ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်နေသည့် မင်းပြားမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လေယာဉ်ဖြင့် လာချပေးသည့် လက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ ဇန်နဝါရီလ ၂၂ရက်တွင် ထုတ်ပြန်သည်။
မင်းပြားမြို့သို့ ဇန်နဝါရီလ ၂၀ရက်က စစ်ကူလာသည့် စစ်ကောင်စီတပ် တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကာ လက်နက်ခဲယမ်းများလည်းရရှိကြောင်း ဖော်ပြသည်။
AA ဘက်က ထုတ်ပြန်ထားသည့် ဗီဒီယိုမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးနေသည်ကို တွေ့ရသည်။
ယင်းအပြင် Y8 လေယာဉ်ပေါ်က ချပေးသော ထောက်ပို့ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိကြောင်း ဖော်ပြသည်။
ရခိုင်ပြည်နယ်တွင် မင်းပြား၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား ဇန်နဝါရီလ ၂၁ရက်က တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း AA က ဆိုသည်။
ရခိုင်ဒေသတွင် စစ်ကောင်စီသည် စစ်သင်္ဘောကြီးများဖြင့် လက်နက်ခဲယမ်း၊ လူအင်အားများကို ဆက်လက် ဖြည့်တင်းနေ သောကြောင့် တိုက်ပွဲများမှာ နောက်ရက်များတွင် ယခုထက်ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်းလည်း AA ဘက်က ထုတ်ပြန်ထားသည်။




