BREAKING
February 22, 2025

လောင်းကစားဝိုင်းများ၏ နောက်ကွယ်

February 22, 2025

ဒေါ်ထွေးစိန်(အမည်လွှဲ)တစ်ယောက် အင်္ကျီပင်မကပ်နိုင်။ ထဘီရင်ရှားဖြင့် ကလေးတစ်ယောက် လက်ဆွဲပြီး အိမ်တကာပတ် ပိုက်ဆံလိုက်ချေးနေရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်နေသည့် ခင်ပွန်းဖြစ်သူက ပုံမှန်ငွေပို့နေသော်လည်း သူ့မှာစားဖို့ပင် နပ်မမှန်အောင်ဖြစ်နေရသည်။ ထိုင်းမှပို့လိုက်သည့် ငွေစလေးများမှာ လောင်းကစားဝိုင်းတွင် အရည်ပျော်သွားရှာပေပြီ။

ယခင်ကတည်းက လောင်းကစားဝါသနာထုံသော ဒေါ်ထွေးစိန် ငွေမျော ငွေ‌နှင့်လိုက်ရာမှ ယခုမူ လူတကာထံ မျက်နှာအောက်ကျို့ပြီး ‌ပိုက်ဆံလိုက်ချေးနေရရှာသည်။

“အပျင်းပြေဆိုပြီး ဝင်ကစားရင်းကနေ အပျော်ကနေ အပျက်ဖြစ်သွားတာ” ဟု ဒေါ်ထွေးစိန်ကဆိုသည်။

သူနောင်တရသည့်အချိန်တွင် ငွေကျပ် ၁၃ သိန်းကျော်ရှုံးနေပေပြီ။

ဒေါ်ထွေးစိန်တွင် မိသားစုသုံးဦးသာရှိသည်။ ကြုံရာကျပန်းလုပ်ပြီး တစ်နေ့လုပ် တစ်နေ့စားရသည့် ဒေါ်ထွေးစိန်တို့အတွက် ငွေကျပ်ဆယ်သိန်းကျော်ဆိုသည်မှာ မနည်းလှ။ ချွေတာစားလျှင် သုံးလခန့် အသုံးပြုနိုင်သည့် ပမာဏဖြစ်သည်။

လောင်းလုံးမြို့နယ်တွင် လောင်းကစားဝိုင်းများ မိုးဦးကျမှိုပေါက်သလို အစီအရီ အပြိုင်အဆိုင် ပေါ်လာချိန်တွင် လောင်းလုံးဒေသခံ ဒေါ်ထွေးစိန်လည်း လောင်းကစားဝိုင်း ရောက်သွားရခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးချိန်မှစကာ တနင်္သာရီတိုင်းအတွင်း လွတ်လွတ်လပ်လပ် စီးပွားဖြစ် လုပ်ကိုင်နေသည့် တစ်ခုတည်းသော လုပ်ငန်းများမှာ လောင်းကစားလုပ်ငန်းဖြစ်သည်။

တစ်လုံး၊နှစ်လုံး၊သုံးလုံးမှသည် အွန်လိုင်းလောင်းကစားမျိုးစုံ ရှိနေသည့်အပြင် ယခုပိုဆိုးလာသည်က ငွေကျပ်ရာချီအထိ ထိုးနိုင်သည့် လောင်းကစားဝိုင်းများ ကျေးရွာများတွင် ဖွင့်လှစ်လုပ်ကိုင်လာခြင်း ဖြစ်သည်။

ယခင်က စစ်ကောင်စီထိန်းချုပ် နယ်မြေများတွင်သာ လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် ရှိသော်လည်း ယခုအခါ တော်လှန်ရေးအဖွဲ့များ ကြီးစိုးလာသည့် ဒေသများတွင်ပါ လောင်းကစားဝိုင်းများက ပုံစံမျိုးစုံဖြင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။

လောင်းကစားဝိုင်းများ အားကောင်းလာမှုနှင့်အတူ လူမှုရေးပြဿနာများ၊ ခိုး၊ဆိုး၊လုနှိုက်များလည်း များလာကာ နယ်မြေအေးချမ်းမှုလည်း လျော့ကျလာသည်။ လောင်းကစားဝိုင်းများ မည်သည့်အတွက်ကြောင့် ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေနိုင်ကြသနည်း။

ဘယ်သူခွင့်ပြုထားလဲ

ခေတ်အဆက်ဆက်တွင် လောင်းကစားဝိုင်းများသည် လူထုကြားထဲ ပုံစံအမျိုးမျိုးဖြင့် ရှင်သန်လျက်ရှိသည်။ ယခင်ကလည်း ရှိခဲ့သည်။ ယခုလည်းရှိဆဲ၊ နောက်လည်းဆက်ရှိနေမည်သာ။ ဥပဒေအရမူ လောင်းကစားဝိုင်းများသည် တရားမဝင်ဟုဆိုသည်။

ထိုသို့တရားမဝင်သော လုပ်ငန်းတိုင်း၏နောက်ကွယ်တွင် အာဏာပိုင်တစ်စုံတစ်ယောက် သို့မဟုတ် အစုအဖွဲ့တစ်ခုခု ရှိနေတတ်စမြဲပင်။ ထိုသူများကို “နောက်ကွယ်က လက်မဲကြီး” ဟု တင်းစားခေါ်ဝေါ်လေ့ရှိသည်။

လောင်းကစားသမားများသည် ပွဲဖြစ်မြောက်ရေးအတွက် ဆိုင်ရာ၊ ပိုင်ရာများ လက်မဲကြီးများကို

ချဉ်းကပ်ကြရသည်။ ပသကြရသည်။ ရေလောင်းကြရသည်။ ထိုနည်းဖြင့် လူထုကြားထဲ လောင်းကစားဝိုင်းများ ရှင်သန်နေခြင်းဖြစ်သည်။

ဥပဒေစိုးမိုးမှုမရှိ လုပ်ချင်တိုင်းလုပ်ခွင့်ရှိနေသည့် ယခုကဲ့သို့ ခေတ်ပျက်ချိန်တွင် ငွေရလွယ်သည့် လောင်းကစားဝိုင်းကဲ့သို့သော တရားမဲ့လုပ်ငန်းများ မင်းမူကြီးစိုးလာသည်။

စစ်ကောင်စီထိန်းချုပ်ရာ ဒေသများတွင် လောင်းကစားဝိုင်းများ မင်းမူနေသလို တော်လှန်ရေး အဖွဲ့များ ကြီးစိုးရာ ဒေသများတွင်လည်း လောင်းကစားဝိုင်းများ စည်ကားနေသည်။ လက်မဲကြီးများက နေရာတိုင်းတွင် ပုံစံမျိုးစုံဖြင့် ရှိနေကြသည်။

စစ်ကောင်စီ၏ လက်မဲကြီး

စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဒေသများတွင် လောင်းကစားဝိုင်းများ အလွယ်တကူ ဖွင့်လှစ်လုပ်ကိုင် နိုင်ကြသည်။ ယင်းကြောင့်လည်း အာဏာသိမ်းပြီးကတည်းက ဒေသအများအပြားတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့များ၏ ခွင့်ပြုမှုဖြင့် အပြိုင်းအရိုင်း လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ထိုလောင်းကစားဝိုင်းများကို ဦးဆောင်သူများမှာ စစ်တပ်ကလက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများဖြစ်သည်။ အချို့နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင် ယူနီဖောင်းအပြည့်၊ လက်နက်အပြည့်ကိုင်ဆောင်ကာ လုံခြုံရေးယူပေးပြီး လောင်းကစားဝိုင်းကို ပေါ်ပေါ်ထင်ထင်ပြုလုပ်နေကြသည်။

အချို့လောင်းကစားဝိုင်းများမှာ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များအနီးတွင်ပင် ပေါ်ပေါ်ထင်ထင် ပြုလုပ်ခွင့်ရနေကြသည်။

ထားဝယ်မြို့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့်ကပ်လျက် သပြေချောင်းကျေးရွာက လောင်းကစားဝိုင်း၊ ထားဝယ်မြို့ထဲရှိ စစ်ကောင်စီတပ် တပ်စွဲထားသော နတလကျောင်း (နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကျောင်း) ရှိသည့် ကြက်စားပြင်ရပ်ကွက်တို့တွင် လောင်းကစားဝိုင်းများကို တွေ့နိုင်သည်။

ယင်းအပြင် မောရဝတီရေတပ်စခန်းဌာနချုပ် စိုးမိုးရာ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင်လည်း လောင်းကစားဝိုင်းများကို ရေတပ်အားကိုးဖြင့် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လက်နက်ကိုင်ပျူစောထီးများက ဦးဆောင်ပြုလုပ်နေကြသည်။

အလားတူ မြိတ်မြို့တွင်လည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၏ ခွင့်ပြုမှုဖြင့် ကျွဲကူးရွာ၊ သဘွတ်ကျေးရွာ၊ ဒေါကျေးရွာ၊ စန္ဒဝတ်ကျေးရွာတို့တွင် လောင်းကစားဝိုင်းများပြုလုပ်နေကြသည်။

သဘွတ်ကျေးရွာအနီးတွင် စစ်ကောင်စီအမှတ် ၁၀၁ တပ်ရင်းတည်ရှိပြီး ဒေါကျေးရွာတွင်လည်း စစ်ကောင်စီတပ်က တပ်စွဲထားသည်။ ကော့သောင်းမြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ကြီးစိုးရာ ရှမ်းကိုးရွာဒေသတွင် လောင်းကစားဝိုင်းများ အကြီးအကျယ်ပြုလုပ်ကြသည်။

ယင်းသို့ပင် စစ်ကောင်စီနှင့် လက်ဝေခံများ ခွင့်ပြုချက်ယူကာ ပုံစံအမျိုးမျိုးဖြင့် လုပ်ကိုင်နေသည့် လောင်းကစားဝိုင်းအများအပြား တနင်္သာရီတိုင်းတွင် ရှိနေသည်။ လောင်းကစားဝိုင်းများသို့ သွားရောက် ကစားရာတွင် အဖမ်းခံရမည်ကို စိုးရိမ်စရာမလိုကြောင်း ထိုးသားများကပြောဆိုကြသည်။

“အဖမ်းခံရမှာ ပူစရာမလိုပါဘူး။ ဝိုင်းမှာ နယ်ထိန်းရော၊ အုပ်ချုပ်ရေးမှူးရော အမြဲတမ်း ကိုယ်တိုင် လာကစားနေကြတယ်။ တစ်ခါမှ ဖမ်းခံရတာမရှိဖူးဘူး” ဟု ကိုယ်တိုင်လောင်းကစားဝိုင်းများကို သွားရောက်နေသည့် ကံပေါက်ဒေသခံ လူငယ်တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်အတွက် ခွဲတမ်း

စစ်ကောင်စီထိန်းချုပ်ထားသည့်ဒေသက လောင်းကစားဝိုင်းများသည် ရိုးရာနတ်ပွဲ အကြောင်းပြ လုပ်ကြသည့်အပြင် လမ်း၊ တံတားတည်ဆောင်ရန် ရန်ပုံငွေပွဲဆိုကာ ပြုလုပ်သည်လည်းရှိသည်။

အကြောင်းပြချက်တစ်မျိုးမျိုးဖြင့် လောင်းကစားဝိုင်းကို ခုနစ်ရက် သို့မဟုတ် ဆယ်ရက်ဝန်းကျင် ကျင်းပလေ့ရှိပြီး ရလာသည့်အကောက်ငွေများကို အုပ်ချုပ်ရေးမှူးထံ အချိုးကျခွဲဝေပေးရကြောင်း လောင်းကစားဒိုင်တစ်ဦးက Dawei Watch ကို ပြောဆိုသည်။

“ခုနစ်ရက်၊ တစ်ပတ်ကို (ကျပ်) သိန်းနှစ်ဆယ်က လူကြီးမင်း (ရပ်ကျေးအုပ်ချုပ်ရေးမှူး) ကိုပေးရတယ်။ (ကျေးရွာ) ရန်ပုံငွေဆိုတာက အဲဒီအထဲ ပြန်ခွဲတာ။ ပွဲက လုပ်ရင်းနဲ့ တစ်ပတ်ကျော်သွားရင် ခုနစ်ရက် တစ်ပတ်နှုန်းအတိုင်း ထပ်ပေးရတယ်” ဟု ၎င်းက ရှင်းပြသည်။

အထက်ပါ အမည်မဖော်လိုသည့် လောင်းကစားဒိုင်၏ ပြောပြချက်အရ ကြက်ဝိုင်းတစ်ဝိုင်း ၊ အန်ဂလုံဝိုင်း နှစ်ဝိုင်း ၊ နီထောင်ဝိုင်းတစ်ဝိုင်းနှင့် လေးပြားဝိုင်း တစ်ဝိုင်းပါဝင်သော ပွဲတစ်ပွဲ၏ တစ်ရက်အကောက်ရရှိငွေမှာ ကျပ်သိန်း ၃၀ ဝန်းကျင်ရှိသည်ဟုဆိုသည်။

ယင်းအကောက်များထဲမှာ သုံးပုံနှစ်ပုံနှင့် ညီမျှသည့် ကျပ်သိန်း ၂၀ ကို ခွင့်ပြုပေးသည့် အုပ်ချုပ်ရေးမှူးကိုပေးရပြီး ကျန်သည့်တစ်ပုံ (ကျပ်ဆယ်သိန်း) ကို ကန်ထရိုက်က ရရှိသည်ဟုဆိုသည်။

ဝိုင်းကြီးလျှင် ကြီးသလောက် အကောက်အရများသဖြင့် အကျိုးအမြတ်လည်းများကြသည်။ ထိုအတွက်ကြောင့် လောင်းကစားဝိုင်းများမှာ အစပိုင်းတွင် ကြေးနည်းနည်း၊ ဝိုင်းအရေအတွက် နည်းကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကြေးကြီးလာပြီး လောင်းကစားအမျိုးအစားလည်း ပုံစုံလာကြသည်။

တံတားဆောက်ရန်၊ လမ်းပြုပြင်ရန် ရန်ပုံငွေအကြောင်းပြ လောင်းကစားဝိုင်းများမှာ ရိုးရာနတ်ပွဲအကြောင်းပြ လောင်းကစားဝိုင်းများထက် ရက်ပိုကြာ၊ ကြေးပိုကြီးသဖြင့် အကောက်လည်းပိုရကြောင်း လောင်းကစားဒိုင်အချို့က ပြောသည်။

ထားဝယ်မြို့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တည်ရှိရာ သပြေချောင်းရွာရှိ လောင်းကစားဒိုင်တစ်ဦး၏ ပြောပြချက်အရ ရန်ပုံငွေအကြောင်းပြ လောင်းကစားဝိုင်းများသည် တစ်လခန့်အထိကြာလေ့ရှိပြီး ၁၅ ရက်လျှင်တစ်ကြိမ် အုပ်ချုပ်ရေးမှူးထံ ပိုက်ဆံပေးရလေ့ရှိသည်ဟု ဆိုသည်။ တစ်ကြိမ်ပေးလျှင် အနည်းဆုံး ကျပ်သိန်း ၃၀ ပေးရကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရလာသည့် အကောက်ငွေကြေးများကို ခွင့်ပြုပေးသူ အုပ်ချုပ်ရေးမှူး သို့မဟုတ် လက်နက်ကိုင် ပျူစောထီးတို့ထံ ခွဲဝေပေးသည်။ အုပ်ချုပ်ရေးမှူး၊ လက်နက်ကိုင်ပျူစောထီးတို့ကမှတစ်ဆင့် သက်ဆိုင်ရာ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တာဝန်ရှိသူများထံ စီးဝင်သွားခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများက ရပ်ရွာရန်ပုံငွေအတွက် လောင်းကစားဝိုင်းများ ပြုလုပ်သည်ဟုဆိုသော်လည်း ဒေသခံတို့ကမူ လောင်းကစားဝိုင်းမှရငွေများမှာ ရပ်ရွာတွင် ပြန်အသုံးပြုသည်ကို မတွေ့ရကြောင်းပြောဆိုကြသည်။

“ကန်ထရိုက်တွေက လောင်းကစားဝိုင်းထောင်ဖို့ လမ်းပျက်၊ တံတားပျက်လိုက်ရှာနေကြတာ။ မှတ်မှတ်ရရ ဘောလုံးကွင်းလမ်းခင်းတုန်းက လောင်းကစားဝိုင်းထောင်ပြီး ရတဲ့အမြတ်ထဲက ဆယ်သိန်းကို အုပ်ချုပ်ရေးမှူး နာမည်နဲ့ လာလှူတာ တစ်ခါပဲတွေ့ဖူးတယ်” ဟု ကံပေါက်ဒေသခံတစ်ဦးက ပြောဆိုသည်။

တော်လှန်နယ်မြေက လောင်းကစားဝိုင်း

တိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်ဒေသများတွင်ပါ ယခုနောက်ပိုင်း လောင်းကစားဝိုင်းများ ပိုမိုပြုလုပ်လာသည်ကိုတွေ့ရသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တော်လှန်ရေးတပ်များထိန်းချုပ်နယ်မြေအတွင်း လောင်းကစားပြုလုပ်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ပိတ်ပင်ထားနိုင်ခဲ့သည်။

ဒေသအသီးသီးရှိ တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ကြေညာချက်အသီးသီးထုတ်ပြန်ပြီး လောင်းကစားဝိုင်းမပြုလုပ်ရန် တားမြစ်သကဲ့သို့ လောင်းကစားဝိုင်းများကို ဝင်ရောက်ဖမ်းဆီးခြင်း၊ သေနတ်ပစ်ဖောက်သတိပေးခြင်း၊ လောင်းကစားပြုလုပ်သူများကို ရိုက်နှက်ဒဏ်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ယင်းကဲ့သို့ တင်းကျပ်ထားမှုကြောင့် ထိုသုံးနှစ်တာအတွင်း တော်လှန်ရေးတပ် ထိန်းချုပ်ဒေသများတွင် လောင်းကစားဝိုင်းများ မရှိသလောက်ပင်ဖြစ်သည်။

သို့သော် ၂၀၂၄ နှစ်စပိုင်းမှ လက်ရှိအချိန်အထိ တော်လှန်ရေးနယ်မြေများအတွင်း ရိုးရာနတ်ပွဲ အကြောင်းပြ လောင်းကစားဝိုင်းများ ကျေးရွာတိုင်းနီးပါးတွင် အလျှိုလျှိုပေါ်လာခဲ့ကြသည်။

Dawei Watch က ရရှိထားသည့် အချက်အလက်များအရ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်တို့ရှိ တော်လှန်ရေးတပ် ထိန်းချုပ်ဒေသများတွင် နတ်ပွဲအကြောင်းပြု လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြသည်။

စုံစမ်းမှုများအရ တော်လှန်ရေးတပ်ထိန်းချုပ်ဒေသ အထူးသဖြင့် ထားဝယ်ခရိုင်အတွင်း ယခုနောက်ပိုင်း ပြုလုပ်လာကြသည့် လောင်းကစားဝိုင်းများနောက်ကွယ်တွင် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့ သို့မဟုတ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ ပါဝင်ပတ်သက်နေကြကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

Dawei Watch က ရရှိထားသည့် အထောက်အထားများအရ အချို့တော်လှန်ရေးသမားများကိုယ်တိုင် လောင်းကစားလုပ်နေသည်မျိုးရှိသလို အချို့ဒေသများတွင် လောင်းကစားဝိုင်းများကို ငွေကြေးယူကာ ခွင့်ပြုပေးသူများတွင် ပကဖ၊ ပအဖ အဖွဲ့ဝင်များ ပါဝင်ပတ်သက်နေကြသည်။

နတ်ပွဲအကြောင်းပြ လောင်းကစားဝိုင်းဖြစ်မြောက်ရန်အတွက် ပကဖ၊ ပအဖ စသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များထံ ခွင့်ပြုချက်တောင်းခံရကြောင်း လောင်းလုံးမြို့နယ်ရှိ လောင်းကစားဝိုင်း ဦးဆောင်သူတစ်ဦးက ပြောသည်။

၎င်းလောင်းကစားဝိုင်းဦးဆောင်သူ၏ အတွေ့အကြုံအရ လောင်းကစားဝိုင်း အကောက်ကောက်ရာမှ ရရှိသည့်ငွေကြေးအနက် ကျပ် ၁၉ သိန်းကို ပကဖ တပ်ဖွဲ့ဝင်တစ်ဦးအား ပေးခဲ့ရကြောင်းပြောဆိုသည်။

“ဘယ်လောက်ပေးရမယ်ဆိုတာ သတ်မှတ်ထားတာမရှိဘူး။ ကျွန်တော်တို့အဆင်ပြေရင် အဆင်ပြေသလောက် ပေးရတယ်။ ပေးသလောက်ကိုပဲ သူတို့ယူတယ်” ဟု လောင်းကစားဝိုင်း ဦးဆောင်သူ လောင်းလုံးဒေသခံတစ်ဦးက ပြောဆိုသည်။

လောင်းလုံးမြို့နယ်အတွင်း ယခုနောက်ပိုင်းပေါ်လာသည့် လောင်းကစားဝိုင်းအားလုံးနီးပါးမှာ ယင်းအနည်းအတိုင်း ပြုလုပ်လာကြခြင်းဖြစ်သည်။

သရက်ချောင်းမြို့နယ်တွင်လည်း ယခုနောက်ပိုင်းပြုလုပ်လာသည့် နတ်ပွဲအကြောင်းပြ လောင်းကစားဝိုင်းများကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့က ခွင့်ပြုချက်ပေးထားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့လည်း လောင်းကစားဝိုင်းထဲ ပါဝင်လောင်းကစားနေကြောင်း ဒေသခံတို့က ပြောဆိုသည်။

ထိုကဲ့သို့ တော်လှန်ရေးတပ် စိုးမိုးနယ်မြေများတွင် ကျပ်သိန်းရာချီသည့် လောင်းကစားဝိုင်းများ ပေါ်ပေါက်လာသည့်အပေါ် ဒေသခံ‌များကလည်း ဝေဖန်‌ပြောဆိုလာကြသည်။

တော်လှန်ရေးတပ်ဖွဲ့ ဖြေရှင်းချက်

ပြည်သူများတိုင်ကြားလာသည်များကို သက်ဆိုင်ရာ မြို့နယ် ပအဖအဖွဲ့ထံကို အစီရင်ခံတင်ပြပြီး ညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာ မြို့နယ် ပကဖ တပ်ဖွဲ့ဝင်နှင့် PDF တပ်ရင်းများက လောင်းကစားဝိုင်းများကို ဖမ်းဆီး အရေးယူနေကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

တော်လှန်ရေးအင်အားစု လက်လှမ်းမီသည့် ဒေသတို့တွင်မူ လောင်းကစားဝိုင်းများကို အရေးယူရန် အခက်အခဲ မရှိသော်လည်း စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ လောင်းကစားဝိုင်းများကိုမူ အရေးယူရန် အခက်အခဲရှိကြောင်း ၎င်းက ဆက်ပြောသည်။

ရေဖြူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော ဒေါနတပ်ခွဲ ၄ ကံပေါက် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်အောင်ပန်းကလည်း လောင်းကစားဝိုင်းများမပြုလုပ်ရန် အရင်သတိပေးပြီးမှ အရေးယူခြင်းပြုလုပ်ကြောင်း ပြောဆိုသည်။

သရက်ချောင်းမြို့နယ်တွင်လှုပ်ရှားသည့် ဒေါင်းညီနောင်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံကလည်း ၎င်းတို့စိုးမိုးဒေသတွင် ပေါ်ပေါက်လာသည့် လောင်းကစားဝိုင်းများကို တရာဝင်းခွင့်ပြုချက် ပေးထားခြင်း မရှိကြောင်းနှင့် လောင်းကစားဝိုင်းထံမှ ငွေကြေးကောက်ခံခြင်းလည်း မရှိကြောင်း Dawei Watch ကို ဖြေဆိုခဲ့ဖူးသည်။

“တရားဝင်ခွင့်ပြုထားတာမျိုးတော့မရှိဘူး။ ဒါကရိုးရာလိုမျိုးတော့ဖြစ်နေတာပေါ့နော်။ နတ်ပွဲမှာ ကြက်ပွဲတွေဘာတွေတော့ ရှိကြတာပဲ။ ဒါကိုခွင့်ပြုထားတာမျိုးတော့မရှိဘူး။ နားလည်မှုနဲ့ပေါ့နော်။ သုံးလေးရက်ကတော့ ပြည်သူလူထုက သူတို့ဘာသာ ထွက်ပေါက်အနေနဲ့ လုပ်နေတဲ့ကိစ္စကို ကျွန်တော်တို့အနေနဲ့ ကန့်ကွက်စရာလည်း မရှိဘူးပေါ့နော်။ ခွင့်ပြုစရာလည်းမရှိဘူး” ဟု ၎င်းက ပြောသည်။

လောင်းလုံးမြို့နယ် ပကဖ ဒုတာဝန်ခံကလည်း လောင်းကစားဝိုင်းများကို ယခင်ကလည်း ခွင့်မပြုသလို ယခုလက်ခွင့်ပြုထားခြင်းလည်း မရှိကြောင်း၊ တပ်ဖွဲ့ဝင်များ လောင်းကစားဝိုင်းတွင် ငွေကြေးရယူမှုရှိပါက စစ်ဆေးအရေးယူမည်ဟု ‌ပြောဆိုထားသည်။

လောင်းကစား ဒဏ်

လောင်းကစားဝိုင်းများ ရှင်သန်လာခြင်းနှင့်အတူ ပြည်သူများမှာ ပိုမိုကျပ်တည်း ခက်ခဲလာနေသည်။ လောင်းကစားကြောင့် ဘဝပျက်သူများရှိသလို လောင်းကစားနှင့်နွယ်၍ ခိုးဆိုး၊ လုယက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများလည်း ဖြစ်ပွားလာသည်။

ထားဝယ်မြို့ အနီး ရွာတစ်ရွာမှ မစိုး(အမည်လွှဲ)မှာ ကွမ်းယာဆိုင်ရောင်း၍ အသက်မွေးရင်း ခင်ပွန်းသည်နှင့်အတူ နေထိုင်ကာ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင် စီးပွားရေးဖြင့် နေထိုင်ခဲ့သည်။ သို့သော် လက်ရှိတွင် ရှိသမျှရောင်းချကာ ခြေဦးတည့်ရာ ထွက်သွားရပြီဖြစ်သည်။

မစိုးမှာယခင်က လောင်းကစားနှင့်ပတ်သက်၍ ထိတွေ့ဆက်စပ်မှု မရှိသူဖြစ်သော်လည်း သူနေထိုင်သည့် ရွာ တွင် ရက်ရှည်လာလုပ်သည့် လောင်ကစားဝိုင်းက မစိုးကို ယခုဘဝသို့ တွန်းပို့လိုက်ခြင်းဖြစ်ကြောင်း ၎င်း၏မိတ်ဆွေက Dawei Watch ကိုပြောပြသည်။

“အရင်က သူ(မစိုး)က လောင်းကစားမလုပ်တတ်ဘူး။ ရွာကို ဝိုင်းရောက်လာတော့ နေ့ခင်းဘက် အားပြီဆိုရင် ဝိုင်းကိုပဲသွားတယ်။ ကျွန်တော်တို့ကလည်း သတိပေးပါတယ်။ ကိုယ်မကျွမ်းကျင်တဲ့ အရာမို့ အပျော်သဘောပဲဆော့လို့ ပြောပြတယ်။ သူကလည်း သူထိုးစရာမလိုဘူး သူကိုထိုးပေးမယ့်လူရှိတယ်ဆိုပြီး သွားကစားတယ်” ဟု ၎င်းကဆိုသည်။

ဤသို့ လောင်းကစားလိုက် ရှုံးလိုက်ဖြင့်ပင် နှစ်လခန့်ကြာသော် မစိုး တွင် ရှိသမျှပိုက်ဆံကုန်လာပြီဖြစ်၍ ကိုယ်ပိုင်အိမ်ကို ရောင်းရသည်အထိ ဖြစ်သွားခဲ့သည်။

မစိုး၏ ခင်ပွန်းမှာလည်း အိမ်ရောင်းရလိုက်ရပြီးနောက် စိတ်ဓာတ်ကျကာ အရက်ကို ပိုဖိသောက်ရာက လပိုင်းအတွင်းမှာပင် ကွယ်လွန်သွားခဲ့သည်။

မစိုးလည်း ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးနောက် ကွမ်းယာဆိုင်ကို ဆွေမျိုးနီးစပ်သူတစ်ဦးထံ ရောင်းချပြီး ကျေးရွာမှထွက်သွားခဲ့သည်မှာ ယနေ့အထိ ပြန်မတွေ့ရတော့ဟု ၎င်း၏မိတ်ဆွေကဆိုသည်။

ယင်းအချိန်တွင် မစိုး တို့ ရွာ မှ လောင်းကစားဝိုင်း လည်း ထားဝယ်မြို့ပေါ်တစ်နေရာသို့ရွှေ့သွားခဲ့သည်။

ဒေါ်ထွေးစိန်မှာလည်း ခင်ပွန်းဖြစ်သူ ထိုင်းသို့သွားရန် ချေးထားသည့် ငွေကျပ် ၁၆ သိန်းကို ပြန်ဆပ်နိုင်ရန် ခင်ပွန်းကငွေပို့ပေးသော်လည်း လောင်းကစားဝိုင်းတွင် ကုန်သွားသဖြင့် အကြွေးပေါ်အကြွေးဆင့်နေသည့်အပြင် စားဖို့ပင်မရှိသည့် အခြေအနေကို ရင်ဆိုင်နေရသည်။

၎င်း၏အဖြစ်ကို ခင်ပွန်းဖြစ်သူကို အသိမပေးရဲ။ အကြွေးဆပ်ထားပြီဖြစ်ကြောင်း လိမ်ပြောထားသည်ဟုဆိုသည်။

မစိုး၊ ဒေါ်ထွေးစိန်တို့ကဲ့သို့ပင် လောင်းကစား၏ သားကောင်ဖြစ်ရသူများမှာ ရွာတိုင်းနီးပါးတွင် ရှိနေသည်။ ယင်းအပြင် ခိုးခံရမှု၊ လုယက်ခံရမှုများမှာလည်း အမြဲလိုလိုဖြစ်လာသဖြင့် ပြည်သူများမှာ လုံခြုံမှုကင်းမဲ့နေကြရသည်။

ပြည်သူများမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးမှု၊ နယ်မြေမအေးချမ်းမှုများ အပါအဝင် အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေရချိန်တွင် လောင်းကစားဒဏ်ကိုပါ ခံစားနေကြရသည်။

လောင်းကစား၏ သားကောင်ဖြစ်မှန်းမသိ ဖြစ်သွားရသည့် ဒေါ်ထွေးစိန်တို့လို လူများမှာလည်း ခေတ်ကျပ်တွင် ဒုက္ခကိုခါးစည်းခံရုံသာ ရှိတော့သည်။

“လောင်းကစားဆိုတာ မကောင်းမှန်းတော့သိပါတယ်။ ကိုယ်လုပ်တာမှားတယ်ဆိုတာလည်းသိတယ်။ အခုကလွန်သွားပြီဆိုတော့ မတတ်နိုင်တော့ဘူး” ဟု ဒေါ်ထွေးစိန်က ဆိုသည်။