BREAKING
January 22, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

December 21, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA သိမ်းယူ၊ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာလ ၂၀ရက်က သိမ်းယူလိုက်ပါတယ်။

ဒါဟာ လားရှိုးမှာရှိတဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ပြီးရင် ဒုတိယမြောက်သိမ်းယူခံရတဲ့ တိုင်းစစ်ဌာနချုပ် ဖြစ်လာပါတယ်။ အမ်း နပခကို သိမ်းယူရာမှာ ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းမိတယ်လို့ AA က ဒီဇင်ဘာလ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။

နပခဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

အမ်းမြို့ကို သိမ်းယူပြီးနောက် မြို့နယ်ထဲမှာ တစ်ခုတည်းကျန်တဲ့ နပခ တိုင်းစစ်ရုံးကို နှစ်ပတ်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူခဲ့တာလို့ AA က ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူအပြင် ရဟတ်ယာနဲ့ တပ်ဖွဲ့ဝင်အင်အား ၁၅၀ စီ သုံးကြိမ်လာပို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နပခကို တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ အလံဖြူထောင် လက်နက်ချခဲ့တယ်လို့လည်း AA က ရုပ်သံမှတ်တမ်းတွေနဲ့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က မောင်တော နခခ ၅ ကို သိမ်းယူရာမှလည်း စစ်ဆင်ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကို AA က ဖမ်းဆီးခဲ့ပြီး တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကိုတော့ အသေဖမ်းမိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ဆင်ကွက်ကဲမှု ဌာနချုပ် စကခ ၅ ရှိတဲ့ တောင်ကုတ်မြို့ကိုလည်း သိမ်းယူခဲ့ပါသေးတယ်။

အမ်းမြို့နယ်ကို သိမ်းယူနိုင်ခဲ့တဲ့အတွက် တစ်နှစ်ကျော်တိုက်ပွဲကာလအတွင်း AA သိမ်းယူထားတာ ပလက်ဝ အပါအဝင် မြို့နယ် ၁၄ခုအထိ ရှိလာပြီဖြစ်ပါတယ်။ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ဂွမြို့ ရဲ့ သုံးပုံနှစ်ပုံကို သိမ်းထားပြီးဖြစ်တာကြောင့် မြို့တစ်ခုလုံးကို သိမ်းပြီးရင် ရခိုင်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တွေပဲ ကျန်ရှိတော့မယ်လို့ AA က ဆိုပါတယ်။

……………………………………..

ဌာနချုပ်ဟောင်း မာနယ်ပလောဒေသကို KNU ပြန်လည်သိမ်းယူ

ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ် နေရာဟောင်းဖြစ်တဲ့ မာနယ်ပလောဒေသကို KNU နဲ့ ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းယူလိုက်ပြီ ဖြစ်ပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက မာနယ်ပလောဟာ ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ ဒီမိုကရေစီအင်အားစုတွေ လာရောက်ခဲ့ကြတဲ့နေရာဖြစ်ပါတယ်။ တပ်ပေါင်းစုတွေရဲ့ ဌာနချုပ်၊ အမျိုးသားညွန့်ပေါင်းအစိုးရနဲ့ ကျောင်းသားတပ် ABSDF ဌာနချုပ်စတဲ့ အတိုက်အခံတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ ဌာနချုပ်တွေဖြစ်ခဲ့ဖူးတဲ့ နေရာလည်းဖြစ်ပါတယ်။

မာနယ်ပလောဒေသကို စစ်ကောင်စီတပ်က နှစ် ၃၀ လောက် ထိန်းချုပ်ထားခဲ့ပြီး အခုသီတင်းပတ် ဒီဇင်ဘာလ ၁၆ရက် မှာတော့ KNU နဲ့ ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းယူနိုင်ခဲ့တာပါ။ စစ်ကောင်စီ စခန်းရှစ်ခုကို ခြေခံလုံလုံနဲ့ အချိန်ယူ ဝိုင်းဝန်းပိတ်ဆို့ပြီး အမှည့်ခြွေဗျူဟာနဲ့ တိုက်ခိုက်ခဲ့တာလို့ KNU ဘက်က မီဒီယာတချို့မှာ ပြောဆိုထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရင်းမှူးအပါအဝင် ခြောက်ဦးဖမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။

……………………………………..

စစ်ကောင်စီတပ် နံပတ်သုံးအဆင့်အပါအဝင် စစ်ဗိုလ်ချုပ်တချို့ အပြောင်းအလဲလုပ်

ပုံစာ – ဗိုလ်ချုပ်ကြီးမောင်မောင်အေး

စစ်ကောင်စီတပ်ရဲ့ နံပတ်သုံးအဆင့်ခေါင်းဆောင်ဖြစ်တဲ့ ညှိကွက်လို့ အတိုကောက်ခေါ်ကြတဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွက်ကဲရေးမှူး နေရာအပါအဝင် စစ်ဗိုလ်ချုပ်တချို့ကို အပြောင်းအလဲ လုပ်ဆောင်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွက်ကဲရေးမှူးဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို သုံးနှစ်ကျော်အကြာမှာ ညှိကွက်နေရာကနေ ဖယ်ရှားခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၈ရက်မှာ ညှိကွက်နေရာကနေ ဖယ်ရှားပြီး စစ်ကောင်စီက ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးနေရာကို ပြောင်းလဲခန့်အပ်ခဲ့တာပါ။

ညှိကွက်နေရာကိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လူယုံလို့ သတင်းထွက်တဲ့ ဒုဗိုလ်ချုပ်ကြီ ကျော်စွာလင်းကို ခန့်အပ်ခဲ့ပါတယ်။ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းဟာ အလယ်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့ပြီး ၂၀၂၀ ကနေ အခုအချိန်အထိ စစ်ထောက်ချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ကာကွယ်ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကိုတော့ ကာကွယ်ရေးဝန်ကြီးနေရာကနေ ဖယ်ရှားပြီး ဒုဝန်ကြီးချုပ်နဲ့ စစ်ကောင်စီဝန်ကြီးချုပ်ရုံး ဝန်ကြီးတာဝန်ကို ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းတို့ကို လက်ရှိရာထူးကနေ ဖယ်ရှားလိုက်တာဟာ ရာထူးလျှော့ချလိုက်တာလို့ ထောက်ပြမှုတွေ ရှိနေပါတယ်။ သူတို့ကို အခုလို ဖယ်ရှားလိုက်တာဟာ နိုင်ငံတစ်ဝန်း စစ်မျက်နှာတွေမှာ စစ်ကောင်စီအရေးနိမ့်မှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

……………………………………..

ထိုင်းမှာ မြန်မာအရေးအလွတ်သဘော ဆွေးနွေးပွဲလုပ်

ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၁၉ရက်နဲ့ ၂၀ ရက်တွေမှာ မြန်မာအရေးနဲ့ပတ်သက်လို့ အလွတ်သဘော ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို ထိုင်း၊ မလေးရှား၊ လာအို၊ စင်ကာပူ၊ ဖိလစ်ပိုင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ပြီး မြန်မာနဲ့ထိစပ်နေတဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက အဆင့်မြင့်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့ပါတယ်။

မြန်မာ့အရေးမှာ ဘက်ပေါင်းစုံက ပါဝင်တဲ့ဆွေးနွေးပွဲတွေဖြစ်လာဖို့၊ အာဆီယံဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ပေါ်ဖို့ အခုအလွတ်သဘောမှာ ဆွေးနွေးခဲ့ကြပါတယ်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ အရပ်သားတွေကို အကြမ်းဖတ်တာ ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကတော့ ရွေးကောက်ပွဲလုပ်မယ့်အကြောင်း၊ ရွေးကောက်ပွဲကို နိုင်ငံတကာ လေ့လာစောင့်ကြည့်ဖို့ ဖိတ်ခေါ်မယ့် အကြောင်းတွေ ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေးဖြေရှင်းရာမှာ ပြည်သူတွေကို ဗဟိုမပြုဘဲ စစ်ကောင်စီကို ချဉ်းကပ်တဲ့နည်း လုပ်ဆောင်ဖို့ အာဆီယံက ကြိုးပမ်းနေတာဟာ အလုပ်မဖြစ်နိုင်ဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပြီး ချဉ်းကပ်ပုံ ပြောင်းလဲသင့်ပြီလို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

……………………………………..

တစ်ခုတည်းသော မွန်တပ်တော် တည်ထောင်မယ်

မွန်တော်လှန်ရေးတပ်ဖွဲ့တွေ အားလုံးပါဝင်တဲ့ တစ်ခုတည်းသော “မွန်တပ်တော်” ကို ဖွဲ့စည်းဖို့ မွန်တော်လှန်ရေးတပ်ဖွဲ့ လေးခုက သဘောတူဆုံးဖြတ်လိုက်ပါတယ်။

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ မွန်ပြည်ကာကွယ်ရေးတပ်၊ မွန်ပြည်တော်လှန်ရေးတပ်နဲ့ မွန်ပြည် လွတ်မြောက်ရေးတပ်တော်တို့က ဒီဇင်ဘာလ ၁၈ ရက်မှာ ဆွေးနွေးသဘောတူ ဆုံးဖြတ်ခဲ့ကြတာပါ။

မွန်တပ်တော် ပေါ်ပေါက်ရေး ပထမအဆင့်အနေနဲ့ မွန်တော်လှန်ရေးတပ်ဖွဲ့လေးခု ပူးတွဲစစ်ရေးလှုပ်ရှားတာတွေ စတင်လုပ်ဆောင်ဖို့လည်း သဘောတူခဲ့ကြပါတယ်။ အခု သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အဆင်ဆင့်သော တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။

မွန်လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးကို စုစည်းနိုင်မှပဲ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာမှာ အောင်မြင်မယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် ခေါင်းဆောင် ဒေါက်တာသီရိမွန်ချမ်းက ပြောပါတယ်။ လက်ရှိမှာတော့ တကွဲတပြားစီ လှုပ်ရှားကြလို့ စစ်ရေးအရ ထိရောက်မှုအားနည်းခဲ့တယ်လို့လည်း ဆိုပါတယ်။

……………………………………..