မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာသော မြန်မာနိုင်ငံသား ၃၆ ဦးကို ဖေဖော်ဝါရီ ၂၁ ရက်က ထိုင်းတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၂၅ ခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။
ချွန်ဖော်ခရိုင် ထာ့စဲဒေသရှိ တောင်ခြေတောထဲတွင် မြန်မာနိုင်ငံသားများ တရားမဝင် ရောက်ရှိနေကြောင်း တိုင်ကြားလာသဖြင့် ခြေမြန်တပ်ရင်းက သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသား အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၁၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ကန်ချနဘူရီခရိုင်သို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ထိုင်းတောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်အထိသွားပြီး မလေးရှားနိုင်ငံထဲသို့ သွားရောက်လုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်း၊ ခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၅၀၀၀၀ စီ ကုန်ကျမည်ဖြစ်ပြီး မလေးရှားရောက်မှ ပေးချေရန် ပြောဆိုထားကြောင်း သိရသည်။
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုကြောင့် ယခုလအတွင်း မြန်မာနိုင်ငံသား ၈၅၀ ကျော်အထိ ဖမ်းဆီးခံထားရပြီး စစ်မှုထမ်းဥပဒေထုတ်ပြန်သော ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အများဆုံး ပြန်လည်ဖမ်းဆီးခံရသော အရေအတွက်ဖြစ်ကြောင်း Dawei Watch က ပြုစုထားသည့် အချက်အလက်များအရ သိရသည်။
Ref: หน่วยเฉพาะกิจกรมทหารราบที่25, DOE Chumphon