BREAKING
January 22, 2025

ထားဝယ်ရေနက်ဆိပ်ကမ်းကို အင်အားဖြည့်လာသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

January 22, 2025

ပုံစာ - ဇန်နဝါရီလ ၂၁ရက်က ထားဝယ်ရေနက်ဆိပ်ကမ်းအနီး ဒရုန်းဖြင့်တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းရိက္ခာပစ္စည်းများ ပေါက်ကွဲမီးလောင်နေစဉ်။ ဓာတ်ပုံ - ဗထူးတပ်မတော်-BHA

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ရေနက်ဆိပ်ကမ်းကို အင်းအားဖြည့်တင်းလာသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။

ဇန်နဝါရီလ ၂၁ရက် မွန်းလွဲ ၂နာရီဝန်းကျင်က ရေနက်ဆိပ်ကမ်းအနောက်ဘက်ပင်လယ်ပြင်တွင် ရပ်ထားသည့် ရေတပ် သင်္ဘောက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လှေငယ်များဖြင့် ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာသို့ ပို့ဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ယင်းသို့ အင်အားဖြည့်တင်းလာစဉ် ထားဝယ်ရေနက်ဆိပ်ကမ်းအနီး ပင်လယ်ကမ်းခြေတွင် ဒရုန်းဖြင့် ဗုံးသုံးလုံးချပြီး တိုက်ခိုက်ခဲ့ကြောင်း ဗထူးတပ်မတော်-BHA ၏ ပြန်ကြားရေးတာဝန်ရှိသူ ကိုထက်မြက်က ဆိုသည်။

“သူတို့ ခဲယမ်းတွေစုပုံပြီး နားနေချိန် ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဒရုန်းဗုံးက ခဲယမ်းပုံထဲပေါက်ကွဲပြီး အကုန်မီးလောင်သွားတာ တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ဒရုန်းနှစ်စီးအပါအဝင် လက်နက်ကြီးစိန်ပြောင်း၊ RPG အမြောက်ကျည်ဆံ၊ လက်နက်ခဲယမ်းများနှင့်ရိက္ခာများ မီးလောင်ပေါက်ကွဲသွားသည်ကို မျက်မြင်တွေ့ခဲ့ရသည်ဟု အထက်ပါပြန်ကြားရေး တာဝန်ခံရှိသူက ပြောသည်။

ယင်းတိုက်ခိုက်မှုကို ဗထူးတပ်မတော်-BHA နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၆) တပ်ရင်း ၂၇ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ် အင်အား နှစ်ရာခန့် ဖြည့်တင်းလာခြင်းဖြစ်ပြီး ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးဝန်းကျင် ကျေးရွာများကို နယ်မြေရှင်းလင်းရန် လာရောက်ခြင်းဖြစ်နိုင်ကြောင်း BHA ၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။

“မနေ့ကလည်း ထားဝယ်မှာ ရှရှားသံအမတ်နဲ့ စစ်ကောင်စီဝန်ကြီးချုပ်တို့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး ဆွေးနွေးကြတာတွေ့ရတယ်။အခုသူတို့မှာလည်း အင်အားအများအပြားနဲ့ ဒရုန်းတွေပါ ပါလာတယ်ဆိုတော့ စီမံကိန်း နယ်မြေတွေကို ရှင်းလင်းမယ့်သဘောလို့ယူဆရတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

တနင်္သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်နှင့် ရှရှားသံအမတ်ကြီးတို့သည် ဇန်နဝါရီလ ၂၁ ရက်က ထားဝယ်မြို့တွင် တွေ့ဆုံခဲ့ ကြသည်။ ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းခရီးသွားလုပ်ငန်းကဏ္ဍ၊ တိုင်းအတွင်း ထင်ရှားပြီး ခရီးသွားဆွဲဆောင်မှုနေရာများဖြစ်သည့် ပင်လယ်ကမ်းခြေများနှင့် ကျွန်းများ၏ အခြေအနေပါဝင် အခြားဖွံ့ဖြိုး ရေးကဏ္ဍများ၏ အခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ရှိသည့် နဘုလယ်ဒေသရှိ ကျေးရွာငါးရွာက ဒေသခံအချို့မှာ စစ်ကောင်စီတပ် အင်အား ဖြည့်လာခြင်းကြောင့် ဇန်နဝါရီ ၂၁ ရက်ကပြီး တိမ်းရှောင်နေကြကာ ဒေသခံအချို့မှာ အခြေအနေစောင့်ကြည့်နေကြဆဲ ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။