BREAKING
January 12, 2025

ကလိန်အောင်မြို့အနီး လက်နက်ကြီး ထပ်ကျ

January 22, 2024

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ ၊ သံတံတားကြီးအနီး ကလိန်အောင် ချောင်းဘေးရှိ ဥယျာဥ်ခြံများအတွင်း မနေ့ (ဇန်နဝါရီ ၂၁) ညက လက်နက်ကြီး နှစ်လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း ကိုင်းခြံပိုင်ရှင်များထံမှသိရသည်။

“လက်နက်ကြီး အသံက ၃ ချက်ကြားတယ်၊ ၂လုံးကတော့ ချောင်းဟိုဘက်ကမ်းမှာတစ်လုံး၊ ဒီဘက်ကမ်းမှာတစ်လုံးကွဲတယ် ၊ ကျန်တစ်လုံးကတော့မကွဲဘူးထင်တယ်” ဟု ကိုင်းသီးနှံ စိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုနှင့်နေအိမ်၊အဆောက်အအုံ ထိခိုက်မှု မရှိသော်လည်း ကိုင်းခြံအတွင်းရေသွယ်ထားသည့် ရေပိုက်လိုင်းများပျက်စီးသွားကြောင်း ၎င်း ကပြောသည်။

ဇန်နဝါရီလ ၁၅ ရက်ကလည်း ကလိန်အောင်မြို့ ၊ အမှတ် ၃ ရပ်ကွက် ၊ မာလာရေအိုင်အတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သေးကြောင်း မြို့ခံများက ပြောသည်။

“အရင်က လက်နက်ကြီးပစ်သံတွေကြားရတာရှိတယ်။ နီးနီးနားနားလာကျတာမရှိဘူး။ အခုက မြို့ပတ်ဝန်းကျင်မှာ လက်နက်ကြီးကျတာ ဆက်တိုက်ကြားနေရတယ် “ ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။

အလားတူ ဇန်နဝါရီလ ၁၉ ရက်ကလည်း ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာပတ်ဝန်းကျင်တွင် လက်နက်ကြီး ပစ်ခတ်သံ ၃ ချက်ကြားရကြောင်း နှင့် ထိခိုက်မှု တစ်စုံတရာမရှိကြောင်း ကံပေါက်ရွာသားများက ပြောပြသည်။

ကလိန်အောင်မြို့ပတ်ဝန်းကျင်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပေါ်ြပီးနောက် ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ကလိန်အောင်-ကံပေါက်လမ်းဆုံအနီးဖွင့်ထားသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြန်ရုတ်သိမ်းသွားကြောင်း ယင်းလမ်းပိုင်းတွင် သွားလာနေသည့် ကားသမားများထံက သိရသည်။