စစ်ကောင်စီက တနင်္သာရီတိုင်းတွင် လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာနေသည်။
မြေပြင်တွင် နယ်မြေစိုးမိုးမှု မရတော့သဖြင့် ကုန်းကြောင်းအသုံးပြု တိုက်ခိုက်ခြင်းထက် ဝေဟင်စစ်ဆင်ရေးကို ပိုမိုအားပြုလာပြီး လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်များပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းတို့ ပိုမိုလုပ်ဆောင်လာနေသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှု ၂၂ ကြိမ်ထက်မနည်းရှိခဲ့သည်။
ထိုကြောင့်လည်း အရပ်သားထိခိုက်သေဆုံးမှုများမြင့်တက်ခဲ့သလို နေအိမ်အဆောက်အအုံထိခိုက်ပျက်စီးမှုများခဲ့ပြီး ပြည်သူအများစုမှာ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို စိုးရိမ်လာကြသည်။
ယခင်က တနင်္သာရီတိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု မရှိသလောက်နည်းပါးသော်လည်း ယခုနှစ်ဆန်းပိုင်းမှ စကာ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲမှုများ ဆက်တိုက်လုပ်ဆောင်လာခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ဖိနှိပ်မှုများ၊ တိုက်ပွဲများကြောင့် အထွေထွေအကျပ်အတည်းများအကြား မလူးသာမလွန့်သာဖြစ်နေသည့် ပြည်သူလူထုမှာ လေကြောင်းတိုက်ခိုက်ခံရမှု ဘေးရန်တစ်ခုထပ်တိုးလာသည်။
ထိုကြောင့် လေကြောင်းတိုက်ခိုက်မှုအပေါ် ဒေသခံများ၏ စိုးရိမ်မှုသောကများကို ယခုအပတ် တနင်္သာရီအပတ်စဉ်ပုံရိပ် အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ပါသည်။
“ထမင်းစားလို့လည်းမဝင် ရင်ဘတ်ထဲ တဒိန်းဒိန်းခုန်ပြီးတော့ နေမကောင်းစားမကောင်းဖြစ်ချင်လာတယ်”
အသက် ၃၈ နှစ်အရွယ် လောင်းလုံးမြို့ခံတစ်ဦး
DW ။ အခုတလော တနင်္သာရီတိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်တာတွေ အရင်ကထက်ပိုလုပ်လာနေတာတွေ့ရတယ်။ အစ်မတို့ဖက်မှာရော ဘယ်လိုအခြေအနေရှိလဲ။
ဖြေ ။ ကျွန်မတို့ဖက်မှာလည်း အဲဒီလေယာဉ်ကိုပဲ စိတ်ပူနေကြတာ။ အရင်တုန်းကတော့ ကျွန်မတို့ဖက်မှာ (စစ်ကောင်စီတပ်) စစ်ကြောင်းရောက်လာမှာကိုပဲ စိတ်ပူကြတာ။ အခုက အဲဒီလေယာဉ်နဲ့ ဗုံးကြဲမလားပေါ့နော်။ တိုက်ပွဲဖြစ်ပြီဆိုရင် ဘယ်အချိန် ဗုံးလာကြဲချမလဲဆိုပြီး ကြောက်နေရတယ်။ ရွာတွေဖက်က အခုအေးဆေးကုန်ပြီ။ ကျွန်မတို့(မြို့ပေါ်) နားမှာပဲ အမြဲဖြစ်တော့တာ။ ဗုံးကြဲရင်လည်း ကျွန်မတို့မြို့မှာပဲ ကြဲခံရတော့မှာ။
DW ။ လေကြောင်းရန်ကို ကြောက်နေရတယ် စိုးရိမ်နေရတယ်ဆိုတော့ ဘာတွေကြိုတင်ပြင်ဆင်ထားတာရှိလဲ။ ဥပမာ ဗုံးခိုကျင်းလိုဟာမျိုးပေါ့။ အဲလိုမျိုး ပြင်ဆင်ထားတာရှိလား။
ဖြေ ။ အဲလိုမျိုး ဗုံးခိုကျင်းတွေဘာတွေက သူတို့(စစ်ကောင်စီတပ်) ကအချိန်မရွေး ကျွန်မတို့အိမ်တွေကို လာစစ်ရင် တွေ့သွားမှာစိုးလို့ မတူးရဲဘူး။ ပြီးတော့ ကျွန်မတို့မှာက အိမ်နဲ့ခြံက ကွက်တိဖြစ်နေတာ တူးဖို့နေရာလည်းမရှိဘူး။ ဖြစ်ရင်လည်းကံပဲဆိုပြီး အိမ်ထဲမှာ သားအမိတွေ အိမ်သာတွေထဲ ပန်းကန်စင်တွေအောက်မှာ ဝင်ဝပ်ပြီးနေနေတာပဲ။
DW ။ လေယာဉ်နဲ့ဗုံးကြဲခံရတာမျိုး ကြုံဖူးလား။
ဖြေ ။ ကိုယ်တိုင်တော့မကြုံဖူးသေးဘူး။ ဒါပေမဲ့ ကျွန်မတို့နားက စမ်းလှမ်းရွာကိုတော့ ( စစ်ကောင်စီစခန်းရှိသော လောင်းလုံး စမ်းလှမ်းရွာ သွားလမ်းပိုင်းရှိ လက်ခတ်တောင်) လေယာဉ်နဲ့ဗုံးလာကြဲဖူးတယ်။ ကျွန်မတို့နဲ့တော့ ဝေးသေးတယ်ပေါ့။ လက်နက်ကြီးကတော့ ကျွန်မတို့နားအမြဲပစ်ခံရတယ်။ တိုက်ပွဲမရှိဘဲနဲ့လည်း အမြဲတမ်းပဲ ပစ်ပစ်နေတာဆိုတော့ လမ်းသွားရင်းနဲ့လည်း အချိန်မရွေး(လက်နက်ကြီးကျည်) ကျလာနိုင်တာပဲ။
DW ။ စမ်းလှမ်းရွာနားက လက်ခတ်တောင်ကို လေယာဉ်နဲ့ဗုံးကြဲတဲ့အချိန် စိတ်ထဲဘယ်လိုဖြစ်မိလဲ။
ဖြေ ။ ကြောက်တာပေါ့။ အသံကြီးကလည်းတော်တော်ကြမ်းတော့ နီးနီးလေးပဲလို့ထင်တာ။ စဖြစ်ဖြစ်ချင်းဆို သွားပြီ လောင်းလုံးကိုဗုံးကြဲချနေပြီလို့တောင် အောက်မေ့တာ။ စမ်းလှမ်းဖက်မှာလို့သိရမှ စိတ်ကနည်းနည်းအေးသွားရတယ်။
DW ။ လက်နက်ကြီးရော၊ လေယာဉ်ရောကြောက်နေရတော့ မြို့မှာလူတွေဘယ်လိုနေနေကြတာလဲ။
ဖြေ ။ မရှိတော့ဘူးမြို့မှာ လာကြည့်ကြည့်။ လောင်းလုံးက အရင်လောင်းလုံးနဲ့မတူတော့ဘူး။ လူတွေမရှိတော့ဘူး။ သူ့ဟာနဲ့သူ ပြောင်းကုန်ကြပြီ။ ခြောက်ကပ်နေတာ။ ဆိုင်တွေဘာတွေလည်း မဖွင့်ကြတော့ဘူး။ ကျွန်မတို့တောင် အောက်ဖက်က ဆွေမျိုးအိမ်မှာသွားနေနေကြတာ အခုမှပြန်လာကာစပဲရှိသေး။ သူများအိမ်မှာဆိုတော့ ကြာကြာလည်းနေလို့မကျတာနဲ့ ပြန်လာကြတာ။ ဒီမှာက ဗုံးခိုကျင်းတွေဘာတွေနဲ့ မနေကြဘူး။ တစ်အိမ်လုံး(မိသားတစ်စုလုံး) ပြောင်းပြောင်းနေကြတာပဲများတယ်။
DW ။ အခုနောက်ပိုင်း လေယာဉ်နဲ့ဗုံးကြဲတာတွေ ပိုလုပ်လာတဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ သူတို့ဟာက ဒရုန်းတွေရော၊ လေထီး(စက်တပ်လေထီး) ဆိုလားမသိဘူးအဲဒါတွေရော၊ လေယာဉ်ပျံရော၊ ရဟတ်ယာဉ်တွေရော အများကြီးရှိတယ်ဆိုမား(လို့ပြောတယ်)။ ကျွန်မတို့က အဲဒါတွေမျိုးမသိဘူး။ လေယာဉ်ဆို လေယာဉ်တစ်မျိုးပဲသိတာ။ သူတို့လေယာဉ်ကလည်း နားတယ်ဆိုတာမရှိဘဲ အမြဲပဲသွားနေလားမသိဘူး။ နေ့တိုင်းအသံကြားရတယ်။ အဲအသံကြားပြီဆို ထမင်းစားလို့လည်းမဝင် ရင်ဘတ်ထဲ တဒိန်းဒိန်းခုန်ပြီးတော့ နေမကောင်းစားမကောင်းဖြစ်ချင်လာတယ်။
DW ။ ဖြေပေးအတွက် ကျေးဇူးတင်ပါတယ်။
“ဟိုတလောက ပေါင် ၃၀၀ ဗုံးကြဲတုန်းကဆိုရင် စလက်အောက်ပြားတောင် အစိပ်စိပ်အမြွှာမြွှာ ပြဲသွားတယ်လေ”
အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး၊ တကူကျေးရွာအုပ်စု၊ တနင်္သာရီမြို့နယ်
DW ။ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြောပြပေးလို့ရမလားဗျ။
ဖြေ ။ လေယာဉ်က အခုနှစ်ရက် သုံးရက်အတွင်း မလာပေမယ့် ဒီမတိုင်ခင်ကဆို အမြဲလာတယ်။ ဂျက်ဖိုက်တာတို့လည်း လာတယ်။ ရဟတ်ယာဉ်လည်းလာတယ်ပေါ့။ ပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်ပေါ့။
DW ။ လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိတော့ လေယာဉ်ပျံသန်းမှုနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေတွေရှိလဲ။
ဖြေ ။ နေ့စဉ်သွားလာမှုတွေမှာ ထိတ်တလန့်လန့်ဖြစ်နေရတာမျိုးပေါ့။ ဈေးသွားရင်တောင် စိတ်ချလက်ချသွားမရဲဘူး။၊ အမြဲအပေါ်ကိုပဲကြည့်ပြီး သွားနေရတယ်။ စိုးရိမ်မှုတွေကတော့ ပြောပြမတတ်ပါပဲ။ နွေရာသီဆိုရင် ပိုကြောက်ရမယ်။
DW ။ လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်အချိန်ကနေစပြီးလုပ်လာတာမျိုးလဲ။
ဖြေ ။ ၂၀၂၄ (ခုနှစ်) ကစပြီး လုပ်လာတာမျိုးပါ။ လူတွေထိခိုက်မှုတွေလည်းရှိတယ်။ တချို့ကို ထိုင်းအထိပါ ပို့ပြီးကုသရတဲ့အခြေအနေအထိ ဖြစ်လာတယ်။
DW ။ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးရှောင်တိမ်းမှုကို ဘယ်လိုတွေလုပ်လဲ။
ဖြေ ။ စလက်(အမိုးအကာ)ထူထူအောက်မှာဝပ်တာ။ ဗုံးခိုကျင်းအောက်မှာနေတာတွေကိုလုပ်တယ်ပေါ့။
DW ။ ဗုံးခိုကျင်းနဲ့ပတ်သက်ပြီး ရွာမှာဗုံးခိုကျင်းအခြေအနေတွေက ဘယ်လိုမျိုးတွေရှိလဲဗျ။
ဖြေ ။ ခိုင်ခံ့မှုအားက အရမ်းမကောင်းဘူး။ ပေါင် ၅၀၀လို ပြင်းအားများတဲ့ ဗုံးမျိုးဆိုရင် မခံနိုင်ဘူးပေါ့။ ပုံမှန်လက်နက်ငယ်တွေဆိုရင် ခံသာသေးတယ်။ ဗုံးခိုကျင်းတွေက တူးတော့တူးကြတာပဲ။ တချို့အိမ်တွေကလည်း မတူးကြဘူး။ ဟိုတလောက ပေါင် ၃၀၀ ဗုံးကြဲတုန်းကဆိုရင် စလက်အောက်ပြားတောင် အစိပ်စိပ်အမြွှာမြွှာ ပြဲသွားတယ်လေ။
DW ။ ခိုင်ခံ့တဲ့ဗုံးခိုကျင်းမျိုးရောမတူးကြဘူးလား။ မတူးကြရင်ဘာလို့မတူးကြတာလဲ။
ဖြေ ။ ဒါကတော့ ဘယ်လိုတူးတူးရမယ်မထင်ပါဘူး။ တစ်နေ့တစ်နေ့ ဒါကိုပဲစိုးရိမ်နေရတယ်။ ကျွန်တော်က ဈေးရောင်းတာဆိုတော့ တခါတလေဆိုရင် ဈေးတောင်မရောင်းရဘူးလေ။ လေယာဉ်တက်လာပြီးရင် လူတွေက ပြေးဝပ်တာနဲ လူသူမရှိတော့ဘူး။
DW ။ တော်လှန်ရေးအဖွဲ့အစည်းတွေဘက်ကရော ဗုံးခိုကျင်း၊ လေကြောင်းအန္တရာယ်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုးဆောင်ရွက်ပေးတာမျိုးရှိလဲ။
ဖြေ ။ လက်ကမ်းစာလေးတွေ လိုက်ဝေတာမျိုးတွေရှိပါတယ်။
DW ။ ကျေးဇူးတင်ပါတယ်။
“PDF တွေနေတယ်ဆိုထင်ပြီး သူတို့က ကျွန်မတို့ရွာကို မဲနေတာ။ တစ်ကယ်က ကျွန်မတို့ရွာမှာ PDF တွေမနေဘူး”
ဥတ္တူရွာသူတစ်ဦး၊ သရက်ချောင်းမြို့နယ်
DW ။ စစ်ကောင်စီကပေါ့နော် တိုက်ပွဲဖြစ်ချိန် အိမ်တွေကိုမီးရှို့ရင်ရှို့ မရှို့လည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်တယ်ပေါ့နော်။ ဥတ္တူရွာက အိမ်တွေဆိုလည်းစစ်ကောင်စီတပ်က မီးရှို့တာတွေလုပ်လေ့ရှိတယ်။ ဆိုတော့ ညီမအနေနဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပက်သက်ပြီး စိုးရိမ်တာမျိုးရှိလား။
ဖြေ ။ စိတ်ပူတာပေါ့ စိုးရိမ်တာပဲ။ တိုက်ပွဲဖြစ်တဲ့ရွာတွေဆို လေကြောင်းတိုက်ခိုက်မှုဖြစ်လာမှာကိုစိုးရိမ်ကြတာပဲ။ အဲလိုဖြစ်မှာကြောက်လို့ ကျွန်မတို့က ရုတ်ရုတ်အသံကြားတာနဲ့ ကြိုပြီးရှောင်လိုက်ကြတယ်။ ဗုံးခိုကျင်းတွေ ဘာတွေတော့ တော်တော်များများ မလုပ်ထားကြဘူး။
DW ။ အခုပေါ့နော် ညီမတို့အနေနဲ့ အဓိကစိုးရိမ်တာက ဘာဖြစ်မလဲ တိုက်ပွဲဖြစ်တာကိုစိုးရိမ်တာလား၊ လက်နက်ကြီး လက်နက်ငယ်ထိမှာကို စိုးရိမ်တာလား၊ လေကြောင်းအန္တရာယ်ကို အဓိကစိုးရိမ်တာလား။
ဖြေ ။ သူတို့တိုက်ပွဲဖြစ်တဲ့အခါ လက်နက်ကြီးတွေရမ်းသမ်းပစ်တဲ့အခါ လက်နက်ကြီးထိမှာစိုးရိမ်တာမျိုး တိုက်ပွဲဖြစ်လာချိန် သူတို့(စကစ)ဘက်က အထိနာတာမျိုးဆိုရင် လေကြောင်းနဲ့လာတယ်လေ။ အဲဒါစိုးရိမ်ရတယ်။ ကျွန်မတို့ရွာမှာက အဘွားကြီးတွေတော်တော်များများ ကျန်ရစ်(ခဲ့)တာရှိတယ်။ သိရင်တော့ကြိုရှောင်လို့ရတယ်။
DW ။ ရွာကလူကြီးတွေက ဘာလို့မရှောင်ကြတာလဲ။
ဖြေ ။ တချို့ သက်ကြီးရွယ်အိုတွေ နာမကျန်းတဲ့ လူကြီးတွေကတော့ ရွာထဲမှာပဲကျန်ရစ်(ခဲ့)တယ်။ တော်တော်များများ အရင်အပတ်တုန်းကလည်း ရွာထဲမှာ ကျန်ရစ်တယ်။ သူတို့သားသမီးတွေ အရွယ်ရှင်(ငယ်ရွယ်သူ)တွေကတော့ ရှောင်ကြတယ်။ သက်ကြီးရွယ်အိုတွေထဲမှာ အိပ်ယာထဲလဲနေသူတွေဆို တော်တော်များများ ကျန်ရစ်တယ်။ ထမင်းတွေဘာတွေလည်းမစားရဘူး။ ရွာက လူကြီးတွေ ပတ်သက်ရာ ပတ်သက်ရာတွေ နည်းနည်း အသက်ကြီးပိုင်း တွေထဲ လူကြီးတွေက အဲလိုပဲ ရွာထဲပြန်ဝင်ဝင်လာပြီးတော့ ပေးစား(ကျွေး)ရတယ်။
DW ။ ဒါဆို အခုအဓိက စိုးရိမ်တာက လက်နက်ကြီးစင်(ထိ)မှာကြောက်တာနဲ့ လေကြောင်းရန်အဓိက ကြောက်နေတာပေါ့နော် ဥတ္တူကိုဘာလို့ မဲ(ငြိုးနေ)လဲ။
ဖြေ ။ အခုဆို ဟိုတစ်ပတ်က တိုက်ပွဲက ရွာထဲမှာဖြစ်သွားတာဆိုတော့ အခုဆို ရွာထဲပြန်လာနေတာတောင် လေကြောင်းအန္တရာယ်ကိုကြောက်နေရတာပေါ့။ ဘာလို့မဲ(ငြိုး)လဲဆို ရွာထဲမှာတိုက်ပွဲဖြစ်သွားတယ်ဆိုတော့ ပိုပြီးမဲချင်တာလို့ထင်တာပဲ။ PDF တွေနေတယ်ဆိုထင်ပြီး သူတို့က ကျွန်မတို့ရွာကို မဲနေတာ။ တစ်ကယ်က ကျွန်မတို့ရွာမှာ PDF တွေမနေဘူး။
DW ။ ဆိုတော့ လေကြောင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားတာတွေ ဘာရှိလဲ ဘယ်လိုနေရမယ် ထိုင်ရမယ်ဆိုတာရောသိလား။
ဖြေ ။ လေကြောင်းနဲ့ပတ်သက်ပြီးတော့ လာမယ်ဆိုရင် ကျွန်မတို့ထင်တာတော့ တောတွေနဲ့သစ်ပင်တွေနဲ့ဆိုတော့ လွတ်မယ်ဆိုတော့ထင်တယ်။ အဖွဲ့အစည်း(တော်လှန်ရေး)တွေက လေကြောင်းနဲ့ပတ်သက်ပြီး အသိပညာလာပေး တာတွေတော့မရှိဘူး။ ကိုယ့်ဟာကိုယ် လေ့လာထားတာတော့ရှိတယ်။ ဘယ်ဖက်ကိုပြေးရမယ် ဘယ်လိုနေရမယ်ဆို တာတွေတော့သိတယ်။
DW ။ ကျေးဇူးတင်ပါတယ်။