သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကဇိကျေးရွာဖက်မှတစ်ဆင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခဲ့ပြီး ဥတ္တူကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။
“မနေ့က မနက် ၈ နာရီလောက်ကနေစပြီး တိုက်ပွဲဖြစ်တာပဲ။ အဲဒီအချိန်ကစပြီး ပစ်နေကြတာ တစ်နေ့လုံး နားလိုက်ပြန်ပစ်လိုက် လုပ်နေကြတာ” ဟု ဥတ္တူရွာခံတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားနေသဖြင့် အနီးအနားရှိ ကျေးရွာငါးရွာထက်မနည်းက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောဆိုသည်။
“မဲနယ်အိုး၊ ပန်းပြင်၊ ဥတ္တူ အများကြီးပဲ၊ ငါးရွာလောက်အနည်းဆုံးရှိတယ်၊ အခုရှောင်နေရတာ” ဟု ဒေသခံအခြားတစ်ဦးက ဆိုသည်။
တိုက်ပွဲအတွင်း ဒေါင်းညီနောင်စစ်ကြောင်းက တပ်ဖွဲ့ဝင်သုံးဦး သေဆုံးကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။
ဒေါင်းညီနောင်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံထံ Dawei Watch က ဆက်သွယ်ခဲ့ရာ လတ်တလော ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်မှုရှိနေကြောင်း ဒေသခံတို့ကပြောသည်။
စစ်ကောင်စီတပ်သည် ဥတ္တူကျေးရွာအနီးတွင် ဆက်ရှိနေဆဲဖြစ်သည့်အပြင် ရန်တောင်၊ သင်းကျွန်း၊ ကျောက်လှေကားကျေးရွာများဘက်သို့လည်း စစ်ကြောင်းဦးတည်နေသည်ဟု သတင်းကြားရကြောင်း ဒေသခံတစ်ဦးက ယနေ့ ဖေဖော်ဝါရီလ ၂၂ရက် ညနေ ၃ နာရီကျော်တွင် ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်း ဥတ္တူကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ် ခြောက်လုံးကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။