BREAKING
September 20, 2024

မော်လမြိုင်တွင် ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးများအပါအဝင် ၂၀နီးပါးဒဏ်ရာရ

January 22, 2024

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇန်နဝါရီလ ၂၁ရက် တစ်ရက်တည်းတွင် ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေးငယ် ၁၂နှစ်ဦးအပါအဝင် ၁၈ဦး ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ညက ဂွေးကုန်းရပ်ကွက် မော်လမြိုင်-သံဖြူဇရပ်လမ်းမတွင် ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေး ခြောက်ဦးအပါအဝင် ၁၁ ဦး ထိခိုက် ဒဏ်ရာရကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ယမန်နေ့ ည ၉နာရီခန့်က မုဒုံဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် ပရိုဘောက်စ်ကားတစ်စီးသည် အရှေ့တွင် မောင်းနှင်သွားနေသည့် သုံးဘီးဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ကို ဝင်တိုက်မိမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

သုံးဘီးဆိုင်ကယ်ပေါ် လိုက်ပါစီးနင်းလာသည့်အမျိုးသမီးတစ်ဦး ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ပြီး ကလေး ၆ ဦးအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကားက မော်လမြိုင်ဘက်ကို မောင်းနှင်လာတဲ့ကား။ အရှေ့မှာ သွားနေတဲ့ သုံးဘီးဆိုင်ကယ်နဲ့ နောက်ဆိုင်ကယ် တစ်စီးကို ဝင်တိုက်သွားတာ။ သုံးဘီးက ဘုရားပွဲသွားမို့ လူကြီးရော ကလေးရောပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို မော်လမြိုင်မြို့က အရေးပေါ်လူမှုကယ်ဆယ်ရေး အဖွဲ့တို့က မော်လမြိုင်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း မော်လမြိုင် တောင်ဝိုင်းဓာတ်အားခွဲရုံအနီးတွင် ဟိုက်ဂျက်ကားတစီး သစ်ပင်ဝင်တိုက်မိပြီး ကားပေါ်ပါလာသည့် အမျိုးသမီး ၁ ဦးနှင့် ကလေး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။