မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက်တွင် စစ်ကောင်စီတပ်က အလုံးအရင်းဖြင့် အင်အားဖြည့်တင်းလာသည့်အတွက် ဒေသတွင်း တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်သည့် အခြေအနေရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
“တိုက်ပွဲကတော့ ရေးတောင်ပိုင်းရော၊ ရေးမြောက်ဘက်ရော ဖြစ်လာနိုင်တယ်။ တိုက်ပွဲ ပိုပြင်းထန်လာနိုင်မယ်” ဟု ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) နှင့် ၄ မိုင်ခန့်သာ ကွာဝေးသည့် ကျုံလောင်းရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
နှစ်ဖက် စစ်ရေးအခြေအနေသည် ဇန်နဝါရီလတတိယအပတ်ထိ တင်းမာနေဆဲဖြစ်သည့်အပြင် စစ်ကောင်စီဘက်က တပ်အင်အား ၃၀၀ ခန့်ကိုလည်း လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ကျုံလောင်းရွာဘက်ကို တပ်ဖြန့်ထားသည်။
“တိုက်ပွဲကတော့ ကြိုးကြားကြိုးကြားဖြစ်နေဆဲပဲ။ အခြေအနေကတော့ တပ်ဘက်က အင်အားတွေ ထပ်ဖြည့်လာတာရှိတယ်။ ဆိုတော့ သူတို့ဘက်က ဆုတ်မယ့်ပုံ မပေါ်ဘူး။ တစ်ဖက်မှာလည်း တော်လှန်ရေးဘက်ကလည်း လျှော့မယ်အနေအထားတော့ မတွေ့ရဘူး” ဟု ဒေသတွင်းက စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
စစ်ရေးတင်းမာနေသည့် ကျုံလောင်းရွာဘက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေသည့်အပြင် လေယာဉ်ဖြင့် လှည့်နေသည်လည်း ရှိနေသည်။
စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ကျုံလောင်းရွာနှင့် အနီးနားရှိ ကျောက်မိကျောင်း (တောင်/မြောက်)၊ ဝယ်ပေါင် အစရှိသည့်ကျေးရွာတို့မှ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။
ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများအနက် ၄၀၀ ကျော်သည် ရေးတောင်ပိုင်း မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသသို့ ရောက်ရှိနေပြီး မွန်ပြည်သစ်ပါတီက ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးဌာနမှ နေထိုင်ရေးနှင့် စားနပ်ရိက္ခာအတွက် ကူညီထောက်ပံ့ပေးလျက်ရှိသည်။