ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ ဈေးကြီးတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ကော့သောင်း-ရနောင်း ပဲ့ချိတ်လှေဆိပ်အရှေ့ရှိ ဦးအေးဝင်းကုန်ခြောက်ဆိုင်တွင် ညနေ ၄ နာရီဝန်းကျင်မှစကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မိနစ်ငါးဆယ်ခန့်အကြာ ငြိမ်းသတ်ခဲ့ရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။
“မီးတအားပြင်းတယ်။ တစ်ဆောင်တည်းလောင်သွားလို့ တော်သေးတယ်။ လက်နိုင်သွားတာလည်းပါတာပေါ့ “ဟု ၎င်းက ပြောသည်။
မီးလောင်မှုကြောင့်ဆိုင်ခန်းအတွင်းရှိ အသုံးအဆောင်ပစ္စည်းများနှင့် ကုန်ခြောက်ပစ္စည်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
တနင်္သာရီတိုင်းမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ကော့သောင်းမြို့ ကမ်းနားလမ်းရှိ ‘Big Boss’ ကုန်စုံဆိုင်တွင် အင်ဗာတာဖြင့် ဘတ္တရီအားသွင်းရာက အပူလွန်ကဲကာ မီးစလောင်ခဲ့ကြောင်း ဖော်ပြထားသည်။
အလျား ပေ၅ဝပေ၊ အနံ ပေ ၃၀ ရှိ သွပ်မိုး ကွန်ကရစ်ခင်း RC ၂ ထပ် အဆောက်အအုံမီးလောင်ကျွမ်းခဲ့ကြောင်း တိုင်းမီးသတ်ဌာနက ထုတ်ပြန်သည်။