ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့-PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူအသတ်ခံရသည့်ကိစ္စကို စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး စစ်ဆေးမှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း ယင်းအဖွဲ့တွင်ပါဝင်သည့် တပ်ဖွဲ့များက ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အသက် ၄၀ ကျော်အရွယ် ကိုပင်လယ်လူမှာ PRDF တပ်ဖွဲ့မှနုတ်ထွက်ခဲ့သည်မှာ ၉ လ ကျော်ရှိပြီး မိကျောင်းစစ်ကြောင်းတွင် ပြောင်းလဲတာဝန်ထမ်းဆောင်နေသူဖြစ်သည်။
အမျိုးသမီး ကလေးမီးဖွားသည့်ကိစ္စဖြင့် ခန္တီရွာကို ပြန်ရောက်နေသည့် ကိုပင်လယ်လူကို မိကျောင်းစစ်ကြောင်းမှ ကိုဝိုင်လူး ဆိုသူအပါအဝင် လက်နက်ကိုင် ၈ ဦးနှင့် ရွာခံ ၃ ဦးက ယခုလ ၈ ရက်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆွေမျိုးနီးစပ်တော်သူများနှင့် တော်လှန်ရေးအဖွဲ့ဝင်အချို့က အတည်ပြုပြောဆိုထားသည်။
ယင်းသို့ ဖမ်းဆီးသွားပြီးနောက်ရက် နေ့လယ် ၁၁ နာရီခန့်တွင် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။
ယင်းသို့ အသတ်ခံရသည့်ကိစ္စအတွက် အမှန်တရားကိုလိုချင်ကြောင်း မိသားစုဝင်များက တောင်းဆိုထားသလို ပုလောအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့အချို့ကလည်း အမှုမှန်ပေါ်ပေါက်အောင် ဖော်ထုတ်မည်ဟု Dawei Watch ကိုအခုလ ၁၈ ရက်တွင် ပြောဆိုထားသည်။
လူသတ်မှုကို စုံစမ်းစစ်ဆေးရန် KNDO (ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့) တပ်ရင်း(၇) တပ်ရင်းမှူး ဗိုလ်မှူးကျော်ထွန်းက ၎င်းလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များကို ဇန်နဝါရီလ ၁၇ ရက်တွင် အမိန်ပေးညွှန်ကြားထားကြောင်း သိရသည်။
မြိတ်ခရိုင်၊ ပုလောဒေသသည် KNU တပ်မဟာ(၄) KNDO တပ်ရင်း(၇) အဓိကစိုးမိုးထားသည့် နယ်မြေဖြစ်သည်။
ဗိုလ်မှူးကျော်ထွန်း၏ ညွှန်ကြားချက်အရ KNDO တပ်ခွဲ (၅)၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)၊ ပုလောစစ်ကြောင်း (၁)နှင့် ဗိုလ်မိုးကြိုးအဖွဲ့များပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇန်နဝါရီလ ၁၉ ရက်တွင် ဖွဲ့စည်းပြီး စုံစမ်းမှုများပြုလုပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။