BREAKING
January 22, 2025

မြန်မာနယ်စပ်အနီး ထိုင်းလေပိုင်နက်သို့ လေယာဉ်တစ်စီး ဝင်လာ၍ အရေးပေါ်စုံစမ်း

December 21, 2024

ပုံ - Royal Thai Air Force

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖုတ်ဖရဒေသ ထိုင်းလေပိုင်နက်ထဲသို့ အမျိုးအစားမသိရသော လေယာဉ်တစ်စီး ဝင်လာသဖြင့် ထိုင်းဂျက်ဖိုင်တာလေယာဉ်နှစ်စီး အရေးပေါ်လွှတ်တင်ခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အမျိုးအစားမသိရသော လေယာဉ်သည် ယမန်နေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ထိုင်းလေပိုင်နက်ထဲသို့ ဝင်ရောက်လာခဲ့သဖြင့် ထိုင်းဘက်က F-16 ဖိုက်တာဂျက်လေယာဥ်နှစ်စီးဖြင့် ကင်းထောက်စုံစမ်းခဲ့ရကြောင်း သိရသည်။

အဆိုပါလေယာဉ်သည် ထိုင်းလေပိုင်နက်ထဲတွင် အမြင့်ပေ ၄၀၀၀ မှ ၅၀၀၀ ကြားပျံသန်းခဲ့ကြောင်း ထိုင်းစစ်တပ်ဘက်က ဆိုသည်။

ယင်းလေယာဉ်အမျိုးအစားကို ကင်းထောက်နိုင်ရန်အတွက် ဂျက်ဖိုက်တာ လေယာဉ်နှစ်စီးကို အမြင့်ပေ ၇၀၀၀ ကျော်အထိ ပျံသန်းစေပြီး ထောက်လှမ်းစေခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

သို့သော်လည်း ဂျက်ဖိုက်တာလေယာဉ်နှစ်စီး ရောက်ရှိလာသောအချိန်တွင် အဆိုပါလေယာဉ်သည် ပိုင်နက်ထဲက ပြန်လည်ထွက်ခွာသွားပြီးနောက် လေဒါထဲက ပျောက်ကွယ်သွားခဲ့ကြောင်း ထိုင်းစစ်တပ်က ဆိုသည်။

ကင်းထောက်ခဲ့သော ဖိုက်တာဂျက်လေယာဉ်နှစ်စီးကို နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ပြန်လည်ဆင်းသက်စေခဲ့သည်။

ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာသော အမျိုးအစားမသိ လေယာဉ်သည် မောင်းသူမဲ့လေယာဉ် သို့မဟုတ် ဒရုန်းဖြစ်နိုင်ကြောင်း ထိုင်းစစ်တပ်က ကောက်ချက်ချထားပြီး အသေးစိတ်ကိုမူ မသိရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုင်းနယ်စပ်တွင် နေထိုင်သော ပြည်သူများအတွက် ခြိမ်းခြောက်မှုမရှိစေရေး လေတပ်က ထိုင်းလေပိုင်နက်ကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: The Nation Thailand, Khaosod English, Thai PBS world