ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းရှိ သာယာမွန်ရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၂၂ရက် မွန်းလွဲပိုင်းက Hijet အမျိုးအစား ကားတစ်စီး တိမ်းမှောက်ပြီး ကားပေါ်ပါသူသုံးဦး ဒဏ်ရာရကြောင်း ကူညီဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်များ ထံမှ သိရသည် ။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ရွာမှ ငါးထည့်သည့်ရေခဲပုံးများတင်ဆောင်၍ ထားဝယ်မြို့ဘက်သို့မောင်းနှင်လာစဥ် ကားတာယာ တစ်လုံးကွဲထွက်၍ မြောင်းထဲထိုးကျပြီး တိမ်းမှောက်ခြင်းဖြစ်ကြောင်း ကားမောင်းသူ၏ ပြောပြချက်ကို ကိုးကား၍ ဣစ္ဆာသယ လူမှုကူညီကယ်ဆယ်ရေးအသင်းဝင်တစ်ဦးက ပြောသည် ။
ကားတိမ်းမှောက်မှုကြောင့် အသက် ၃၀ ကျော်အရွယ် ကားမောင်းသူ အမျိုးသား၊ ၎င်း၏ဇနီးနှင့် သားဖြစ်သူတို့သုံးဦး ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။
“ကားက မြောင်းထဲထိုးကျပြီး ငါးပုံး (ရေခဲပုံးတွေ) ဖိသွားတာပေါ့။ ဒရိုင်ဘာက ခါးမှာထိတယ်။ ကျန်နှစ်ယောက်လည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဒဏ်ရာမရကြဘူး” ဟု ဣစ္ဆာသယလူမှုကူညီကယ်ဆယ်ရေးအသင်းဝင်က ပြောဆိုသည်။
ကားတိမ်းမှောက်သည်ကို ရန်ကုန်မှ လူနာပို့၍ ပြန်လာသည့် ထားဝယ်အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့က တွေ့ရှိ၍ ဒဏ်ရာရသူများကို မလွှဲတောင်အထိ သယ်ဆောင်သွားပေးပြီး မလွှဲတောင်မှ ရေးမြို့နယ် ဆေးရုံသို့ ဣစ္ဆာသယလူမှုကူညီကယ်ဆယ်ရေးအသင်းက ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းများထံမှ သိရသည်။