ပုလောမြို့ပေါ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အပါအဝင် အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၀ရက် ညတွင် လာရောက်ဖမ်းဆီးသွားကြောင်း ပုလောမြို့ခံများထံမှ သိရသည်။
NLD အစိုးရလက်ထက်က ရက်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သည့် အသက် ၅၀ နှစ်အရွယ် ဦးသန်းထွန်းလေးနှင့် ဘေးတွဲမောင်းနေသည့် အသက် ၄၅နှစ်ဝန်းကျင်အရွယ် ဦးသက်ကိုတို့ကို ဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။
“စစ်ကောင်စီက (တပ်ဖွဲ့ဝင်) အင်အား ၇ယောက်လောက်ပါတယ်။ ကားနဲ့လာပြီး သူ့အိမ်မှာ လာဖမ်းသွားတာ။ အခုချိန်မှာ (ဦးသန်းထွန်းလေး) သူကရိုးရိုးသားသား ရှိတာလေးနဲ့ လုပ်ကိုင်နေထိုင်နေတာ။ စရဖရုံးကို ဝင်စီးခံရတာနဲ့ပတ်သက်ပြီး မသင်္ကာလို့ဆိုပြီး ဖမ်းတာပဲ” ဟု ပုလောမြို့ခံတစ်ဦးက ပြောဆိုသည်။
ဖမ်းဆီးခံရသူနှစ်ဦးသည် ပုလောမြို့ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး လက်ရှိတွင် ပုလောမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၂၈) တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု သိရကြောင်း မြို့ခံအချို့ထံမှ သိရသည်။
အထက်ပါဒေသခံနှစ်ဦး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကို Dawei Watch က သီးခြားအတည်ပြု နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။
ဇန်နဝါရီလ ၆ရက်က ပုလောမြို့ပေါ်ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ဒေသတွင်းတော်လှန်ရေး ပူးပေါင်း တပ်များက ဝင်ရောက်စီးနင်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် အရပ်သားများကို ဆက်တိုက်ဖမ်းဆီးနေကြောင်း မြို့ခံအချို့က ပြောသည်။
မြို့ခံအချို့၏ အဆိုအရ အဖမ်းခံရသူ ဆယ်ချီရှိပြီး ၎င်းတို့အနက် အမျိုးသမီး သုံးဦး ပြန်လွတ်လာကြောင်း ပြောဆိုသည်။
အဖမ်းခံရသည့် အရပ်သားအရေအတွက်အတိအကျကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။
ထို့အပြင် စစ်ကောင်စီတပ်သားများက ညတိုင်းနီးပါး သေနတ်ပစ်ဖောက်နေကြကြောင်း ပုလောမြို့ခံများထံမှ သိရသည်။