ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၉ နဲ့ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနဲ့ အိမ်ရှင်ထိုင်းနိုင်ငံတို့က ပူးတွဲစီစဉ်တယ်။ မြန်မာစစ်ကောင်စီအပါအဝင် တရုတ် ၊ လာအို ၊ ထိုင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဆီက ကိုယ်စားလှယ်တွေ တက်ရောက်နေတယ်။
မြန်မာ့အရေး အိမ်နီးချင်းနိုင်ငံတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့အချိန် Bangkok Post မှာ ဒီဇင်ဘာ ၁၇ ရက်နေ့က ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။
“ဆီးရီးယားသမ္မတဘာရှာအယ်အာဆတ် ပြုတ်ကျသွားတာဟာ မြန်မာစစ်အုပ်စုလည်း ဘယ်လိုပြုတ်ကျသွားနိုင်ခြေရှိလဲဆိုတဲ့အပေါ် အမြင်တွေ ရလာစေတယ်”တဲ့။
နာမည်ကြီးထိုင်းသတင်းစာဆရာ ကဝီကျုံးကစ်ထာဝွန်းက “အာဆတ်ရဲ့ ကြမ္မာဆိုးက မြန်မာစစ်အုပ်စုကို ခြောက်လှန့်နေတယ်”(Assad’s fate haunts Myanmar junta)ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားခဲ့တဲ့ ဆောင်းပါးပါ။
ဆောင်းပါးရှင်ကဝီဟာ ဒေသတွင်းရေးရာတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ဝါရင့်သတင်းစာဆရာတစ်ယောက်ဖြစ်တာမို့ မြန်မာ့အရေး သူဘယ်လိုမြင်လဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။
မြန်မာ့အရေး အိမ်နီးချင်းနိုင်ငံတွေရဲ့ ချဉ်းကပ်မှုတွေ ၊ မြန်မာ့အရေးပြင်ပနိုင်ငံတွေရဲ့ သက်ရောက်မှုတွေ ၊ ဆီးရီးယားမှာလိုမျိုး ပြင်ပနိုင်ငံတွေရဲ့ အလားတူထောက်ပံ့မှုကို မြန်မာတော်လှန်ရေး အင်အားစုတွေ ရလာခဲ့ရင် ဆိုတာတွေအပေါ် သူ့ရဲ့ အမြင်တွေ ပါဝင်ပါတယ်။
အာဆတ်ကို သင်ခန်းစာယူရမယ့် မြန်မာစစ်တပ်
ပြင်ပအင်အားကြီးနိုင်ငံအချို့ရဲ့ ထောက်ခံမှု ရထားတဲ့ အာဏာရှင်အာဆတ်မိသားစုရဲ့ ၅၅ နှစ်ကြာ သံမဏိအုပ်ချုပ်မှုဟာ ပြိုကျသွားခဲ့ပြီ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ဒီဖြစ်ရပ်ကို သင်ခန်းစာယူရမယ်လို့ ဆောင်းပါးရှင်ကဝီက ပြောတယ်။
မြန်မာနဲ့ ဆီးရီးယားမှာ အခြေအနေချင်း မတူကြဘူး။ ဒါပေမဲ့ ယုံကြည်မှုလွန်ကဲတာ ၊ အသိဉာဏ်နုံနဲ့တဲ့ နေရာမှာတော့ ဆီးရီးယားအာဏာရှင်နဲ့ မြန်မာအာဏာရှင် အတူတူပဲတဲ့။
ဆီးရီးယားကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့အတွက် အာဆတ်မှာ အချိန် ၂၅ နှစ် ရခဲ့တယ်။ အဲဒီအစား အာဆတ်က အာဏာရှင်လမ်းစဉ်ကိုပဲ လိုက်ခဲ့တယ်။ အစိုးရဆန့်ကျင်သူတွေကို ဖိနှိပ်တယ်။ လူနည်းစုတွေကို ဖိနှိပ်တယ်။ အာဆတ်ရဲ့ ကျဆုံးခန်းဟာ နိုင်ငံရဲ့ အရှိတရားကို လျစ်လျူရှုတဲ့ အာဏာရှင်အစိုးရတိုင်းအတွက် သင်ခန်းစာယူစရာပဲတဲ့။
မြန်မာပြည်သူတွေအပေါ် မြန်မာစစ်တပ်ကျူးလွန်နေတာတွေက ဆီးရီးယားပြည်သူတွေအပေါ် အာဆတ်ကျူးလွန်ခဲ့တာတွေနဲ့ သိပ်မကွာဘူးလို့ ကဝီက ဆိုတယ်။
သင့်လျော်တဲ့ ပထဝီနိုင်ငံရေးအခြေအနေမျိုးနဲ့ဆိုရင် ဆီးရီးယားမှာလိုမျိုး အစိုးရကို ဖြုတ်ချနိုင်လိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် မြန်မာတော်လှန်ရေး အင်အားစုတွေဘက်က တွက်ဆနေကြတယ်။ သူတို့အတွက် စစ်ရေးအရ အသာစီးရလာဖို့ အနောက်နိုင်ငံတွေရဲ့ ကူညီထောက်ပံ့မှုကို မျှော်လင့်စောင့်စားနေကြတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ မြန်မာပြည်ရဲ့ ထက်ဝက်နီးပါးကို တော်လှန်ရေးအဖွဲ့တွေဘက်က ထိန်းချုပ်လာနိုင်ခဲ့တယ်။ ဒါကြောင့် အခုလာမယ့်နှစ်တွေအတွင်း မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေ – အထူးသဖြင့် ထိုင်း ၊ တရုတ် ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေကို ကမ္ဘာက စောင့်ကြည့်လာလိမ့်မယ်။
မြန်မာစစ်အစိုးရဟာ လူမျိုးစုလက်နက်ကိုင်တွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခကို အဆုံးသတ်ရမယ်။ အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို လိုက်နာအကောင်အထည်ဖော်ရမယ်။ ဒါမှ အာဆတ်လို ကြမ္မာဆိုးကို ရှောင်လွှဲနိုင်လိမ့်မယ်။ နောက်ဆုံးအခွင့်အရေးရှိနေတုန်း ဒါကို အကောင်အထည်ဖော်ဖို့က မြန်မာစစ်တပ်အတွက် တကယ့်စိန်ခေါ်မှုတစ်ခုပဲလို့ မှတ်ချက်ချတယ်။
မြန်မာ့အရေး ထိုင်းရဲ့ အခန်းကဏ္ဍ
မြန်မာ့အရေးမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မကြာသေးခင်က ထွက်ရှိလာတဲ့ အစီရင်ခံတစ်စောင်ကို ကဝီက ညွှန်းတယ်။
“Myanmar and Thailand Relations at the Crossroads” ဆိုတဲ့ အစီရင်ခံစာ။ Centre for Strategic Policy (CSP) ဆိုတဲ့ ဘန်ကောက်အခြေစိုက် မူဝါဒရေးရာသုတေသနအဖွဲ့အစည်းတစ်ခုက ပြုစုထားတာပါ။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရမှာ တိကျရှင်းလင်းတဲ့ မူဝါဒမရှိဘူး။ ဒါက ထိုင်းရဲ့ အမျိုးသားမူဝါဒတွေအပေါ်မှာ ထိခိုက်မှုရှိစေတယ်။ မြန်မာ့အရေး အာဆီယံရဲ့ ချဉ်းကပ်မှုကိုပါ အားနည်းစေတယ်လို့ အစီရင်ခံစာက ထောက်ပြထားတယ်။
မြန်မာ့အရေးဖြေရှင်းရာမှာ ထိုင်းနိုင်ငံက အဓိကဇာတ်ကောင်နေရာမှာ ရှိနေရမယ်။ အာဆီယံအဖွဲ့ထဲမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို မြန်မာပြည်အကျပ်အတည်းက စမ်းသပ်နေတယ်။ ထိုင်းအစိုးရအနေနဲ့ ကိုယ့်အမျိုးသားအကျိုးစီးပွားကို ဒေသတွင်းတည်ငြိမ်မှုနဲ့ ချိန်ညှိဖို့ လိုမယ်။ မြန်မာ့အရေးကို ထိုင်းနိုင်ငံရဲ့ သံတမန်လုံခြုံရေးမူဝါဒ ၊ လူသားချင်းစာနာမှုမူဝါဒတွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့ လိုမယ်။ ဒီလိုလုပ်ဖို့အတွက် မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းသူတစ်ဦး ထားရှိရမယ်လို့ အစီရင်ခံစာက အကြံပြုထားတယ်။
အာဆီယံဘုံသဘောတူညီချက်ငါးရပ် ခိုင်မာအားကောင်းလာဖို့အတွက် လုပ်ရမယ့်အချက်တွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်တစ်ယောက် ခန့်အပ်ရမယ်။ သူ့ကို လုပ်ပိုင်ခွင့် ရှင်းရှင်းလင်းလင်း ပေးထားရမယ်။ ဒါမှပဲ မြန်မာ့အရေးမှာ ဘက်အသီးသီးနဲ့ ထိတွေ့ဆက်ဆံနိုင်လိမ့်မယ်။
မြန်မာစစ်အုပ်စုကို နိုင်ငံရေးစားပွဲဝိုင်းဆီ ရောက်လာအောင် အိမ်နီးချင်းနိုင်ငံတွေက ကြိုးစားရမယ်။ လူသားချင်းစာနာမှုအကူအညီတွေကို စစ်ဘေးရှောင်စခန်းတွေသာမကဘဲ စစ်ရဲ့ ရိုက်ခတ်မှုဒဏ်ခံနေရတဲ့ ကျေးရွာအားလုံးကို ပေးရမယ်လို့ အဲဒီအစီရင်ခံစာက အလေးပေးဖော်ပြထားတယ်။
လက်ရှိထိုင်းအစိုးရဟာ မြန်မာနဲ့ ပတ်သက်တဲ့ ထိုင်းမူဝါဒကို အရေးမကြီးသလို လုပ်နေတယ်လို့ ဆောင်းပါးရှင်ကဝီကတော့ ဝေဖန်တယ်။ ဒါက အရင်ထိုင်းအစိုးရတွေနဲ့ အတူတူပဲတဲ့။
မြန်မာနဲ့ ပတ်သက်ပြီး မူဝါဒဦးတည်ချက်မရှိတဲ့အတွက် ထိုင်း-မြန်မာ နယ်စပ်ရေးရာကိစ္စတွေ လည်ထွက်နေတယ်ဆိုတဲ့သဘော သူက ပြောတယ်။ မကြာသေးခင်က ထိုင်းငါးဖမ်းသမားလေးယောက် အဖမ်းခံရတဲ့ ကိစ္စဟာ ဒီအတွက် ဥပမာတစ်ခုပဲတဲ့။ ထိုင်းနယ်စပ်ကို ဝတပ်ဖွဲ့တွေ ကျူးကျော်ဝင်ရောက်လာတဲ့ ကိစ္စကလည်း ထိုင်းနဲ့ မြန်မာအကြား ရှိနေတဲ့ တင်းမာမှုတွေကို ပိုဆိုးရွားစေတယ်လို့ သူက ဆိုတယ်။
အိန္ဒိယ
အိန္ဒိယဟာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အာဆီယံဘုံသဘာတူညီချက်ငါးရပ်ကို တစိုက်မတ်မတ်ထောက်ခံလာခဲ့တဲ့ နိုင်ငံဖြစ်တယ်။ မြန်မာဘက်က စစ်ဘေးဒုက္ခသည်တွေ ပြေးဝင်လာတဲ့ ဒဏ်ကို အိန္ဒိယလည်း ခံစားနေရတယ်။ အရှေ့တောင်အာရှနဲ့ အိန္ဒိယကို ချိတ်ဆက်ပေးမယ့် မြန်မာပြည်ထဲက စီမံကိန်းတွေလည်း နှောင့်နှေးနေတယ်။ ဒါကြောင့် မြန်မာပြည်က မတည်ငြိမ်မှုတွေ အဆုံးသတ်သွားဖို့ကို အိန္ဒိယကလည်း ဖြစ်စေချင်တယ်။
အိန္ဒိယအစိုးရက မြန်မာနယ်စပ်ရေးရာနဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်တယ်။ မကြာသေးခင်ကစပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်လာတယ်။ မြန်မာစစ်တပ်နဲ့ရော အတိုက်အခံအင်အားစုတွေနဲ့ပါ ထိတွေ့ဆက်ဆံမှုပိုများလာတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာ့အရေးအပေါ် အိန္ဒိယက ဗျူဟာမြောက် ချဉ်းကပ်နေတယ်ဆိုတာကို ပြတယ်။
မြန်မာပြည်မှာ တရုတ်ရဲ့ လွှမ်းမိုးမှုကို အိန္ဒိယက ထိန်းညှိချင်တယ်။ ဒါကြောင့် မြန်မာ့အရေးမှာ တွေ့ဆုံဆွေးနွေးမှုကို အားပေးပြီး ဘက်အသီးသီးနဲ့ ဆက်ဆံရေးကို ထိန်းညှိထားတယ်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ အိန္ဒိယဟာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကနေ ခပ်ခွာခွာနေလို့ မရဘူးလို့ ကဝီက ကောက်ချက်ချတယ်။
ဘင်္ဂလားဒေ့ရှ်
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေထောက်ပံ့မှုက ကျဆင်းလာနေတယ်။ ဒါက ရိုဟင်ဂျာဒုက္ခသည်ပြဿနာကို ပိုရှုပ်ထွေးခက်ခဲစေတယ်။ တစ်ဘက်မှာ အာရက္ခတပ်တော်(AA)က အင်အားကြီးထွားလာနေပြီး မြန်မာစစ်တပ်ရဲ့ အဓိကစစ်စခန်းတွေကို တိုက်ခိုက်လာတယ်။ ဒါက ဘင်္ဂလားဒေ့ရှ်အတွက် စိန်ခေါ်ချက်တွေကို ပိုဆိုးရွားစေတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သူ့နိုင်ငံအတွက် လုံခြုံရေးစိုးရိမ်ချက်နဲ့ လူသားချင်းစာနာမှုဝတ္တရားကို ချိန်ညှိနေရမယ်လို့ ကဝီက ဆိုတယ်။
တရုတ်
တရုတ်ဟာ မြန်မာစစ်အစိုးရနဲ့လည်း ဆက်ဆံတယ်။ သူ့နယ်စပ်မျဉ်းပေါ်က လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဆက်ဆံတယ်။ ဒါကြောင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်ဟာ အင်မတန်အရေးပါတဲ့ ဇာတ်ကောင်တစ်ကောင်အဖြစ် ရှိနေတယ်။ ၂၀၁၇ စစ်ဆင်ရေးပြီးကတည်းက မြန်မာ့အရေးမှာ တရုတ်အစိုးရရဲ့ အခန်းကဏ္ဍက ပိုသိသာထင်ရှားလာတယ်။ စစ်အာဏာသိမ်းပြီးကတည်းကနေ အခုချိန်အထိ တရုတ်ဟာ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကိုပဲ တောက်လျှောက်ထောက်ခံလာတယ်။ သက်ဆိုင်သူအားလုံးပါဝင်ပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့ကိုပဲ တရုတ်က တိုက်တွန်းတယ်။
မြန်မာပြည်မှာ တရုတ်ရဲ့ အကျိုးစီးပွားက ထုထည်ကြီးကြီးမားမားရှိတယ်။ တရုတ်ရဲ့ စွမ်းအင်ဆိုင်ရာ စီမံကိန်းတွေနဲ့ “ခါးပတ်တစ်ကွင်း လမ်းတစ်စင်း”စီမံကိန်းတွေက တပ်မတော်ထိန်းချုပ်ထားတဲ့ နယ်မြေမှာရော ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာပါ ရှိနေတယ်။ ဒါကြောင့် မြန်မာ့သပွတ်အူပဋိပက္ခထဲမှာ ဘက်အသီးသီးနဲ့ ဆက်ဆံရေးကို သိမ်သိမ်မွေ့မွေ့ ထိန်းညှိထားဖို့က တရုတ်အတွက် လိုကိုလိုအပ်တယ်။
ရုရှား
ရုရှားဟာ မြန်မာစစ်ကောင်စီကို တစိုက်မတ်မတ် ဆက်လက်ထောက်ခံ အားပေးနေဆဲဖြစ်တယ်။ သူများနဲ့ မတူဘဲ ကွဲထွက်နေလေ့ရှိတဲ့ ရုရှားဟာ မြန်မာ့အရေးမှာ တစ်ကိုယ်တော်ကစားလေ့ရှိတယ်။ မြန်မာစစ်ကောင်စီကို အဓိကလက်နက်ပံ့ပိုးသူလည်း ဖြစ်တယ်။ မြန်မာစစ်ကောင်စီအတွက် ရုရှားရဲ့ လက်နက်ရောင်းချမှုက ယူကရိန်းစစ်ပွဲကြောင့် လျော့ကျလာတယ်။ ဒါပေမဲ့ ရုရှားနဲ့မြန်မာအကြား နက်ရှိုင်းတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါဆဲ။ နှစ်နိုင်ငံအကြား အဆင့်မြင့်ခရီးစဉ်တွေ အပြန်အလှန်သွားရောက်လည်ပတ်မှုက ဒါကို ပြသနေတယ်လို့ ဆိုတယ်။
အမေရိကန်
အချို့သော မြန်မာတော်လှန်ရေးအင်အားစုတွေအတွက် အမေရိကန်အစိုးရရဲ့ ထောက်ပံ့မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ထားတာတွေ ရှိတယ်။ အမေရိကန်ရဲ့ “လူမသေစေနိုင်သော”ဆိုတဲ့ အထောက်အပံ့တွေကို ရုတ်တရက်တိုးမြှင့်လိုက်တာနဲ့ မြေပြင်အခြေအနေမှာ သက်ရောက်မှုတွေ ရှိလာနိုင်တယ်။
တပ်မတော်က လက်လွှတ်ထားရတဲ့ မြို့နယ်ပေါင်း ၆၅ မြို့နယ်ခန့် ရှိတယ်။ ဒီမြို့နယ်တွေကို အခုလာမယ့် နွေရာသီမှာ တပ်မတော်က ပြန်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ တပ်မတော်ဘက်က ပြန်သိမ်းမပိုက်နိုင်ဘူးဆိုပါစို့။ ဒါဆိုရင် အနောက်နိုင်ငံတွေက တော်လှန်ရေးအဖွဲ့တွေကို နောက်ထပ်အကူအညီတွေ ပံ့ပိုးပေးဖို့ တွန်းအားပေးလိုက်တာမျိုး ဖြစ်လာနိုင်တယ်လို့ ကဝီက ဆိုတယ်။
နိဂုံးချုပ်အနေနဲ့ ဆောင်းပါးရှင်ကဝီပြောတာက ဆီးရီးယားနဲ့ မြန်မာဟာ ပထဝီအရ ၊ လူဦးရေပျံ့နှံ့တည်ရှိပုံအရ ၊ အုပ်ချုပ်မှုပုံသဏ္ဍာန်အရ ကွဲပြားတယ်။ ဒါပေမဲ့ အာဆတ်ရဲ့ ကျဆုံးခန်းက မင်းအောင်လှိုင်တစ်ယောက် စားပွဲဝိုင်းကို ရောက်လာစေမယ့် အရိပ်နိမိတ်တစ်ခု ဖြစ်နိုင်တယ်။ ဒါမှပဲ မင်းအောင်လှိုင်ဟာ နောက်ထပ်ပရမ်းပတာအခြေအနေတွေနဲ့ ဆန့်ကျင်တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်မှာ ဖြစ်တယ်။
ဆီရီးယားမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သူတို့ကို ထောက်ခံအားပေးတဲ့ ပြင်ပနိုင်ငံတွေဟာ အာဆတ်ကို ဖြုတ်ချဖို့ ပန်းတိုင်အပေါ်မှာ အာရုံစိုက်ခဲ့ကြတယ်။ ဆီးရီးယားမှာလို နိုင်ငံတကာရဲ့ အလားတူထောက်ခံအားပေးမှုမျိုးက မြန်မာတော်လှန်ရေးအင်အားစုတွေအတွက်လည်း ပေါ်ထွက်လာနိုင်တယ်။
ဒီခန့်မှန်းချက်က ဖြစ်နိုင်ခြေနည်းတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ပေါ်တိုးတက်မှုမျိုးပေါ်ပေါက်လာရင် မြန်မာပြည်ပဋိပက္ခက ပိုပြင်းထန်လာမယ်။ စစ်ကောင်စီဘက်က ပိုပြီးတော့ အခြေယိုင်လာမယ်ဆိုတာက သံသယရှိစရာမလိုဘူး။
ဗိုလ်ချုပ်မင်းအောင်လှိုင်အနေနဲ့ မစ္စတာအာဆတ်ရဲ့ အတွေ့အကြုံကနေ သင်ခန်းစာယူမလား။ ဒါမှမဟုတ် အောင်မြင်ဖို့ အလားအလာမရှိတဲ့ လမ်းစဉ်အတိုင်းပဲ ဆက်သွားနေမလားဆိုတာကို ဗိုလ်ချုပ်မင်းအောင်လှိုင် ဆုံးဖြတ်ရမယ်လို့ ထိုင်းဝါရင့်သတင်းစာဆရာ ဆောင်းပါးရှင်ကဝီက အဆုံးသတ်ထားပါတယ်။
စျာန်ဟိန်း