BREAKING
December 22, 2024

ထားဝယ်တွင် သက်ကြီးပိုင်း အမျိုးသားနှစ်ဦး ထပ်အဖမ်းခံရ

November 21, 2024

ထားဝယ်မြို့တွင် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း အသက် ၆၀ ကျော်အရွယ် သက်ကြီးပိုင်း အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ၎င်းတို့၏မိသားစုနှင့် နီးစပ်သူများထံကသိရသည်။

နိုဝင်ဘာလ ၁၇ ရက်ညပိုင်းတွင် ထားဝယ်မြို့ ၊ ဝဲကျွန်းညောင်ရမ်း ရပ်ကွက်ရှိ ဇောတိကာရုံစာသင်တိုက် ဘုန်းကြီးကျောင်းတွင် အသက် ၆၅ နှစ်အရွယ် ဦးအင်စွမ်ကို အရပ်ဝတ်လက်နက်ကိုင်အချို့နှင့် စစ်ကောင်စီတပ်သားအချို့က လာရောက်ဖမ်းဆီးသွားကြောင်း နီးစပ်သူတစ်ဦးကပြောသည် ။

ဦးအင်စွမ်သည် သရက်ချောင်းမြို့နယ်၊ ကနက်သီရီရွာသားဖြစ်ပြီး NLD ပါတီဝင်တစ်ဦးဖြစ်ကာ အာဏာမသိမ်းမမီကတည်းက ပါတီအလုပ်များ ဆက်မလုပ်ဘဲ ရပ်နားထားသူဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“ရွာမှာ လေယာဥ်နဲ့ဗုံးကြဲပြီးကတည်းက သူများတွေလိုပဲ ဦးအင်စွမ်တို့လင်မယားက မြို့ပေါ်မှာ အခန်းငှားပြီးလာနေတယ်။ သူ့မိန်းမဆုံးသွားတော့ ငှားထားတဲ့အခန်းမှာ စျာပန လုပ်လို့လည်းမရတော့ ရွာနဲ့အဆက်အစပ်ရှိတဲ့ ဘုန်းကြီးကျောင်းမှာ စျာပနလာလုပ်တယ် ။ အသုဘချပြီးတဲ့ ညမှာပဲ လူစုံနေတုန်း လာဖမ်းသွားတယ်” ဟု ၎င်းတို့နှင့်နီးစပ်သည့် ကနက်သီရီရွာသားတစ်ဦးကပြောပြသည် ။

ဖမ်းဆီးရသည့် အကြောင်းအရင်းကို မသိရသလို မည်သည့်နေရာတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း လည်းမသိရသဖြင့် မိသားစုက လိုက်လံဆက်သွယ် မေးမြန်းနေသော်လည်း နိုဝင်ဘာလ ၂၀ ရက်ညအထိ မသိရသေးကြောင်း ကာယကံရှင် မိသားစုနှင့် နီးစပ်သူကပြောသည်။

နိုဝင်ဘာလ ၁၂ ရက်ကလည်း ထားဝယ်မြို့ ၊ ကြက်စားပြင်ရပ်ကွက်၊ စောမိညိုစာသင်ကျောင်း အနီးတွင် နေအိမ် ၂ လုံးကို စစ်ကောင်စီတပ်သားများ ဝင်ရောက်ရှာဖွေခဲ့ပြီး အသက် ၆၀ ကျော်အရွယ် ဦးရှိန် ဆိုသူအား ဖမ်းဆီးသွားကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများထံကသိရသည်။

“ရန်ကုန်မှာ ဆေးကုပြီး ပြန်လာတဲ့ညမှာပဲ လာဖမ်းသွားတယ်။ ဦးရှိန်က အခုလပိုင်းထဲ ကျန်းမာရေး မကောင်းလို့ ရန်ကုန်မှာဆေးကုနေတာ။ သူ့အိမ် က စျေးဆိုင်တဲ (အိမ်ဆိုင်) ဖွင့်ထားတာကိုလည်း ပိတ်ခိုင်းထားတယ်။ သူ့မိန်းမနဲ့ သမီးလေးကိုလည်း ခရီးမသွားဘဲ အိမ်မှာပဲနေဖို့ (စစ်ကောင်စီတပ်က) ပြောခဲ့တယ်” ဟု ကာယကံရှင်နှင့်နီးစပ်သည့် အမျိုးသမီးတစ်ဦးကပြောပြသည်။

ဦးရှိန်သည် အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများတွင် လိုက်ပါစဥ် သေနတ်ထိမှန်ဖူးသူဖြစ်ပြီး ယင်းဖြစ်စဥ်နောက်ပိုင်းတွင် ရပ်ရွာအတွင်း အေးအေးဆေးဆေး နေသူဖြစ်ဟု ရပ်ကွက်နေသူများထံကသိရကာ မည်သည့်အကြောင်းအရင်းဖြင့် ဖမ်းဆီးခံရသည်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။

တန်ဆောင်တိုင်ပွဲတော်နှင့်ပွဲတော်အပြီး ကာလ နိုဝင်ဘာလဒုတိယပတ်အတွင်း ထားဝယ်မြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ ၆ ဦးရှိသည်ဟု Dawei Watch က အတည်ပြုနိုင်ခဲ့ပြီး မြေပြင်တွင် အတည်မပြုနိုင်ဘဲ ဖမ်းဆီးခံထားရသူများလည်းရှိကြောင်းမြို့ခံများကဆိုသည်။

အဆိုပါ အဖမ်းခံထားရသူ ၆ ဦးစလုံးသည် နိုဝင်ဘာလ ၂၁ ရက် အထိပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ၎င်းတို့နှင့်နီးစပ်သူများထံကသိရသည်။