီလိုမျိုး ဂေဟစနစ်ကို ထိခိုက်စေတဲ့ ပါးမည်းတီလားပီးယားငါးတွေကို တင်သွင်းလာနိုင်ခဲ့မှာ မဟုတ်ဘူး။ ပါးမည်းတီလားပီးယားငါးတွေကို တင်သွင်းဖို့ ခွင့်ပြုခဲ့တဲ့ အရာရှိကို ဥပဒေအရ အရေးယူသင့်တယ်” လို့ သူက ဆိုပါတယ်။
လက်ရှိအချိန်မှာ ပါးမည်းတီလားပီးယားငါးတွေဟာ ထိုင်းနိုင်ငံရဲ့ ပြည်နယ်ပေါင်း ၁၉ ခုမှာ ပျံ့နှံ့လျက် ရှိနေပါပြီ။ ထိုင်း-မြန်မာနယ်စပ် ပြည်နယ်တွေအထိ ကူးစက်ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ထိုင်းနိုင်ငံတလွှား ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုတွေက ပါးမည်းတီလားပီးယားငါးတွေကို နိုင်ငံအတွင်း ပိုမိုပျံ့နှံ့သွားစေခဲ့ပါတယ်။

ပါးမည်းတီလားပီးယားငါး ပြဿနာကို ဖြေရှင်းရေးဟာ အမျိုးသားဦးစားပေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်တယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့နှစ်မှာ ကြေညာခဲ့ပါတယ်။
“ပျက်စီးနေတဲ့ ဂေဟစနစ်တစ်ခုကို နောက်မျိုးဆက်ကို လက်ဆင့်မကမ်းပေးနိုင်ဘူး” လို့ ထိုင်းလွှတ်တော်အမတ် နတ်တချာဘွန်းချာအီဆာဝပ်က ဆိုပါတယ်။
ပါးမည်းတီလားပီးယားငါးပြဿနာကို လျစ်လျူရှုထားမယ်ဆိုရင် ဆယ်စုနှစ်တစ်ခုအတွင်းမှာ မလေးရှား ၊ စင်္ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအထိ ကူးစက်ပျံ့နှံ့သွားနိုင်တယ်လို့ ထိုင်းလူမျိုး ရေဂေဟစနစ်ကျွမ်းကျင်ပညာရှင် ချာဗာလစ်ဗစ်ထာရနွန်က သတိပေးခဲ့ပါတယ်။ မဲခေါင်မြစ်ဝှမ်းဒေသတွေအထိ ရောက်လာနိုင်တယ်လို့ သတိပေးတာလည်း ရှိပါတယ်။
မြန်မာနိုင်ငံမှာလည်း ဗိုလ်ချုပ်မှူးကြီး(ဟောင်း)သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရလက်ထက်မှာ ဒီတီလားပီးယား ငါးမျိုးစိတ်ကို ငါးလုပ်ငန်းပညာရှင်ဆိုသူတွေက တင်သွင်းလာပြီး အင်တိုက်အားတိုက်မွေးဖို့ စစ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာကြောင့် စျေးကွက်ထဲမှာ အလွန်များပြားစွာ တွေ့နိုင်ပါတယ်။
ထိုင်းလူမျိုး ရေနေသတ္တဝါမျိုးရိုးဗီဇပညာရှင် ဒေါက်တာဆူဝစ်ဝတ်ထီဆူထီမက်ထာဗီးကတော့ ပါးမည်းတီလားပီးယားငါးတွေကို အမြစ်ပြတ်ဖယ်ရှားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ မျိုးပွားမှုနှုန်း အင်မတန် မြန်ဆန်တဲ့အတွက်ကြောင့်လည်း ပါးမည်းတီးလားပီးယားငါးတွေရဲ့ ရွေ့လျားကျက်စားမှုကို ကန့်သတ်ထိန်းချုပ်ဖို့ ဆိုတာ မဖြစ်နိုင်တာလို့ ဆိုပါတယ်။
ဒေါက်တာဆူဝစ်ဝတ်ထီဆူထီမက်ထာဗီးရဲ့ မှတ်ချက်စကားတစ်ခွန်းဟာ မြန်မာပြည်လို ထိုင်းအိမ်နီးချင်းနိုင်ငံတွေအတွက် မျက်ခုံးလှုပ်စရာ ခေါင်းလောင်းသံလို့ ဆိုရမှာပါ။
“နိုင်ငံခြားကျူးကျော်မျိုးစိတ်တွေရဲ့ ပြဿနာက သူတို့ ခြေကုပ်ရပြီးသွားရင် သူတို့ကို ဖယ်ရှားပစ်ဖို့က အင်မတန်ကို ခက်တာပဲ”
ဈာန်ဟိန်း
Ref: Bangkok Post, BBC, France 24,Thai PBS World, hardstories.org, seafoodsource.org