ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်းမြို့နှင့် ကချင်ပြည်နယ် မံစီမြို့နယ်၊ မန့်ဝိန်းကြီးရွာရှိ စစ်ကောင်စီ တပ်စခန်းနှင့် ရဲစခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်တို့က သိမ်းယူ လိုက်ကြောင်း ဒေသတွင်း သတင်းများတွင်ဖော်ပြချက်နှင့် ရုပ်သံမှတ်တမ်းများအရ သိရသည်။
မိုးမိတ်ခရိုင်တွင်ရှိသည့် မဘိမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတို့ကို KIA ၊ KPDF၊ PDF နှင့် ကျောင်းသားတပ် ABSDF တို့ ပူးပေါင်းကာ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း ABSDF က ထုတ်ပြန်သည်။
မဘိမ်းမြို့သည် ကချင်၊ ရှမ်းမြောက်၊ စစ်ကိုင်းတို့နှင့် ထိစပ်နေသည့် မြို့ဖြစ်ပြီး မန္တလေး-မြစ်ကြီးနား လမ်းပေါ်တွင် တည်ရှိသည်။






ယင်းနေ့တစ်ရက်တည်းတွင်ပင် တရုတ်-မြန်မာနယ်စပ်က မန့်ဝိန်းကြီးရွာရှိ စစ်ကောင်စီ ခမရ ၄၂၄ တပ်စခန်းနှင့် ရဲစခန်းတို့ကို KIAနှင့် ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းယူလိုက်ကြောင်း KIA ဘက်က အတည်ပြုချက်ကို သတင်းမီဒီယာ အချို့တွင် ဖော်ပြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာကျော်ဖမ်းမိပြီး အချို့မှာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။
ယင်းအပြင် လက်နက်မြောက်များစွာ ဖမ်းမိကြောင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းများအရ သိရသည်။
မန့်ဝိန်းကြီးသည် နမ့်ခမ်းမြို့အနီးတည်ရှိသည့် ရွာဖြစ်သည်။