မြိတ်ခရိုင်ရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ခုနစ်စဉ်ကြယ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး
ပွင့်လင်းရာသီအစတွင်ပင် စစ်ကောင်စီတပ်၏ ရက်ရှည်စစ်ကြောင်းထိုးမှုများကြောင့် တိုင်းအတွင်းစစ်ရေးပိုမိုပြင်းထန်လာနေပြီး စစ်ဘေးရှောင်များလည်း ပိုမိုများပြားလာသည်။
အထူးသဖြင့် အောက်တိုဘာလလယ်မှစကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည့် ပုလောဒေသတွင် စစ်ဘေးရှောင်များ ပိုများလာနေသလို၊ ဒေသအချို့တွင် ရိက္ခာသယ်ယူရ ခက်ခဲသည့်အခြေအနေ၊ ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံရသည့် အခြေအနေများလည်း ရှိနေသည်။
ယင်းအခြေအနေတွင် ဆောင်းရာသီဝင်ရောက်လာပြီဖြစ်သဖြင့် ရာသီအကူးအပြောင်း ဖျားနာမှုများအပြင် ရာသီရောဂါများလည်း ဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင်များအတွက် ဆေးဝါးအကူအညီများလည်း အလွန်လိုအပ်နေသည်။
ရိက္ခာအခက်အခဲပင် ပြေလည်မှုမရှိသေးသည့် အခြေအနေတွင် ဆေးဝါး၊ အဝတ်အထည် စသော အခြားလိုအပ်ချက်များလည်း ထပ်တိုးလာနေသည်။
စစ်ဘေးရှောင် အကူအညီပေးနေသူများမှာလည်း တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ အခြားအခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။
ယင်းကြောင့် ပုလောနှင့် တနင်္သာရီ ဒေသမှစစ်ရှောင်များ၏ အခြေအနေနှင့် အကူအညီပေးနိုင်မှု အနေအထားကို သိရှိနိုင်စေရန်အတွက် မြိတ်ခရိုင်ရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ခုနစ်စဉ်ကြယ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။
DW ။ လက်ရှိ ပုလောဘက်မှာ စစ်ဘေးရှောင်တွေရဲ့ နေထိုင်မှု အခြေအနေလေးသိချင်လို့ပါ။ ဘယ်လိုနေရာမျိုးတွေမှာ အများဆုံး နေထိုင်ကြလဲ။
ဖြေ ။ ပုလောမှာကျတော့ အမြဲတမ်းစစ်ရှောင်တွေနဲ့ အဆင်ပြေသလို ပြန့်ကျဲပြီးနေနေကြတဲ့ စစ်ရှောင်တွေ ဆိုပြီးတော့ရှိတယ်။ အမြဲတမ်းစစ်ရှောင်တွေကျတော့ စခန်းထဲနေနေကြတော့ အဆင်ပြေကြတယ်။ သူတို့တဲထိုးပြီး အငြိမ်နေနေကြတာ နှစ်နှစ်ကျော် သုံးနှစ်လောက်တောင် ရှိနေကြပြီ။ မိကျောင်းသိုက်တို့ဘက်ဆို လုံးဝ အငြိမ်နေနေကြပြီ။ လက်ရှိ မီးရှို့ခံလိုက်ရတဲ့ ရွာတွေ ရှိတယ်ပေါ့နော်။ သူတို့တွေကျတော့ ပြန့်ကျဲပြီး နေထိုင်နေကြတယ်။ ရွာနီးချုပ်စပ် ဝန်းကျင်တွေမှာ ရှောင်နေကြတယ်။ တစ်ချို့ကျတော့ ရွာကနေ မြို့ကို ရှောင်လို့ရတဲ့သူတွေက ရှောင်ကြတယ်။ အဲလိုမသွားနိုင်တဲ့သူအများစုကတော့ မီးရှို့ခံလိုက်ရတဲ့ ရွာအနားမှာပဲ ရှောင်ကြတယ်။ ဥယျာဉ်ခြံတွေထဲမှာ ရှောင်ကြတယ်။ ဒီလိုရှောင်နေကြတဲ့ သူတွေက ပိုများတယ်။ အချို့က (အိမ်တွေ) မီးရှို့ခံရတယ် ရွာထဲမှာလည်း တိုက်ပွဲတွေ ဖြစ်နေကြတော့ ကိုယ့်ရွာထဲကို ပြန်ဝင်နေလို့ မရဘူး။ အဲလိုကျတော့ ဥယျာဉ်ခြံတွေထဲမှာပဲ ရက် ၂၀၊ ၃၀ လောက် ရှောင်ပြီး ဖြတ်သန်းနေနေကြတဲ့သူတွေလည်း အများကြီးပဲ။ သူတို့က ဥယျာဉ်ထဲမှာ ရာဘာခြံတွေထဲမှာ တဲထိုးထားတဲ့ဟာမျိုးရှိတော့ အဲလိုတဲတွေထဲမှာ နေကြတယ်။ လူဦးရေ တအားများတဲ့ နေရာတွေမှာကျတော့ တာလပတ်တွေနဲ့ ရွက်ဖျင်တဲတွေထိုးပြီးတော့ နေထိုင်ကြတာမျိုးရှိတယ်။
DW ။ ဆောင်းရာသီရောက်လာတော့မယ်ဆိုတော့ တနင်္သာရီဘက်မှာ စစ်ဘေးရှောင်တွေအတွက် အဓိက လိုအပ်ချက်တွေက ဘာတွေရှိလဲ။
ဖြေ ။ ဆောင်းရာသီက အရင်နှစ်တွေထက်စာရင် အခုနှစ်က ပိုပြီးတော့ အေးနိုင်တဲ့အခြေအနေမျိုး ရှိနေတယ်။ ဘာကြောင့်လဲဆို မိုးကလည်း ရွာနေတုန်းဆိုတော့ ပိုပြီးအေးနိုင်တယ်ပေါ့နော်။ အဓိကလိုအပ်ချက်ကတော့ ဆေးဝါးလိုအပ်ချက်က ပထမပဲ။ အနွေးထည်တွေလိုအပ်တယ်ဆိုပေမဲ့ ဆေးဝါးက ပိုလိုအပ်နေတာမျိုးပေါ့။ အဓိက ရာသီတုပ်ကွေးတွေဖြစ်နေကြတယ်။ နှာစေး၊ ချောင်းဆိုးတွေ ဖြစ်နေကြတယ်။ မိုးက တစပ်စပ်နဲ့ ရာသီဥတုက အေးတဲ့အခြေအနေမျိုးဆိုတော့ ဖျားနာတာတွေ ကျန်းမာရေးအရ ထိခိုက်တာတွေ ပိုများလာတယ်။ စားနပ်ရိက္ခာပိုင်းကျတော့ ပြောစရာတောင်မလိုတော့။ အရေးပေါ်လိုအပ်ချက်မှာ အမြဲပါနေတုန်း။ ဆောင်းရာသီရောက်ရင် ကူညီထောက်ပံ့မှုတွေက ယခင်ကတည်းက ဆေးဝါးထောက်ပံ့မှုတွေ သိပ်မရှိကြလို့ စားနပ်ရိက္ခာလိုအပ်ချက်နဲ့စာရင် ထပ်တိုးလိုအပ်ချက်တစ်ခု ဖြစ်လာတာပေါ့။ အခုလက်ရှိ ပုလောနဲ့ တနင်္သာရီဘက်ကမှာ စားနပ်ရိက္ခာတင်သွင်းဖို့ ပိတ်ပင်ခံထားရ ဖြတ်ခံထားရတယ်။ အဲလိုအခြေအနေမျိုးကျတော့ ကျွန်တော်တို့ လိုချင်သလောက် သွင်းလို့မရဘူး။ အချို့သွင်းလို့ မရတဲ့ ရွာတွေမှာကျတော့ စိုက်ပျိုးရေးတွေ တနိုင်တပိုင် စိုက်ပျိုးနေကြတာလည်းရှိနေကြတယ်။ အဲစပါးတွေကို အထူးသဖြင့် စစ်ဘေးရှောင်တွေက ပြန်ဝယ်ကြတယ်။ စခန်းထဲမှာ သိမ်းထားကြပြီးတော့ ဆန်ဖွတ် ကြိတ်ပြီးတော့ စားကြတာပေါ့။ အခုအခြေအနေမှာဆိုရင် စိုက်ထားတဲ့ စပါးတွေတောင်မှ မိုးရာသီတုန်းက မိုးကောင်းခဲ့လို့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ကြတယ်။ စားနပ်ရိက္ခာသယ်ယူမှုတွေ ပြတ်တောက်နေတဲ့ ဒေသတွေမှာ လက်ရှိတိုက်ပွဲအခြေအနေ တအားပြင်းနေတဲ့အချိန်ဆိုရင် ကိုယ်စိုက်ထားတဲ့ စပါးတွေ သိမ်းချင်တဲ့အချိန် သွားသိမ်းလို့မရဘူးဖြစ်နေတယ်။ ဒါကြောင့် ဆန်၊ ရိက္ခာပိုင်းဆို ပိုပြီး ကျပ်တည်းနေတဲ့ အနေအထားမျိုးရှိတယ်။
DW ။ ဆောင်းရာသီရောက်ရင် စစ်ဘေးရှောင်တွေ အဓိက ကြုံရလေ့ရှိတဲ့ ရောဂါအမျိုးအစားတွေက ဘာတွေလဲ။
ဖြေ ။ အဓိက ဖျားနာ၊ နှားစေးချောင်းဆိုးနဲ့ ရာသီတုပ်ကွေးတို့လို အခြေခံကျန်းမာရေးတွေ အဖြစ်များကြတယ်။ ရာသီအလိုက်တုပ်ကွေးတွေ အဖြစ်များတယ်ပေါ့နော်။ ငှက်ဖျားလည်း ဖြစ်နေကြတယ်။ ငှက်ဖျားက မနှစ်ကထက်စာရင် ဒီနှစ်က နည်းလာတယ်လို့ ပြောလို့ရတယ်။ ခါတိုင်းနှစ်တွေကဆိုရင် ငှက်ဖျားကြောင့် သေဆုံးတာတွေမျိုးတောင် ရှိခဲ့တယ်။ ဒီနှစ်တော့ ဖြစ်တော့ ဖြစ်နေကြတယ်။ ပြန်ဖြစ်နေတာမျိုးလည်း ရှိကြတယ်။ ဆိုတော့ ငှက်ဖျားလည်း ဖြစ်ကြတယ်ပေါ့။
DW ။ စစ်ဘေးရှောင်တွေ ဘယ်လိုဆေးဝါးကုသမှုခံယူနေကြလဲ။ ဆေးဝါးနဲ့ ကုသမှုအပိုင်းမှာကော ကြုံတွေ့နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေက ဘာလဲ။
ဖြေ ။ စစ်ရှောင်စခန်းတွေထဲမှာက ဆေးခန်းရှိတယ်ဆိုတော့ ဆေးခန်းတွေမှာ သွားပြလို့ရတယ်။ ပုံမှန်ဆိုရင် ဆေးခန်းက တာဝန်ခံဆေးမှူးတွေကပဲ ဖျားနာတာ နှာစေးချောင်းဆိုးတာကို ကုပေးနေတာပေါ့နော်။ ရောဂါအခြေအနေ ကြီးကြီးမားမားဖြစ်လာတဲ့အချိန်ဆိုရင် နယ်လှည့်ပေးနေတဲ့ ဆရာဝန်တွေရှိတယ်။ ဆရာဝန်တွေက ဆေးခန်းကို တစ်ပတ်မှာ တစ်ရက် နှစ်ရက်လောက် လာပေးလေ့ရှိတယ်။ အဲလိုလာရင် အခြားရောဂါတွေဖြစ်တဲ့ နှလုံးမကောင်းတာ ကျောက်ကပ်မကောင်းတာတို့ ဆီးချိုရှင်တို့ ပြန်ပြကြတာမျိုးရှိတယ်။ အဲလိုအချိန်ဆို လူနာပိုများသလို ဆေးကုန်ကျမှုလည်း ပိုများတယ်။ ဆေးမလောက်တဲ့ အခြေအနေမျိုးဆို ဆေးမှတ်တမ်းရေးပြီးတော့ စစ်ရှောင်တွေက ကိုယ့်ဟာကိုယ် အပြင်ကနေ ပြန်မှာပြီး ဆေးသောက်ရတာမျိုးလည်း ရှိတယ်။ ဒါတွေက စခန်းထဲ အခြေအနေဖြစ်တယ်။ စခန်းထဲမှာက ဆေးဝါးလုံလောက်မှု မရှိပေမယ့်လည်း ကျန်းမာရေးအတွက် လက်လှမ်းမီနိုင်သေးတဲ့ အခြေအနေမျိုးရှိသေးတယ်။ စခန်းအပြင်မှာကျတော့ နည်းနည်း ပင်ပန်းတယ်။ တကယ်ဖြစ်ခဲ့တယ်ဆိုရင်တောင် ကုသဖို့အတွက် လက်လှမ်းမီဖို့ ခက်ခဲတယ်။ စစ်ရှောင်ရွာတွေ သွားဖို့ဆိုရင် လမ်းမှာ အန္တရာယ်က ရှိနေသေးတယ်။ PDF ဆေးမှူးတွေက နီးစပ်ရာသူတွေကို ဆေးဝါးပိုင်းနဲ့ပတ်သက်ပြီး ဖျားနာတာတွေဖြစ်လာရင် လက်လှမ်းမီသေးတယ်ဆိုပေမယ့် တအားဝေးသွားတဲ့ နေရာတွေမှာကျတော့ နည်းနည်းအခက်အခဲတွေ ရှိတာပေါ့။
DW ။ ဒီလို ဆေးဝါးနဲ့ ရိက္ခာလိုအပ်ချက်တွေအတွက် ပြင်ဆင်ထားမှုအခြေအနေကရော ဘယ်လောက်အထိ ရှိနေပြီလဲ။
ဖြေ ။ စခန်းတွေထဲမှာက ရိက္ခာတို့လိုဟာတွေကို သိုလှောင်ထားတာမျိုးတော့ ရှိတယ်။ အခုအခြေအနေမျိုးက ရိက္ခာတွေ ပြတ်တောက်ဖို့ ပိုများနေတာမျိုး တွေ့ရတယ်။ အနည်းဆုံးကတော့ တစ်လစာလောက်က စခန်းထဲက လူဦးရေနဲ့ ချိန်ဆပြီးတော့ သိုလှောင်ထားနိုင်တယ် ပြင်ဆင်မှုတွေကိုတော့ လုပ်ထားနိုင်တယ်ဆိုတာမျိုးတော့ ပြောလို့ရပါတယ်။ ဒါပေမဲ့လည်း အခုလို တိုက်ပွဲပြင်းထန်တဲ့ အခြေအနေမျိုးဆိုရင်တော့ ရိက္ခာတွေ မလုံလောက်နိုင်လောက်တော့ဘူး။ ဘာကြောင့်လဲဆို စစ်ရှောင်ဦးရေကထောင်ပြီး တက်သွားတာမျိုးရှိတယ်ပေါ့နော်။ တောက်လျှောက်မီးရှို့ခံနေရတဲ့ ရွာတွေ၊ ရွာတွေကို ဝင်ပြီး စစ်ကြောင်းထိုးတာမျိုးတွေ ရှိလာတယ်ဆိုတော့ စစ်ရှောင်ဦးရေက အရင်ကထက် ပိုများလာတဲ့ အခြေအနေဖြစ်လာတယ်။ အဲလိုဖြစ်လာရင် စခန်းထဲ ရောက်လာတဲ့စစ်ရှောင်ရှိသလို စခန်းနဲ့ နီးစပ်ရာရွာတွေကို ရောက်လာတဲ့သူတွေကိုလည်း စခန်းထဲကနေ သွားပြီးတော့ သွားကူပေးတာမျိုးရှိတယ်။ အဲလိုဖြစ်လာရင် စခန်းထဲက အရန်ထားထားတာတွေထဲက သုံးစွဲရတာမျိုးတွေလည်း ရှိတော့ အဲလိုအခြေအနေမျိုး ရောက်သွားရင် သိုလှောင်မှုတွေကို ပြန်ပြီးစုဆောင်းနိုင်ဖို့ မနည်းလုံးပမ်းရမယ့် အခြေအနေဖြစ်နေပြီ။
DW ။ ဆောင်းရာသီရောက်ရင် အမျိုးသမီး၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် ဘာတွေ လိုအပ်မှုရှိလဲ။
ဖြေ ။ အမျိုးသမီးတွေအတွက်က သူတို့ ဓမ္မတာလာတဲ့အချိန်သုံးဖို့ လစဉ်သုံးပစ္စည်းတွေ လိုအပ်တယ်။ ကျန်းမာရေးနဲ့ ပတ်သက်လာပြီဆိုရင် အမျိုးသမီးတွေအတွက်က အဲဒီလိုအပ်ချက်နဲ့ပတ်သက်ပြီး အခက်အခဲတစ်ခု အမြဲကြုံရလေ့ရှိတယ်။ သက်ကြီးရွယ်အိုအပိုင်းကျတော့ သူတို့သုံးစွဲတဲ့ ဆေးဝါးအပိုင်းတွေ လိုအပ်ချက်ရှိတယ်ပေါ့နော်။ နောက်ပြီး အနွေးထည်၊ စောင်၊ ခြင်ထောင်တွေက ရှောင်ရတဲ့ အခြေအနေမျိုးမှာ မပါလာကြတာမျိုး။ ကိုယ်လွတ်ရုန်းပြေးလာတဲ့သူတွေဆိုတော့ အချို့ကျတော့လည်း လောက်ငမှု မရှိကြဘူး။ စောင်တွေ ခြင်ထောင်တွေ မရှိတဲ့အခြေအနေမှာ ဖြစ်သလိုနေနေကြရတော့ ပိုဆိုးတာပေါ့။ ဆောင်းတွင်းဆိုပေမယ့် မိုးရွာလာပြီဆိုရင် ဆောင်းဒဏ်အပြင် မိုးဒဏ်ကိုပါ သူတို့ ခံလိုက်ရသေးတယ်။ ဒီဒေသက မိုးများတဲ့ ဒေသဖြစ်လို့ သူတို့ ဆောက်ထားတဲ့ တဲတွေဆိုလည်း လေဒဏ် မိုးဒဏ်ကို အများကြီး ခံနိုင်တဲ့အထဲ မပါဘူး။ ဒေသထွက် ဝါး၊ ဓနိကိုပဲ အသုံးပြုပြီး ဆောက်ထားတော့ မိုးတအားများတဲ့အချိန်ဆို ရာသီဥတုဒဏ်ကို ပိုခံကြရတယ်။ ကလေးတွေအတွက်ဆိုရင်လည်း ဒါတွေပဲ လိုအပ်တယ်ပေါ့နော်။ စောင်၊ ခြင်ထောင် သူတို့ကျန်းမာရေးအတွက် အနွေးထည်တွေပေါ့။ ဒါပေမဲ့လည်း ခုနက ပြောထားသလိုပဲ အဓိကလိုအပ်ချက်လို့ပြောရင် စားနပ်ရိက္ခာနဲ့ ဆေးဝါးပိုင်းပဲ ဖြစ်တယ်။
DW ။ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့နေရာမှာ စစ်ဘေးရှောင်အဖွဲ့တွေ အဓိက ကြုံလေ့ရှိတဲ့ အခက်အခဲတွေက ဘာတွေဖြစ်လဲ။
ဖြေ ။ မြေပြင်မှာ ကြုံနေရတဲ့ စစ်ဘေးရှောင် အဖွဲ့တွေက ရိက္ခာကို စခန်းထဲ သယ်လို့မရဘူး။ ရိက္ခာမှမဟုတ်ဘူး အခြားပစ္စည်းတွေလည်း အများကြီးပါတာပေါ့။ အိုး၊ ခွက်၊ ပန်းကန်၊ စောင်၊ ခြင်ထောင် စတာတွေ ရှိမှာပေါ့။ အခြားလိုအပ်တဲ့ တာလပတ်တွေရော။ တာလပတ်တွေဆိုလည်း သယ်လို့မရဘူး။ ပုလောမြို့နယ်က ဆိုင်တွေမှာဆိုရင်လည်း တာလပတ်တွေ ရောင်းခွင့် မပေးထားတာမျိုးတွေ ရှိတယ်။ ရောင်းလို့မရဘူး ပိတ်ပင်ထားတဲ့ အခြေအနေမျိုးတွေ ရှိတယ်။ သွားဝယ်ရင် ဘာအတွက်လဲဆိုတာမျိုး မေးလာတဲ့အခြေအနေမျိုးတွေပေါ့။ လက်ရှိ တိုက်ပွဲတွေဖြစ်နေတဲ့အချိန်မျိုးမှာ စခန်းအနေနဲ့ သွားဝယ်ရင် လမ်းကြောင်းတွေ အပိတ်ခံနေရတယ်။ ဒါကြောင့် စခန်းထဲကိုပစ္စည်းသွင်းဖို့ လုံးဝအဆင်မပြေတော့တဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အရင်သယ်နေကျလမ်းကြောင်းတွေက အခုတိုက်ပွဲဖြစ်နေတာဖြစ်တဲ့အတွက် ပိုဆိုးတဲ့ အနေအထားတွေ ဖြစ်လာတယ်။ အခုလက်ရှိဆို ဆန်မှမဟုတ်ဘူး။ အခြားဘယ်ပစ္စည်းမှ စခန်းထဲ သယ်ဖို့ အဆင်မပြေတဲ့ အနေအထားမျိုး ကြုံလာရတယ်။
နောက်တစ်ခုက စစ်ဘေးရှောင်တွေကို စခန်းထဲ လာနေကြဖို့ ဖိတ်ခေါ်ကြတာပဲ။ စစ်ဘေးရှောင်တွေကလည်း လာနေတဲ့သူတွေရှိသလို မလိုက်ကြတဲ့ သူတွေလည်းရှိတယ်ပေါ့နော်။ စစ်ဘေးရှောင်တွေကလည်း စခန်းထဲ ဝင်ပြီးရင် ပြန်ထွက်ဖို့ အခက်အခဲတွေ ရှိကြတော့ လွန်ဆွဲနေကြတာပေါ့။ ပြန်ထွက်တဲ့အချိန် ဘာအဖွဲ့တွေ ညာအဖွဲ့တွေနဲ့ ပတ်သက်သွားပြီဆိုရင် သူတို့အတွက် သွားရဲလာရဲဖို့က ပိုကြောက်သွားတဲ့အခြေအနေဖြစ်တယ်။ စခန်းထဲ သွားနေလိုက်ပြီဆိုတာနဲ့ သူတို့က PDF လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်သွားပြီးဆိုပြီးတော့ ပတ်ဝန်းကျင်မှာ အသံထွက်သွားရင် သူတို့က မြို့ပေါ်သွားလို့ မရဲတော့ဘူး။ ဒါကြောင့် စစ်ဘေးရှောင်တွေက စခန်းထဲသွားဖို့ကို မလိုက်ကြတော့ဘူးပေါ့။ အဲကျတော့ တောထဲ တောင်ထဲမှာပဲ အဆင်ပြေသလို နေကြတာပေါ့။ ဒါတွေကျတော့ စခန်းတာဝန်ခံတွေအတွက် နည်းနည်းခက်ခဲတာပေါ့။ သူတို့က မလိုက်ကြပဲ နေကျန်ခဲ့ရင် တစ်ခုခု အကူအညီတွေ အထောက်အပံ့တွေပေးဖို့ ခက်ခဲသွားတာမျိုးပေါ့။ တစ်ခါ တစ်ခါလာဖို့ လမ်းကြောင်းကလည်း အန္တရာယ်တွေကြား လာရတာမျိုး ဆိုတော့ အခက်အခဲတွေ ရှိတယ်။
DW ။ စစ်ဘေးရှောင်စခန်းတွေမှာ စွန့်ပစ်အမှိုက်တွေ အထူးသဖြင့် ပလတ်စတစ်၊ အင်္ကျီအဟောင်းတွေကို ဘယ်လို စီစဉ်ပြီး စွန့်ပစ်လေ့ရှိလဲ။
ဖြေ ။ စခန်းတွေထဲမှာကျတော့ အမှိုက်တွေနဲ့ ပတ်သက်လာပြီဆိုရင် စနစ်တကျ ပြုလုပ်ထားတာမျိုးရှိတယ်။ အဓိက တွင်းတွေတူးထားတာမျိုးရှိတယ်။ အချို့ကတော့ တွင်းတွေတူးပြီး မီးရှို့ဖို့ နေရာပြုလုပ်ထားတာမျိုးရှိတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လာရင် စခန်းတွေထဲမှာ စနစ်တကျ ပြုလုပ်လေ့ရှိတယ်။ အိမ်သာဆိုလည်း စနစ်တကျတည်ဆောက်ထားတယ်။ ရေချိုးတဲ့နေရာဆိုလည်း စနစ်တကျလုပ်ထားတယ်။ သောက်သုံးရေအတွက် သီးသန့်သိုလှောင်ထားတဲ့နေရာရှိတယ်။ စခန်းအပြင်ကဟာတွေကျတော့ ကျွန်တော်တို့ ပြောဖို့ အခက်အခဲရှိတယ်ပေါ့နော်။ သူတို့ အဆင်ပြေသလို လုပ်ကြတယ်ဆိုတော့လေ။ စခန်းထဲမှာကျ အမှိုက်တွေအတွက် တွင်းတူးထားတယ်။ အချို့မီးရှို့ဖျက်ဆီးတယ်။ အချို့ ပြန်သုံးလို့ရမယ့်ဟာမျိုးဆို ပြန်အသုံးပြုလို့ရအောင် လုပ်ကြတယ်။ စခန်းထဲမှာကျတော့ စွန့်ပစ်ပစ္စည်းတွေနဲ့ ပတ်သက်ရင် စနစ်တကျပဲ ပြုလုပ်ထားပါတယ်။
DW ။ ဘာများဖြည့်စွက်ပြောချင်တာမျိုးရှိလဲ။
ဖြေ ။ စစ်ဘေးရှောင်တွေက အရင်နှစ်တွေထက်စာရင် ပိုများလာတယ်လို့ ပြောလို့ရသလို ပုလောတို့ တနင်္သာရီတို့ဘက်က ပြည်သူတွေက အရင်နှစ်ထက်စာရင် အခုနှစ်မှာ လိုအပ်ချက်တွေ ပိုများလာတာမျိုး တွေ့ရတယ်။ သူတို့လိုအပ်ချက်တွေကို ကူညီပေးမယ့် အဖွဲ့အစည်းတွေ ထင်ထားတာထက် ပိုနည်းနေသေးတယ်ပေါ့နော်။ ဒါကြောင့် စစ်ဘေးရှောင်နဲ့ ပြည်သူတွေအတွက်က ပိုပြီးတော့ အကျပ်အတည်းတွေ ပိုဖြစ်နေကြတာမျိုးပါ။