BREAKING
January 22, 2025

အမ်း နပခကို AA သိမ်းယူ၊ ဒုတိုင်းမှူးနှင့် တိုင်းဦးစီးချုပ်တို့ ဖမ်းဆီးခံရ

December 21, 2024

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) က သိမ်းယူနိုင်ခဲ့ပြီး ဒုတိုင်းမှူးနှင့် တိုင်းဦးစီးမှူးတို့ကို ဖမ်းမိထားကြောင်း ယနေ့ ဒီဇင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်သည်။

အမ်းမြို့နယ်တွင် နောက်ဆုံးကျန်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းစစ်ရုံးကို နှစ်ပတ်ခန့်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၀ ရက်တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထိုးစစ်ဆင်တိုက်ခိုက်စဉ်အတွင်း စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဉ်ဖြင့် အင်အား ၁၅၀ ခန့်စီ သုံးကြိမ်လာရောက် စစ်ကူပို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နပခ ကို သိမ်းယူရာတွင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား ဖမ်းမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းဖြင့်တကွ ထုတ်ပြန်ထားသည်။

အမ်းမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သဖြင့် AA က အပြည့်အဝ သိမ်းယူထိန်းချုပ်ထားနိုင်သည့် မြို့နယ် ၁၄ ခုအထိ ရှိလာပြီဖြစ်သည်။

အမ်း မတိုင်မီ ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်နှင့် မောင်တောမြို့နယ်တို့ကို AA က သိမ်းယူထားသည်။

လက်ရှိတွင် ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မြို့၏ သုံးပုံနှစ်ပုံကို သိမ်းယူရရှိထားကြောင်းလည်း ဖော်ပြသည်။ ဂွမြို့ကို သိမ်းယူပြီးလျှင် ရခိုင်တွင် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် သုံးမြို့နယ်သာ ကျန်ရှိတော့ကြောင်း ဆိုသည်။