BREAKING
December 22, 2024

ပုလော၊ ဇရပ်ဆိပ်ရွာတွင် တိုက်ပွဲဖြစ်

November 21, 2024

စစ်ရေးတင်းမာနေသည့် ပုလောမြို့နယ်ရှိ ဇရပ်ဆိပ်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား‌ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းနေ့က တိုက်ပွဲမဖြစ်မီ နေ့လယ်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဇရပ်ဆိပ်ကျေးရွာ အလယ်ပိုင်း၌ ဂိတ်ချစစ်ဆေးနေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုအချိန်တွင် စစ်ကောင်စီတပ်က ဇရပ်ဆိပ်ကျေးရွာအနောက်ပိုင်းရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း ၎င်းက ဆိုသည်။

“နေ့လယ်ကတည်းက စစ်ရေးကတင်းမာနေတာ။ PDFတွေဂိတ်ချပြီး ကားတွေကိုစစ်နေတဲ့အချိန် စစ်တပ်က လက်နက်ကြီးနဲ့ထုချလိုက်တယ်။ တိုက်ပွဲက ညမှစဖြစ်တာ တော်တော်ကြမ်းတယ်”ဟု အထက်ပါအမျိုးသားက ပြောသည်။

ပြည်သူကာကွယ်ရေးအဖွဲ့များက ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခြင်းဖြစ်ကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ညပိုင်းဆို‌တော့ အသံက အရမ်းကြမ်းတယ်။ ကျွန်‌တော်တို့ဘက်ကတော့ အထိအခိုက်မရှိပါဘူး။‌ အသေးစိတ်တော့ ကျွန်တော်တို့လည်း မသိရသေးပါဘူး”ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၁၈ ရက်ညကလည်း စစ်ကောင်စီတပ်သားများကို လာရောက်ပို့ဆောင်ပြီး ပြန်လာ‌သည့် ကားတစ်စီးကို ပြည်သူကာကွယ်ရေးအဖွဲ့များက တပိုကျေးရွာတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့(စစ်ကောင်စီတပ်သား)တွေကို ပလက‌နေ ဇရပ်ဆိပ်ဘုန်းကြီးကျောင်းကို လာပို့တဲ့ကား ပြီးတော့မြိတ်ဖက် သွားတဲ့အချိန်ဖမ်းလိုက်တာ”ဟု ၎င်းက ပြောသည်။

အောက်တိုဘာလ ၁၄ ရက်နေ့မှစကာ ပုလောမြို့နယ်အတွင်း ပြည်ထောင်စုလမ်းတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က အင်အားရာချီသုံးကာ စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားနေသည်။

ထိုကြောင့် အဆိုပါကျေးရွာများရှိ ဒေသခံထောင်ချီမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်မှာ ရက်ပေါင်းလေးဆယ်ကျော် ရှိလာပြီဖြစ်သည်။

ပုလောမြို့နယ်အတွင်း ခရီးသွားပြည်သူများအနေဖြင့် ပြည်ထောင်စုလမ်းပိုင်းအား မနက်၆နာရီမှ ည၆နာရီအတွင်းသာ အသုံးပြုရန် အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တနင်္သာရီတိုင်းစစ်ဌာနက နိုဝင်ဘာလ ၁၁ရက်နေ့က ဒုတိယအကြိမ်ထုတ်ပြန်ထားသည်။