မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ စစ်ဘေးရှောင်ထောင်နှင့်ချီသည် စစ်ရှောင်ကာလ လေးလနီးပါးကြာလာအထိ အကူအညီ လုံးဝမရသဖြင့် အခက်အခဲများစွာဖြစ်နေကြကြောင်း စစ်ဘေးရှောင်နေရသော ဒေသခံများက ပြောသည်။
ပြီးခဲ့သောနှစ် အောက်တိုဘာလကတည်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်က အရပ်သားနေအိမ်မီးရှို့မှု၊ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ကြဲ၊ တပို၊ စက်တော်ရာ၊ ဇရပ်ဆိပ် စသော ကျေးရွာများနှင့် အနီးဝန်းကျင်တို့က ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။
အဆိုပါကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူ ၃,၀၀၀ မှ ၄,၀၀၀ ခန့်အထိရှိနေပြီး ပုလောစစ်ဘေးရှောင်စခန်းသို့ ဝင်ရောက် နေထိုင်သူများရှိသကဲ့သို့ နီးစပ်ရာ ကျေးရွာ၊ တောတောင်၊ ဥယျာဉ်ခြံ၊ ဓနိတောများအပြင် ပင်လယ်ထဲ လှေများဖြင့် တိမ်းရှောင်နေရသူများလည်း ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်ဘေးရှောင်ပြည်သူများသည် နေထိုင်ရပ်တည်ရေးအတွက် ကိုယ်တိုင်ရှာဖွေစားသောက်နေကြရပြီး စစ်ဘေးရှောင် ကူညီရေးအဖွဲ့များထံမှ အကူအညီရရှိမှုလည်း ယနေ့အထိ လုံးဝမရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“အချို့ မိသားစုတွေဆို တော်တော်ခက်ခဲတယ်။ မီးလောင်တဲ့အထဲ အိမ်လည်းပါသွားတယ်။ ဥယျာဉ်ခြံတွေလည်း ပါသွား တယ်။ ဘာမှ လုပ်စားလို့ မရတော့ဘူး။ ကျွန်တော်တို့ကတော့ နောက်ထပ် ပိုခက်ခဲလာဖို့ပဲ ရှိတော့တယ်။ ဟိုလူမေးလည်း မျက်ရည်နဲ့ မျက်ခွက်၊ ဒီလူမေးလည်း မျက်ရည်နဲ့ မျက်ခွက်။ ပိုင်ဆိုင်မှုတွေလည်း မရှိကြ၊ အကူအညီတွေလည်း မရကြနဲ့ တော်တော် ဒုက္ခရောက်နေရတယ်” ဟု စစ်ဘေးရှောင်နေရသော ဒေသခံတစ်ဦးက ပြောသည်။
အထူးသဖြင့် တပို၊ ကြဲ၊ စက်တော်ရာရွာတို့က ပြည်သူများသည် ရုတ်တရက်ထွက်ပြေးတိမ်းရှောင်လာချိန်တွင် အဝတ် တစ်ထည် ကိုယ်တစ်ခုဖြင့် မည်သည့်ပစ္စည်းမျှ ပါမလာခဲ့သဖြင့် အခက်အခဲများစွာ ဖြစ်နေကြကြောင်း ၎င်းက ဆိုသည်။
တပို၊ ကြဲရွာတို့တွင် စစ်ကောင်စီတပ်များကလည်း အိမ်များကို မီးရှို့၊ ဖျက်ဆီးမှုများ ပြုလုပ်ထားပြီး ရွာသားများမှာ ရွာထဲသို့ ဝင်ရောက်ကြည့်ရှုနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် စစ်ရှောင်များအတွက် ဆန်ကဲ့သို့ စားနပ်ရိက္ခာနှင့် ဆေးဝါးများအရေးပေါ်လိုအပ်နေပြီး ဆောင်းရာသီဖြစ်သဖြင့် သက်ကြီးရွယ်အို ကျန်းမာရေးအတွက် အနွေးထည်၊ စောင်နှင့် အခြားအသုံးအဆောင်ပစ္စည်းများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ဘေးရှောင်များသည် ရရာအလုပ်များဖြင့် ရပ်တည်နေကြသော်လည်း အချိန်လေးလကျော်လာချိန်တွင် ရပ်တည်ရန် မလွယ်ကူတော့သဖြင့် စစ်ရှောင်ကူညီရေးအဖွဲ့များထံ ဆက်သွယ်အကူအညီတောင်းခံထားကြောင်း ဒေသခံများထံမှ သိရသည်။
ကြဲ၊ တပို၊ စက်တော်ရာ၊ ဇရပ်ဆိပ်ရွာများတွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး နယ်မြေလမ်းကြောင်း အခြေအနေအရ အခက်အခဲရှိနေသဖြင့် စစ်ဘေးရှောင်များထံသို့ အကူအညီမပေးရသေးကြောင်း မြိတ်ခရိုင်ကိုယ်စားပြု ခုနစ်စဉ်ကြယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။
“အဲဒီရွာတွေက ကွေ့ပတ်ပြီးတော့ သွားဖို့ကလည်း တောလမ်းက အခက်အခဲရှိနေတယ်။ ကူညီထောက်ပံ့ပေးမယ့် အဖွဲ့အစည်းကလည်း မရှိဘူး။ နယ်မြေအခြေစိုက်ထားတဲ့ စစ်ရှောင်အဖွဲ့ ပရဟိတအဖွဲ့တွေလည်း မရှိဘူး။ ဒါကြောင့် သူတို့ဆီ သွားရောက်ကူညီပေးဖို့ ချိတ်ဆက်ဆောင်ရွက်ပေးဖို့က အခက်အခဲရှိနေတယ်” ဟု အဆိုပါအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါနယ်မြေဒေသများသို့ သွားရောက်ကူညီနိုင်ရေး ချိတ်ဆက်ကြိုးစားနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
အကယ်၍ မြိတ်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်များကိုဖြစ်စေ လက်ရှိ ကြဲ၊ တပို၊ စက်တော်ရာ၊ ဇရပ်ဆိပ် ကျေးရွာများရှိ စစ်ဘေးရှောင်များထံသို့ဖြစ်စေ ကူညီထောက်ပံ့လိုပါက ခုနစ်စဉ်ကြယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့၏ Facebook စာမျက်နှာဖြစ်သည့် https://web.facebook.com/profile.php?id=61564473996523 သို့ တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း အဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သောနှစ် ဒီဇင်ဘာလအထိ တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်နှင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၆၃,၀၀၀ ကျော်ရှိပြီး ပုလောမြို့နယ်တစ်ခုတည်းတွင် စစ်ဘေးရှောင်နေရသူ ၁၈,၀၀၀ ခန့်ရှိကြောင်း FE5 Tanintharyi လစဉ် အစီရင်ခံစာအရ သိရသည်။