BREAKING
March 22, 2025

ပုလော၊ ဆင်ထိုးကြီးရွာက အမျိုးသမီးတစ်ဦး မြေမြှုမိုင်းနင်းမိပြီး ဘယ်ခြေပြတ်တောက်

March 22, 2025

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာက အမျိုးသမီးကြီးတစ်ဦး ယနေ့ မတ်လ ၂၂ ရက် နံနက်ပိုင်းတွင် မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေ ပြတ်တောက်သွားကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၅၆နှစ်အရွယ် ဒေါ်စန်းရီမှာ ယနေ့ နံနက် ၁၁နာရီခန့်တွင် ရွာနှင့် နှစ်ဖာလုံခန့်အကွာ၌ မိုင်းနင်းမိခြင်းဖြစ်ပြီး ဘယ်ခြေ အပြင် ညာဘက်ခြေတွင်လည်း ဒဏ်ရာအပြင်းအထန်ရကြောင်း ဆင်ထိုးကြီးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ကဒက်ဥ သွားတူးရင်း မိုင်းနင်းမိတာ။ အခုမှ စစ်ဘေးရှောင်ရာကနေ ရွာမှာပြန်လာနေကြတာဆိုတော့ စားစရာမရှိလို့ ကဒက်ဥလေး ဘာလေး သွားတူးစားကြတာပေါ့။ ဟင်းသီးဟင်းရွက်လေးဘာလေး ခူးစားရအောင် သားမိသားဖသုံးဦး ဝင်သွားကြတာ။ အမျိုးသမီးတစ်ယောက်ပဲ ထိတယ်၊ ကျန်လူတွေ ဘာမှမဖြစ်ဘူး” ဟု ၎င်းက ပြောဆိုသည်။

မတ်လ ၁၅ ရက်ကလည်း ဆင်ထိုးကြီးရွာရှိ နေအိမ်ခြံဝင်းအတွင်း အသက် ၃၂ နှစ်ခန့်ရှိ ကိုပြုံးဆန်းအောင် (ခ) ပြုံးပြုံး မိုင်းနင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့သဖြင့် ရှစ်ရက်အတွင်း မိုင်းနင်းမိမှု နှစ်ကြိမ်အထိ ရှိလာခြင်းဖြစ်သည်။

ထားဝယ်-ပုလောကားလမ်းပေါ်က ဆင်ထိုးကြီးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်ရင်း ၁၂ က တပ်စွဲထားပြီး မတ်လ ၃ ရက်ကစပြီး စစ်ဘေးရှောင်ရွာသားများကို နေရပ်ပြန်နေခွင့်ပြုခဲ့သည်။

စစ်ကောင်စီတပ်နှင့် KNLA တို့ တိုက်ပွဲကြောင့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်မှ နှစ်ကုန်ပိုင်းအထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းနောက် ရွာထဲတွင် KNLA တပ်စွဲကာ အနီးအနားရှိ ဘုရင်တောင်ရွာတွင် စစ်ကောင်စီတပ် တပ်စွဲခဲ့သည်။ တိုက်ပွဲများ မဖြစ်တော့သော်လည်း ရွာသားများကို ရွာတွင် ပြန်လည်နေထိုင်ခွင့်မပြုဘဲ KNLA က တားမြစ်ထားခဲ့သည်။

စစ်ဘေးရှောင်နေရသည့် ခုနစ်လတာအတွင်း ဥယျာဉ်ခြံနှင့် မူရင်း အလုပ်အကိုင်များကို လုပ်ကိုင်ခွင့် မရသဖြင့် စားဝတ်နေရေး ကျပ်တည်းလာသဖြင့် ရွာထဲပြန်နေခွင့်ပြုရန်၊ မြေမြှုပ်မိုင်းများကို ရှင်းလင်းပေးရန် ဒေသခံများက KNLA တာဝန်ရှိသူများကို တောင်းဆိုခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် မတ်လ ၃ရက်တွင် KNLA က စတင်နေထိုင်ခွင့်ပြုသဖြင့် စစ်ဘေးရှောင်ရွာသားအချို့ နေရပ်ပြန်နေကြသည်။

ရွာတွင် ပြန်လည်နေထိုင်သည့် ကိုပြုံးဆန်းအောင် မိုင်းနင်းမိသဖြင့် ဆေးရုံးကုသမှု ခံယူနေရချိန် နောက်ထပ်ဒေသခံတစ်ဦး မိုင်းနင်းမိခြင်းဖြစ်သည်။

“ပြုံးပြုံးတစ်ယောက် မိုင်းနင်းမိတည်းက လူတွေက ဝင်နေမရဲကြတော့ဘူး။ အိမ်ကိုဝင်ပြီး သန့်ရှင်းရေးတွေဘာတွေတော့ ဝင်လုပ်ထားပြီးပြီ၊ အခုနောက်တစ်ယောက်ထပ်ထိတယ်ဆိုတော့ ရွာထဲပြန်ဝင်နေဖို့ အတော်ကြောက်နေကြတာပေါ့” ဟု ဆင်ထိုးကြီးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ရွာထဲနှင့် ဥယျာဉ်ခြံများထဲတွင် မိုင်းထောင်ထားသည်ဆိုသဖြင့် ရှင်းလင်းပေးရန် ဒေသခံများ တောင်းဆိုသည့်အပေါ် KNLA ဘက်က မည်သို့ တာဝန်ယူဖြေရှင်းပေးမည်ကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

KNLA တပ်ရင်း ၁၂ တပ်ရင်းမှူးကမူ “မိုင်းက ရန်သူထောင်တာလည်းရှိတယ်။ ကိုယ့်လူတွေ ထောင်ထားတာလည်း ရှိတယ်” ဟု ပြောဆိုသည်။

မြေမြှုပ်မိုင်း ကိစ္စမည်သို့ လုပ်ဆောင်မည်ကိုမူ ၎င်းက ပြောဆိုခြင်းမရှိပေ။