BREAKING
January 22, 2025

အဏုမြူလက်နက်ရှင်နိုင်ငံများ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် တရုတ် တိုက်တွန်း

November 21, 2024

ပုံစာ - ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွေ့ရသည့် အဏုမြူဒုံးကျည်

ရုရှားအဏုမြူလက်နက်ခြိမ်းခြောက်မှုနှင့်အတူ ဥရောပတွင် စစ်ပြင်မှုတိုးမြှင့်လာချိန် အဏုမြူလက်နက်ရှင်နိုင်ငံများ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် တရုတ်နိုင်ငံက ယမန်နေ့ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်တိုက်တွန်းခဲ့သည်။

“လက်ရှိအနေအထားမှာ သက်ဆိုင်ရာအစုအဖွဲ့အားလုံးက စိတ်အေးအေးထားပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ လိုအပ်တယ်။ စစ်ရှိန်လျှော့ချနိုင်ရေး ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုတယ်။ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းက တစ်ဆင့် မဟာဗျူဟာမြောက် အန္တရာယ်တွေကို လျှော့ချနိုင်ဖို့ လိုတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံထဲသို့ အမေရိကန်လုပ် ATACMS တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခတ်နိုင်ရန် ယူကရိန်းအား ပထမဆုံး ခွင့်ပြုလိုက်သည့် သမ္မတဘိုင်ဒန်၏ ဆုံးဖြတ်ချက်ကို ရုရှားဘက်က ဒေါသတကြီး တုံ့ပြန်ခဲ့သည်။

ယူကရိန်းကဲ့သို့သော အဏုမြူလက်နက်မပိုင်သည့် နိုင်ငံများအား အဏုမြူလက်နက်ပိုင် နိုင်ငံများက ထောက်ခံအားဖြည့်မှု ပြုနေလျှင် ယင်းအဏုမြူလက်နက်မဲ့နိုင်ငံအား အဏုမြူလက်နက်ဖြင့် တိုက်ခိုက်သွားမည့် မူဝါဒအပြောင်းအလဲကို ရုရှားသမ္မတပူတင်က အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် ယူကရိန်းက ရုရှားနိုင်ငံထဲသို့ ဗြိတိန်-ပြင်သစ် ဖက်စပ်ထုတ်လုပ်ထားသည့် Storm Shadow တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယင်းနေ့မှာပင် လက်ရှိစစ်ရေးတင်းမာမှုများ လျှော့ချရန် တရုတ်အစိုးရ၏ တိုက်တွန်းချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ယူကရိန်းအကျပ်အတည်းမှာ သက်ဆိုင်သူအားလုံး စစ်ရှိန်လျှော့ချဖို့ တိုက်တွန်းပြီး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ သန္နိဌာန်ချထားတဲ့ တရုတ်အစိုးရရဲ့ ရပ်တည်ချက်ဟာ မပြောင်းမလဲရှိနေဆဲပါ” ဟု မစ္စတာလင်ကျန်းက ဆိုသည်။

တရုတ်အစိုးရအနေနှင့် ယူကရိန်းအရေးတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အဏုမြူလက်နက်အသုံးပြုမှု မူဝါဒပြောင်းလဲလိုက်သည့် ပူတင်၏ ဆုံးဖြတ်ချက်ကို “တာဝန်မဲ့လုပ်ရပ်”အဖြစ် အမေရိကန်၊ ယူကေနှင့် ဥရောပသမဂ္ဂတို့က အသီးသီးရှုံ့ချခဲ့ကြသည်။

တရုတ်သမ္မတအနေနှင့် ၎င်း၏ ဩဇာအားလုံးကို အသုံးပြုပြီး ပူတင်ဘက်မှ စစ်ရှိန်လျှော့လာအောင် တရုတ်သမ္မတရှီကျင့်ဖျင့်အား မိမိဘက်မှ တိုက်တွန်းခဲ့ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောခဲ့သည်။

ပူတင်၏ တိုက်ခိုက်မှုများကို ရပ်တန့်အောင် စည်းရုံးနားချပေးနိုင်စွမ်း တရုတ်အစိုးရမှာ ရှိသည်ဟု ၎င်းက ဆိုသည်။

တရုတ်အစိုးရသည် ရုရှား၏ နိုင်ငံရေး ၊ စီးပွားရေးအရ အနီးကပ်မဟာမိတ်အဖြစ် ရှိနေသော်လည်း ယူကရိန်းစစ်ပွဲတွင် ကြားနေသူအဖြစ် ၎င်းတို့ကိုယ်၎င်းတို့ ပုံဖော်လေ့ရှိသည်။

မည်သည့်ဘက်ကိုမျှ လူသေစေနိုင်သော လက်နက်များ မိမိတို့ မပေးကြောင်း ပြောဆိုလေ့ရှိသည်။

ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို အဓိကအားဖြည့်ထောက်ခံနေသည့် နိုင်ငံအဖြစ် တရုတ်အား နေတိုးအဖွဲ့ဝင်နိုင်ငံများက တံဆိပ်ကပ်ထားကြသည်။

ယူကရိန်းအား ရုရှား၏ ကျူးကျော်စစ်အပေါ် တရုတ်အစိုးရဘက်မှ ဝေဖန်ရှုံ့ချခြင်း မရှိခဲ့ဖူးပေ။

Source – Hong Kong Free Press, CNN