စစ်ကောင်စီတပ်က ထားဝယ်မြို့တွင် အဓမ္မစစ်မှုထမ်းဆောင်စေရန် ဖမ်းဆီးမှုများရှိနေချိန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က တော်လှန်ရေး တပ်သားသစ်များ ဖိတ်ခေါ်နေသည်။
ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားလျက်ရှိသည့် အမျိူသားညီညွတ်ရေးအစိုးရ တပ်ရင်းတပ်ဖွဲ့အချို့အပါအဝင် ဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ခုကလည်း တပ်သားအသစ်များ ခေါ်ယူလျက်ရှိသည်။
အမျိူသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တပ်ခွဲ (၇) ဖြစ်သည့် လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့( LPF) တို့က တပ်သားအသစ်ခေါ်ယူ နေခြင်းဖြစ်သည်။
“လက်ရှိမှာတော့ ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီက ပေါ်တာဆွဲဖို့ သတင်းထွက်နေတယ်ပေါ့နော်။ တကယ်လို့များ အဲဒါတွေဖြစ်လာခဲ့ရင် ( မြို့ပေါ်မှာ) ဆက်နေလို့မရတော့တဲ့သူတွေ ထိုင်းနိုင်ငံကိုသွားမယ့်အစား တော်လှန်ရေးထဲဝင်လာပြီး တော်လှန်ရေးလုပ်ကြဖို့ တောင်းဆိုချင်တယ်” ဟု ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
တော်လှန်ရေးကာလအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်အချို့ ကျဆုံးသွားခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ကျန်းမာရေးအခြေအနေ စသည့် အကြောင်းမျိုးမျိုးကြောင့် လျော့သွားသည့် တပ်ဖွဲ့ဝင်များနေရာတွင် အသစ်အစားထိုးရန်အတွက် တပ်သားသစ်ခေါ်ယူခြင်းဖြစ်ကြောင်း တပ်ဖွဲ့အချို့က ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်မှ ထားဝယ်မြို့အပါအဝင် မြို့ကြီးများရှိ လူငယ်များကို အဓမ္မစစ်မှုထမ်းဆောင်ရန် ခြိမ်းခြောက်ခေါ်ယူနေခြင်းကြောင့်လည်း တပ်သားသစ်များ ခေါ်ယူရခြင်းဖြစ်ကြောင်း လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အခုဆိုရင် ထားဝယ်မြို့ပေါ်မှာ လူငယ်၊ လူရွယ်တင်မကပဲ (စစ်ကောင်စီတပ်က) စိတ်မနှံ့တဲ့သူတွေပါ စစ်မှုထမ်းဖို့ခေါ်နေတာဆိုတော့ အဲဒီလိုလူတွေအတွက်လည်း အဆင်ပြေအောင် ကျွန်တော်တို့အတွက်လည်း အင်းအားရအောင်ပေါ့နော် အဲဒီရည်ရွယ်ချက်နှစ်ခုနဲ့ တပ်သားသစ်ခေါ်တာပါ” ၎င်းက ပြောဆိုသည်။
ထားဝယ်ခရိုင် ရေဖြူမြို့နယ်အခြေစိုက် ဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်(DNLA)ကလည်း တပ်ဖွဲ့ဝင်အသစ်များခေါ်ယူလျက်ရှိကြောင်း ယင်းတပ်ဖွဲ့ ဦးဆောင်သူတစ်ဦးက လူမူကွန်ရက်တွင် ရေးသာထားသည်။
ထားဝယ်မြို့အပါအဝင် တိုင်းအတွင်းရှိ စစ်ကောင်စီထိန်းချုပ်ထားသော မြို့များတွင်မူ လူငယ်များကို စစ်ကောင်စီတပ်က အဓမ္မစစ်မှုထမ်းဆောင်စေရန် အတင်းအကြပ်ဖိအားပေး စေခိုင်းမှုများရှိနေသည်။