BREAKING
March 22, 2025

ဆိုင်ကယ်အရောင်းပြခန်း အယောင်ဆောင်ပြီး အွန်လိုင်းကနေငွေလိမ်

March 22, 2025

ဆိုင်ကယ်အရောင်းပြခန်းအယောင်ဆောင်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်တာတွေ ထားဝယ်ခရိုင်နဲ့ မွန်ပြည်နယ် ရေးမြို့နယ်ထဲက ကျေးရွာတွေကို ဦးတည်ပစ်မှတ်ထား လုပ်ဆောင်နေပါတယ်။

အဲဒီလို အယောင်ဆောင်လိမ်လည်မှုတွေကြောင့် ငွေကြေးအလိမ်ခံရသူတွေရှိနေတယ်လို့ ဆိုင်ကယ်အရောင်းပြခန်း ပိုင်ရှင်တွေနဲ့ ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်နေသူတွေဆီကနေ သိရပါတယ်။

လိမ်လည်မှုတွေကို သတိထားဆင်ခြင်နိုင်စေဖို့အတွက် ဆိုင်ကယ်အရောင်းပြခန်းအယောင်ဆောင်လိမ်လည်တဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုအကြောင်း Dawei Watch က အချက်အလက်စိစစ် ထားပါတယ်။

ဘယ်လိုအယောင်ဆောင်ထားလဲ

“Min Min ဆိုင်ကယ်ရောင်းဝယ်ရေး” ဆိုတဲ့အမည်နဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုဟာ တည်နေရာနဲ့ အချက်အလက်တွေ ပြောင်းလဲ လိမ်လည်နေတာတွေ့ရပါတယ်။

အဲဒီစာမျက်နှာဟာ ၂၀၂၃ ခုနှစ် သြဂုတ်လကုန်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ရေးမြို့နယ်ကို အဓိကဦးတည်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ ထားဝယ်ခရိုင်ထဲက ကျေးရွာတွေကို ဦးတည်ပစ်မှတ်ထားလာပါတယ်။

follower ပြုလုပ်ထားသူ လေးထောင်ခြောက်ရာကျော်ရှိတဲ့ Min Min လူမှုကွန်ရက်စာမျက်နှာကို ဒီလင့်(ခ်)မှာ ကြည့်နိုင်ပါတယ်။

“မင်းမင်း ဆိုင်ကယ်ရောင်းဝယ်ရေး” ဆိုပြီး ဆိုင်းဘုတ်ချိတ်ထားတဲ့ ဓာတ်ပုံတစ်ခုကို ကာဗာဓာတ်ပုံအဖြစ် ဖော်ပြထားပြီး ဆိုင်ရဲ့ တည်နေရာကိုတော့ ထားဝယ်၊ ကံပေါက်လို့ ရေးသားဖော်ပြထားပါတယ်။

အဲဒီ ကာဗာဓာတ်ပုံက ဆိုင်ကယ်အရောင်းပြခန်းဟာ မွန်ပြည်နယ်၊ လမိုင်းမြို့၊ မြို့အဝင်လမ်း၊ တံတားအနီးမှာ အမှန်တကယ် တည်ရှိတာကို စိစစ်တွေ့ရှိရပါတယ်။ လမိုင်းမြို့က “မင်းမင်း ဆိုင်ကယ်ရောင်းဝယ်ရေး” ဆိုင်အစစ်၏ လူမှုကွန်ရက်စာမျက်နှာကို ဒီလင့် (ခ်) မှာ ကြည့်နိုင်ပါတယ်။

လမိုင်းမြို့က မင်းမင်း ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ကိုမင်းမင်းကို ဆက်သွယ်အတည်ပြုမေးမြန်းကြည့်ရာမှာလည်း “အဲဒီ page က လူလိမ်ပဲ။ အဲဒီလိုဆက်မလုပ်ဖို့ ကျွန်တော်သွားပြောတာ ကျွန်တော့်ကိုပါ ဘလော့ထားတယ်။ သူ့ page ကို ကျွန်တော်ကြည့်လို့မရဘူး ။ ကျွန်တော့်ဆိုင်လိုပဲ လမိုင်းက အခြား ဆိုင်ကယ်ဆိုင်တွေ နာမည်နဲ့ လိုင်းပေါ်က လိမ်ပြီးပြေးလို့ အလိမ်ခံရသူတွေ လမိုင်းမြို့မှာ ပြန်လာရှာတာ သုံးလေးခါလောက်တွေ့ဖူးတယ်” လို့ ပြောပါတယ်။

ဆိုင်ကယ်ပြခန်းအယောင်ဆောင်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတဲ့ဖုန်းနံပါတ်ကို Dawei Watch က ဆက်သွယ်ပြီး ဆိုင်လိပ်စာကို တောင်းကြည့်ရာ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာ၊ မောရဝတီရေတပ်သွားလမ်းဘေး စာသင်ကျောင်းအနီးမှာ ရှိတယ်လို့ ဖြေပါတယ်။

အုန်းပင်ကွင်းရွာခံတွေနှင့် ကံပေါက်ဒေသခံ ဆိုင်ကယ်ရောင်းဝယ်ရေး ပြုလုပ်သူတွေဆီကို ဆက်သွယ်မေးမြန်းကြည့်ရာ အဲဒီလိပ်စာမှာ ဆိုင်ကယ်အရောင်းပြခန်း တစ်ခုမှ မရှိဘူးလို့ ပြောကြပါတယ်။

ဒါ့အပြင် အဲဒီအယောင်ဆောင်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာက လိပ်စာဖော်ပြထားတဲ့ ကံပေါက်ဒေသဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက စစ်ကောင်စီက ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ထားတာကြောင့် အဲဒီကတည်းက ကံပေါက်မှာ ဆိုင်ကယ်အရောင်းဆိုင်တွေ ပိတ်လိုက်တာလို့ ဒေသခံ ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်သူတွေက ဆိုပါတယ်။

ဘယ်လိုလိမ်လဲ

ယိုးဒယားဆိုင်ကယ် ဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပြီး ဝယ်ယူလိုပါက ဖုန်းနံပါတ် နဲ့ chat box က တစ်ဆင့် ဆက်သွယ်ရမယ်ဆိုပြီး အဲဒီ လူမှုကွန်ရက်က အရောင်းပိုစ့်တွေ တင်တာဖြစ်ပါတယ်။

chat box က တစ်ဆင့် သွားဆက်သွယ်ပြီး အရောင်းအဝယ်ပြောဆိုလို့ စျေးတည့်ရင် အဲဒီလူမှုကွန်ရက်မှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ် (09696741668) နဲ့ ဖွင့်ထားတဲ့ Tin Win အမည်နဲ့ Wave money payment မိုဘိုင်းလ် ဘဏ်အကောင့်ထဲကို စရံငွေလွှဲခိုင်းတာဖြစ်ပါတယ်။

လိမ်လည်ခံရသူတစ်ယောက်နဲ့ Dawei Watch က အဆက်အသွယ်ရခဲ့ပါတယ်။ သူဟာ ဆိုင်ကယ် ဝယ်ဖို့အတွက် ကျပ်ငွေ ငါးသိန်းလွှဲပြောင်းပေးခဲ့ပေမယ့် ဆိုင်ကယ် ပို့ဆောင်ပေးတာမရှိဘူးလို့ ဆိုပါတယ်။

Tin Win ဆိုတဲ့ Wave payment မိုဘိုင်းဘဏ််အကောင့်ကိုကျပ်ငွေ ငါးသောင်းတစ်ကြိမ်၊ လေးသိန်းခွဲတစ်ကြိမ် လွှဲပေး ထားတဲ့ ပြေစာများကို Dawei Watch က လက်ခံရရှိထားပါတယ်။ အဲဒီပြေစာတွေကိုတော့ ကာယကံရှင်ရဲ့ ဆန္ဒအရ မဖော်ပြတော့ပါ။

“စရံ ပထမတစ်ခေါက် လွှဲခိုင်းတယ်။ ဆိုင်ကယ်လာပို့နေပြီ။ လမ်းမှာအသုံးလိုလို့ဆိုပြီး ဒုတိယတစ်ခေါက် ထပ်လွှဲခိုင်းတယ်။ ပြီးတာနဲ့ ဖုန်းနံပါတ်ကို ဘလော့ ပစ်လိုက်တယ်” ဟု အလိမ်ခံရသူက ပြန်ပြောင်း ပြောပြပါတယ်။

စရံငွေတောင်းခံတာကို မသင်္ကာလို့ ဆိုင်ကို လာကြည့်မယ်လို့ပြောတဲ့ ဝယ်သူတွေကိုလည်း အဲဒီလူမှုကွန်ရက်စာမျက်နှာက အထက်မှာဖော်ပြခဲ့တဲ့ ကံပေါက်ဒေသ အုန်းပင်ကွင်းရွာက လိပ်စာကို ပေးပါတယ်။

အဲဒီလို လိပ်စာပေးလို့ ဆိုင်လာရှာရင်း လမ်းပျောက်နေတဲ့ ရေးမြို့နယ်က ဇနီးမောင်နှံနှစ်ဦးကို ကူညီပေးခဲ့ရတယ်လို့ ကံပေါက်ဒေသခံ ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောပါတယ်။

“ကံပေါက်မှာ ဆိုင်ကယ်စီးခွင့်ပိတ်ပြီး နည်းနည်းကြာကြာလောက် (၂၀၂၃ သြဂုတ်လခန့်) မှာ ရေးက လင်မယားနှစ်ယောက် ဆိုင်ကယ်ဆိုင်လာရှာတယ်ဆိုပြီး လမ်းပျောက်ပြီးပတ်နေလို့ ကူညီပေးဖူးတယ်။ အဲဒီနောက်ပိုင်း ဒီကပွဲစား (ဆိုင်ကယ် အရောင်းအဝယ်သမား) တွေလည်း လိမ်နေတာ ဘယ်သူလဲဆိုတာ ဆက်လိုက်နေတယ်။ အခုထိတော့မသိရသေးဘူး” လို့ သူက ဆိုပါတယ်။

ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာဟာ ရေနံသဘာဝဓာတ်ငွေ့လုပ်ငန်း၊ မောရဝတီရေတပ်နဲ့ သတ္တုတွင်းလုပ်ငန်းတွေ ရှိတာ ကြောင့် ဒေသခံမဟုတ်သူတွေ အများအပြား လာရောက်အခြေချနေထိုင်တဲ့နေရာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ page ကို ဖွင့်လှစ်ထားသူဟာ နယ်မြေအကြောင်းကောင်းကောင်းသိထားတဲ့ သူတစ်ယောက် သို့မဟုတ် နယ်ခံတစ်ဦးဖြစ်တယ်လို့ ကံပေါက်ဒေသ ဆိုင်ကယ်အရောင်းအဝယ်အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

အလိမ်မခံရအောင် ဘာတွေ သတိထားရမလဲ

ဆိုင်ကယ်လို တန်ဖိုးကြီးပစ္စည်းတွေ ဝယ်ယူတဲ့အခါမှာ မျက်မြင်လက်တွေ့ဝယ်ယူသင့်ပြီး မဝယ်ခင် နားလည် တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်မေးမြန်းသင့်တယ်လို့ ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်နေသူတွေက အကြံပေးပါတယ် ။

“ဆိုင်ကယ် ဝယ်တာက မျက်မြင်ဝယ်တာပဲ ကောင်းပါတယ်။ ကျွန်တော်ဆို အွန်လိုင်းက ဝယ်ရင်တောင် ရောင်းပေးခဲတယ်။ ဘာလို့လဲဆိုတော့ ဆိုင်ကယ်တစ်စီး ဝယ်တာ အရမ်းမလွယ်ကူဘူး။ လက်တွေ့ကြည့်ပြီး စစ်ရတဲ့အပိုင်းတွေ အများကြီး ရှိသေးတယ်။ မဖြစ်မနေ အွန်လိုင်းက ဝယ်မှရမယ်ဆိုရင်လည်း ရောင်းတဲ့သူက မှန်ကန်လား စစ်ဖို့ vedio ခေါ်ကြည့်တာမျိုး လောက်တော့ လုပ်သင့်တယ်။ အဲဒါတောင် အလိမ်ခံရဖို့ ရာခိုင်နှုန်းက ရှိသေးတယ်” လို့ လမိုင်းမြို့က မင်းမင်း ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်က အကြုံပြုပါတယ်။

ဒါ့အပြင် ကံပေါက်ဒေသခံ ဆိုင်ကယ် ရောင်းဝယ်ရေးပြုလုပ်နေသူတစ်ဦးကလည်း ဆိုင်ကယ် ဝယ်ရာမှာ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်သင့်တဲ့အပြင် အယုံမလွယ်ဘဲ ချင့်ချိန်ကြဖို့လိုတယ်လို့ ဆိုပါတယ် ။

“ပထမတစ်ချက်က အယုံမလွယ်ကြဖို့ဘဲ။ လူလိမ်တွေ တင်ထားတဲ့စျေးက ဆိုင်ကယ်တစ်စီးရဲ့ အမျိုးအစားအလိုက် ကာလ တန်ဖိုးအောက်ကို စျေးအများကြီးလျော့ပြီး ပိုစ့်တင်ထားတယ်။ အဲဒါက ဖြစ်သင့် မဖြစ်သင့် ချင့်ချိန်ရတာပေါ့။ နောက်တစ်ချက်က ဆိုင်ကယ်ဝယ်တဲ့အခါ မျက်မြင်ဝယ်ရင်တောင် ချို့ယွင်းချင်ပါတာမျိုး ကြုံကြရတယ်။ အဲဒါကြောင့် မဝယ်ခင် နားလည်သူနဲ့ သေချာတိုင်ပင်ရင်ပိုကောင်းတယ်” လို့ ပြောပါတယ်။

အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။