BREAKING
January 22, 2025

သမ္မတဖြစ်ပြီး တစ်ရက်အကြာတွင် ထရမ့်ကို ပြည်နယ်ရှေ့နေချုပ် ၂၂ ဦးကတရားစွဲ

January 22, 2025

မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို အဆုံးသတ်လိုက်သည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ လုပ်ဆောင်ချက်အပေါ် အမေရိကန်ရှိ ပြည်နယ် ၂၂ ခုမှ ပြည်နယ်ရှေ့နေချုပ်များက အင်္ဂါနေ့တွင် တရားစွဲဆိုလိုက်သည်။

ရွှေ့ပြောင်းအခြေချ နေထိုင်သူမိဘများမှ မွေးဖွာလာသူများ အပါအဝင် နိုင်ငံ့နယ်နိမိတ်အတွင်း မွေးဖွားသူအားလုံးကို အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် ၁၄ အရ နိုင်ငံသားဖြစ်ခွင့် အလိုအလျောက်ပေးထားသည်။

သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ ရွေးကောက်ပွဲကတိကဝတ်အတိုင်း ယင်းမူဝါဒကို တနင်္လာနေ့တွင် သမ္မတအမိန့်အာဏာဖြင့် ပယ်ဖျက်လိုက်သည်။

“အခြေခံဥပဒေပြင်ဆင်ချက် အမှတ် ၁၄ ကို သမ္မတက ဖောင်တိန်တစ်ခြစ်စာနဲ့ ရေးဖျက်ပစ်လို့ မရဘူး”ဟု နယူးဂျာစီပြည်နယ်ရှေ့နေချုပ် မတ်ပလတ်ကင်က ပြောသည်။

ယင်းသို့ တရားစွဲဆိုမှုသည် လက်ဝဲယိမ်းခုခံတော်လှန်မှုမှ ဆန့်ထွက်လာသည့် သဘောတစ်ခုသာ ဖြစ်၍ တရားရုံးတွင် ရင်ဆိုင်ရန် အသင့်ရှိကြောင်း အိမ်ဖြူတော်က ဆိုသည်။

“ရက်ဒီကယ်လက်ဝဲယိမ်းသမားတွေအနေနဲ့ ပြည်သူအများစုရဲ့ ဆန္ဒကို ဆန့်ကျင်မလား၊ ဒါမှမဟုတ် သမ္မတနဲ့အတူ လက်တွဲပြီး အလုပ်လုပ်မလားဆိုတာ ရွေးချယ်ရမယ်”ဟု အိမ်ဖြူတော် သတင်းစာရှင်းလင်းရေး လက်ထောက်အတွင်းရေးမှူး ဟာရစ်ဆန်ဖီးလ်ဒ်က ပြောကြားခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်၏ မွေးရာပါနိုင်ငံသားဖြစ်ခွင့်အဆုံးသတ်မှုက အောင်မြင်နိုင်ခြေရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ယင်းဆုံးဖြတ်ချက်မှာ ဥပဒေကြောင်းအရ ကာလရှည်အငြင်းပွားမှုများ ရင်ဆိုင်ရဖွယ် ရှိနေသည်။

Source: Associate Press