“For men may come and men may go,
But I go on for ever.”
ဆယ်တန်းတုန်းက ကျက်ခဲ့ရသမျှ ကဗျာတွေထဲမှာ အခုထိ စွဲစွဲမြဲမြဲမှတ်မိ နေသေးတာဆိုလို့ ဒီစာကြောင်းလေး နှစ်ကြောင်းသာ ရှိတော့တယ်။ အမေရိကန် ကဗျာဆရာ Lသမိ Tနညညပျသည (၁၈၀၉-၉၂)၏ Thန မြသသု ဆိုတဲ့ ကဗျာထဲက စာသားတွေ။
ဒီစာကြောင်းနှစ်ကြောင်းကို ကျွန်တော့် စိတ်ကြိုက် ကိုယ့်ဘာသာ အဓိပ္ပာယ်ပြန် ထားတာတော့ ရှိပါတယ်။ ကဗျာတစ်ပုဒ် လုံးနဲ့ ကဗျာဆရာရဲ့ ဆိုလိုရင်းကို ရောက် ချင်မှရောက်မှာပါ။
ကျွန်တော့်ငယ်ငယ် ကတည်းက အခုအချိန်အထိ စိတ်ထဲမှာစွဲ မြဲနေခဲ့တာက ဒီလိုပါ။
“လူတွေဟာ ကမ္ဘာကြီးထဲကို ဝင်ရောက် လာကြမယ်။ ပြီးရင် ပြန်လည်ထွက်ခွာ သွားကြမယ်။ (လူတွေဟာ ကမ္ဘာကြီးပေါ် မှာ မွေးဖွားလာကြတယ်။ အချိန်ကာလ တစ်ခုအထိ အသက်ရှင်နေထိုင်ခွင့်ရပြီးရင် သေဆုံးသွားကြတယ်။) သို့သော်လည်း စမ်းချောင်းလေးကတော့ ထာ၀ရ စီးဆင်း မြဲ။”
စာဖတ်သူတွေအနေနဲ့ ကျွန်တော့်ရဲ့ ခံစားသက်ဝင်မှုနဲ့ စိတ်သဘောထားခြင်း ထပ်တူကျချင်မှ ကျမှာပါ။ ဒါပေမယ့် အခုဆောင်းပါးမှာတော့ ကျွန်တော့်ရဲ့ အတ္တကိုပဲ ရှေ့တန်းတင်ပြီး ဆွေးနွေးသွား ရဖို့ရှိတယ်။ ဒါမှလည်း ကျွန်တော်တွေးမိ တာတွေကို ဆက်လက်တင်ပြလို့ရမှာပါ။
အဲဒီစာကြောင်းလေး နှစ်ကြောင်း အပေါ်မှာ သေသေချာချာဆန်းစစ်မှု ပြန်လုပ်ကြည့်မိတော့ တစ်ကြောင်း ကတော့ ကမ္ဘာအဆုံးထိ မှန်သွားဖို့ ရှိပါတယ်။ သို့သော် ကျန်တစ်ကြောင်း အတွက်ကိုတော့ စိတ်ထဲမှာ သံသယစိတ် ဝင်နေမိတယ်။ ဆက်လက်မှန်ကန်မှု ရှိနိုင်ပါတော့မလား မသိ။
လူတွေဟာ ကမ္ဘာကြီးထဲကို ဝင်ရောက် လာမြဲ ဝင်ရောက်လာကြဖို့ ရှိနေသလို ပြန်လည်ထွက်ခွာမြဲ ထွက်ခွာနေကြရ ဦးမှာပါ။ ဒါကတော့ ရာနှုန်းပြည့် မှန်ကန် နေဖို့ ရှိပါတယ်။ သို့သော် စမ်းချောင်းလေး တွေမှာ ထာ၀ရစီးဆင်းနိုင်မယ့် အခွင့် အရေးရဖို့ မသေချာနိုင်တော့ဘူးလို့ပဲ ဆိုချင်မိတယ်။
ကျွန်တော်တို့ သိကြတဲ့အတိုင်း ကမ္ဘာ ကြီးဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးတော့ ပူပြင်းလာနေတယ်။ အဓိက အကြောင်း အရင်းတွေကတော့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရယ်၊ သစ်တော ပြုန်းတီးမှု တွေရယ်ကြောင့်ပါ။ သစ်တောပြုန်းတီးမှု ဟာ ကမ္ဘာ့ရာသီဥတုကို ပြောင်းလဲလာစေ တဲ့ ဒုတိယလက်သည် တရားခံလို့ ဆိုပါတယ်။
ကမ္ဘာတစ်ဝန်း နှစ်စဉ် သစ်ပင် ပေါင်း ၁၃ ဘီလီယံလောက် ဆုံးရှုံးပျက်စီး နေရတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ပြန်လည်အစားထိုးနိုင်မှုက အဲဒီပမာဏရဲ့ တစ်ဝက်လောက်တောင် မရှိဘူးလို့ ဆိုပါ တယ်။ ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း ဇီ၀မျိုးစုံမျိုးကွဲပေါင်း ၆၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ မျိုးသုဉ်းပျောက်ကွယ်သွား တယ်လို့ ပြောလို့လည်း ရပါတယ်။ အဲဒီ အထဲမှာ တောရိုင်းတရိစ္ဆာန်တွေ၊ ငါးတွေ၊ တွားသွားသတ္တဝါတွေ ပါကြပါတယ်။
ဒီအချက်အလက်တွေကိုတော့Brut Nature ဆိုတဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။
ယခုရက်ပိုင်းတွေအတွင်း ကမ္ဘာတစ်ဝန်းက လူတွေရဲ့အသည်းနှလုံးကို ညှိုးနွမ်းစေခဲ့တာကတော့ ဩစတြေးလျ တောမီးပါ။ မီးဘေးဒဏ်သင့် တိရစ္ဆာန် လေးတွေကို မြင်ကြရတော့ အားလုံးစိတ် မကောင်းဖြစ်ကြရပါတယ်။ တိရစ္ဆာန်မျိုးစုံ အကောင်ရေပေါင်း ဘီလီယံဝက် သေဆုံး ခဲ့ရတယ်လို့ ခန့်မှန်းကြပါတယ်။ တောမီး ကြောင့် အနည်းဆုံး လူ၂၄ဦးလောက် သေဆုံးခဲ့ရပြီး ပျောက်ဆုံးသူမှာလည်း အမြောက်အမြား ရှိနေဆဲဖြစ်ပါတယ်။ အိမ်ခြေရာပေါင်းများစွာ မီးလောင် ကျွမ်းခံခဲ့ရပါတယ်။ နိုင်ငံတစ်ဝန်းသစ်တော ဧကပေါင်း ၁၂.၃၅မီလီယံခန့် မီးလောင် ကျွမ်းသွားခဲ့ပါတယ်။
၂၀၁၉ခုနှစ်ဟာ ဩစတြေးလျနိုင်ငံရဲ့ သမိုင်းတစ်လျှောက် အပူချိန်အမြင့်ဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ဩစတြေးလျ တောမီးဟာ အနာဂတ်မှာ ပိုမိုပူပြင်းလာမယ့်အပူချိန်ကြောင့် ကမ္ဘာကြီးရင်ဆိုင်ရ မယ့်အခြေအနေရဲ့ အမြည်းသဘောပဲဖြစ် တယ်လို့ ဗြိတိန်သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
ကမ္ဘာကြီးအနေဖြင့် ၁၈၅၀ ခုနှစ်မှ ယခုအချိန်အထိအတွင်း အပူချိန် ၁ စင်တီ ဂရိတ်လောက် ပိုပူလာတယ်လို့ဆို ပါတယ်။ ကာဗွန်ထုတ်လွှတ်မှုကို ထိန်းချုပ် နိုင်သည့် တိုင်အောင် ၂၁ရာစု အကုန်လောက်ဆိုလျှင် ကမ္ဘာ့အပူချိန်ဟာ ၃စင်တီဂရိတ်လောက် ပိုပူလာဖို့ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
အပူလှိုင်းဒဏ်နှင့် တောမီးလောင် ကျွမ်းမှုတွေက ကမ္ဘာကြီးပိုပူလာနေတယ် ဆိုတာကို လူသားတွေအနေဖြင့် မျက်မြင် ကိုယ်တွေ့ကြုံနေရတဲ့ အခြေအနေတွေပါ။ ကာဗွန်ထုတ်လွှတ်မှုနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို သုညအထိရောက် အောင် လျှော့ချနိုင်အောင် ကြိုးစားရပါ မယ်။ ဒါကိုမလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်တော် တို့အနေနဲ့၊ ကမ္ဘာသူ ကမ္ဘာသားများအနေနဲ့ ယခုထက်ပိုဆိုးတဲ့ အကျိုးသက်ရောက်မှု တွေကို ခံစားရဖို့ရှိနေပါတယ်။
နောက်တစ်ချက်က သစ်တောတွေ မရှိတော့ရင်၊ တောင်တွေမရှိတော့ရင် မြေအောက်ရေတွေ၊ စိမ့်စမ်းရေတွေ တ ဖြည်းဖြည်းခမ်းခြောက်သွားနိုင်ပါတယ်။ နောက်တစ်ချက်က မြေတွေပေါ်မှာ ကွန်ကရစ် တွေ ခင်းလိုက်ခြင်းက မိုးရေတွေကို မြေအောက်စိမ့်ဝင်ဖို့ အဟန့်အတား ဖြစ် စေတာကြောင့် မြေအောက်ရေ ခမ်းခြောက် လာနိုင်ပါတယ်။ ဒီအချက် သုံးချက်စလုံး ဟာ ကျွန်တော်တို့ နိုင်ငံမှာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ကျူးလွန်နေကြတဲ့ အမှုတွေပါ။
ကျောက်မျက်ရတနာတွေပေါ တဲ့ နေရာတွေက တောင်တွေဟာ ချိုင့်ခွက် တွေ ဖြစ်ကုန်သလို၊ ကျန်တဲ့နေရာတွေက တောင်တွေဟာလည်း လမ်းခင်းကျောက် တွေထုတ်လုပ်ရင်းနဲ့ တော်တော်များများ အရွယ်အစား သေးလာကုန်ပါပြီ။
ဒီအချက်တွေကို မထိန်းသိမ်းနိုင် ရင်တော့ စိမ့်စမ်းရေတွေခမ်းပြီးတော့ စမ်းချောင်းလေးတွေ ထာ၀ရစီးဆင်းနိုင် စွမ်း ပျောက်ဆုံးသွားနိုင်ပါတယ်။
“For men may come and men may go,
But I go on for ever.”
ဆိုတဲ့ ကဗျာစာသားလေး ဆက်လက် မှန်ကန်နေဖို့ဆိုရင် ကျွန်တော်တို့တစ်တွေ သဘာ၀ကို ချစ်မြတ်နိုးတတ်အောင် ကြိုးစား ကြဖို့ လိုပါမယ်။ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်အောင် ကြိုးစားကြရပါ မယ်။ သို့မှသာ ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်များအတွက် ကမ္ဘာကြီးဟာ နေချင်စရာကောင်းနေမှာပါ။ သို့တည်း မဟုတ်လျှင်တော့ ကမ္ဘာကြီးဟာ ငရဲခန်း သာသာ ဖြစ်နေပါလိမ့်မယ်။
မြစ်ချောင်လေးများ ထာ၀ရစီး ဆင်းနိုင်ကြပါစေ။
သန်းဇော်ဦး(ရလိုင်)