မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဖေဖော်ဝါရီလ ၁၆ ရက်မှ ဖေဖော်ဝါရီ ၂၂ ရက်အထိ
အရပ်သားလုံခြုံရေးဝန်ထမ်းတွေ သေနတ်ကိုင်ခွင့်ရမယ်

ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေကို လက်နက်ကိုင်ဆောင်ခွင့်ပြုမယ့် ပုဂ္ဂလိက လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီလ ၁၈ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပဲ သေနတ်ကိုင်ဆောင်ခွင့်ရှိတဲ့ မြန်မာနိုင်ငံမှာ ဒီဥပဒေကြောင့် အရပ်သားလုံခြုံရေးဝန်ထမ်းတွေပါ သေနတ်ကိုင်ဆောင်ခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေကိုလည်း ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတည်ထောင်ခွင့် ပြုထားပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေဟာ လုံခြုံရေးဝန်ထမ်းခန့်ရာမှာ မြန်မာနိုင်ငံသား ၇၅ ရာခိုင်နှုန်း အနည်းဆုံးခန့် ထားရမယ်လို့ ဖော်ပြပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံခြားသား ၂၅ ရာခိုင်နှုန်းအထိ ခန့်ထားခွင့်ပြုထားတာပါ။
ပုဂ္ဂလိကကုမ္ပဏီတွေ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ကိုတော့ ကာလုံ လို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်ယူရမယ်လို့ ကန့်သတ်ထားတာ တွေ့ရပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေဟာ လိုအပ်လာရင် စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။
စစ်ကောင်စီဟာ ဒီဥပဒေကိုမပြဋ္ဌာန်းခင် တရုတ်-မြန်မာပူးပေါင်း လုံခြုံရေးကုမ္ပဏီတည်ထောင်ဖို့အတွက် ကော်မတီတစ်ရပ် ကို ဖွဲ့စည်းခဲ့ပါသေးတယ်။ ဒါကြောင့် အခု ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုဥပဒေဟာ လုံခြုံရေးအမည်ခံထားတဲ့ တရုတ်လက်နက်ကိုင်တွေ ပြည်တွင်းကို ဝင်ရောက်လာဖို့ လမ်းဖွင့်ပေးတာလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံအတွင်း မည်သည့်နိုင်ငံခြားတပ်ကိုမှ တပ်ချမပြုဆိုတဲ့အချက်ကို ဆန့်ကျင်ရာ ရောက်တယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
……………………………………..
စစ်ကောင်စီနဲ့ တအာင်းဆွေးနွေးပွဲ အဖြေမထွက်

တရုတ်ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ တအာင်းတပ် TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ ကြပေမယ့် အဖြေမထွက်ခဲ့ပါဘူး။
စစ်ကောင်စီဘက်က ကစထ (၁) မှူးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်အဖွဲ့နဲ့ တအာင်းတပ်ဘက်က ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်အဖွဲ့တွေ ဖေဖော်ဝါရီလ ၁၆ရက်နဲ့ ၁၇ ရက်တွေမှာ ဆွေးနွေးခဲ့ကြတာပါ။ နှစ်ဖက် တောင်းဆိုချက် တွေဟာ ဆွေးနွေးညှိနှိုင်းဖို့ ခက်ခဲတာကြောင့် နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံဆွေးနွေးဖို့ပဲ ဆွေးနွေးသဘောတူခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
တအာင်းတပ်ဘက်တော့ နှစ်ဖက်တပ် ရောက်တဲ့နေရာမှာ ရပ်ပြီး အပစ်ရပ်ဖို့၊ ထိုးစစ်၊ ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုတွေ စတဲ့ စစ်ရေးလှုပ်ရှားမှု အားလုံးရပ်တန့်ဖို့၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို ဖြတ်သန်းသယ်ဆောင်ခွင့်ပေးဖို့ စတဲ့အချက်သုံးချက်ကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
တွေ့ဆုံဆွေးနွေးဖို့ တအာင်းကိုယ်စားလှယ်အဖွဲ့ ကူမင်းမြို့ကို ရောက်တဲ့ ဖေဖော်ဝါရီလ ၁၅ရက်မှာပဲ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို လေယာဉ်၊ လက်နက်ကြီးတွေ သုံးပြီး တိုက်ခိုက်တာခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ ဆွေးနွေးပွဲအပြီး ဖေဖော်ဝါရီလ ၁၉ရက်နဲ့ ၂၁ ရက်တွေမှာလည်း နောင်ချိုကို လေယာဉ်နဲ့ ဗုံးထပ်ကြဲလို့ ဒေသခံ လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
တွေ့ဆုံဆွေးနွေးမှု မအောင်မြင်တာကြောင့် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ဖိအားပေးမှုတွေ ပိုမိုလုပ်ဆောင်နိုင်တယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။ နောက်တစ်ကြိမ် တွေ့ဆုံမှုကတော့ လာမယ့် ဧပြီလမှာ ဖြစ်မယ်လို့ တအာင်းတပ်ဘက်က ပြောဆိုထားပါတယ်။
……………………………………..
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်ကို ဝရမ်းရုပ်ပေးဖို့ NUGတောင်းဆို

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုမှာပါဝင်တယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့အပေါ် အာဂျင်တီးနားတရားရုံးက ထုတ်ထားတဲ့ဖမ်းဝရမ်းကို ပြန်လည်ရုပ်သိမ်းပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်းဆိုပါတယ်။
အာဂျင်တီးနားတရားရုံးဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီတပ်အရာရှိ ၂၃ ဦးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကိုပါ ဝရမ်းထုတ်ထားတာပါ။
ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုကျူးလွန်သူတွေဟာ မြန်မာစစ်တပ်ခေါင်းဆောင်နဲ့ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေပဲဖြစ်ပြီး သူတို့ကို နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဖို့ ကြိုးပမ်းမှု အားလုံးကို ထောက်ခံတယ်လို့ NUG က ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ဟာ ရိုဟင်ဂျာအရေးတွက်အဖြေရှာဖို့ ‘ကိုဖီအာနန်ကော်မရှင်‘ ကို ဖွဲ့စည်းတာ အပါအဝင် နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို စစ်ခေါင်းဆောင်နဲ့အတူတူ ထည့်သွင်းဖမ်းဝရမ်း ထုတ်တာက မှားယွင်းတဲ့ဆောင်ရွက်ချက်ဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုထည့်သွင်းတာဟာ ရိုဟင်ဂျာနဲ့ တခြားပြည်သူလူထုကြား နည်းလည်မှုလွဲနိုင်သလို ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနဲ့ မြန်မာ့နိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးကို များစွာ အနှောင့်အယှက် အဟန့်အတား ဖြစ်လာနိုင်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
……………………………………..
စက်တပ်လေထီးတွေသုံးပြီး ဗုံးကြဲတာတွေ စစ်ကောင်စီလုပ်လာ

စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ ပါရာမော်တာလို့ ခေါ်တဲ့ လူစီး စက်တပ်လေထီးတွေကို အသုံးပြုလာပါတယ်။
အရပ်သားပြည်သူတွေကို တိုက်ခိုက် သတ်ဖြတ်ဖို့အတွက် စစ်ကောင်စီတပ်ဟာ စက်တပ်လေထီးတွေကို ပြီးခဲ့တဲ့နှစ်လ အတွင်း စတင်အသုံးပြုလာတာလို့ မြန်မာအရပ်ဖက်အဖွဲ့အစည်း ၁၂၀ ကျော်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ဖေဖော်ဝါရီလ ၂၀ ရက်က ပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ ထည့်သွင်း ရေးသားထားပါတယ်။ စက်တပ်လေထီးနဲ့ တိုက်ခိုက် တာကြောင့် လူဒါနဲ့ချီ သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အခုသီတင်းပတ်အတွင်းမှာလည်း စက်တပ်လေထီသုံးပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေပါတယ်။ စစ်ကိုင်းတိုင်း ကနီမြို့နယ် ကို ဖေဖော်ဝါရီလ ၁၈ ရက်မှာ ပါရာမော်တာနဲ့ ဗုံးကြဲတာကြောင့် ကလေးငယ်အပါအဝင် လူငါးဦးသေဆုံးတယ်လို့ ပြည်တွင်းသတင်းဌာနတချို့မှာ ဖော်ပြပါတယ်။
စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကို မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းတွေမှာ လုပ်ဆောင်နေပြီး စစ်ကောင်စီက လေယာဉ်ဆီ ချွေတာဖို့အတွက် အခုလို လုပ်ဆောင်လာတာလို့ RFA Burmese သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အခုသီတင်းပတ်အတွင်း ရခိုင်၊ ချင်း၊ ကချင်၊ မွန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီစတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ လေကြောင်းကနေ ဗုံးကဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိနေပါ တယ်။ ဖေဖော်ဝါရီလ ၂၀ရက်မှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နဲ့ ကျေးရွာ ရှစ်ရွာကို လေယာဉ်နဲ့ ဗုံးအလုံးရေ ဆယ်ချီ ကြဲပြီး တိုက်ခိုက်တာကြောင့် အရပ်သားလေးဦးသေဆုံးပြီး ၁၇ဦးဒဏ်ရာရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
……………………………………..
ပုပ်ရဟန်းမင်းကြီးနေရာ ဆက်ခံနိုင်သူတွေထဲမှာ ကာဒီနယ်ချားလ်စ်ဘိုပါဝင်

ကျန်းမာရေးဆိုးရွားနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နေရာကို ဆက်ခံနိုင်မယ့် ကမ္ဘာတစ်ဝန်းက ဆရာတော်ကြီး ၁၂ပါးထဲမှာ မြန်မာနိုင်ငံက ကာဒီနယ် ချားလ်စ်မောင်ဘို ပါဝင်နေပါတယ်။
ကာဒီနယ် ချားလ်စ်မောင်ဘိုဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ကျန်းမာရေးဆိုးရွားလို့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရာချိန် ပုပ်ရဟန်းမင်းကြီးနေရာ ဆက်ခံနိုင်သူတွေ လျာထားလာတာပါ။
ကာဒီနယ် ချားလ်စ်မောင်ဘိုဟာ လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို အလေးထားသူဖြစ်ပြီး အာရှတိုက်ရဲ့ စိန်ခေါ်မှုတွေ ကိုလည်း နားလည်သူဖြစ်တယ်ကြောင့် ပုပ်ရဟန်းမင်းကြီးနေရာအတွက် သင့်တော်သူဖြစ်တယ်လို့ အမေရိကန် အခြေစိုက် ကက်သလစ်သတင်းစာတစ်စောင်ဖြစ်တဲ့ The Remnant က ရေးသားဖော်ပြပါတယ်။
……………………………………..