BREAKING
December 22, 2024

ထားဝယ်တွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောအဖြစ်များဟုဆို

November 21, 2024

ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့ပေါ်တွင် ကလေးများ ဝမ်းပျက်ဝမ်း‌လျှောနှင့် အအေးမိနှာစေးရောဂါများအဖြစ်များနေကြောင်း မြို့ခံတို့ထံမှ သိရသည်။

မြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတို့၌ ဆေးလာကုနေသူများထဲတွင် ဝမ်းပျက်ဝမ်းလျှော၊ အအေးမိနှာစေး ရောဂါဖြစ်ပွားသူ ကလေးများက အများစုတွေ့ရကြောင်း မြို့ခံ ကလေးမိခင်တစ်ဦးက ပြောသည်။

“(ထားဝယ်) ဘုရားပွဲအချိန်ကဆို ပိုဆိုးတယ်။ ဆေးခန်းမှာလာပြနေတဲ့ ကလေးတွေအများကြီးပဲ။ တချို့တွေမှာဆို ဝမ်းလျှောတာရော၊ အန်တာရောဖြစ်လို့ လာပြကြတယ်” ဟု ထားဝယ်မြို့ရှိ ပုလဲဆေးခန်းတွင် ကိုယ်တိုင် ကလေးဆေးခန်း သွားပြဖူးသူ မိခင်တစ်ဦးက ဆိုသည်။

ယင်းအပြင် ဆောင်းရာသီတွင်အဖြစ်များလေ့ရှိသည့် အအေးမိနှာစေးမှတစ်ဆင့် ဖျားသည့် ကလေးများလည်း များပြားကြောင်း ပုဂ္ဂလိကဆေးရုံတစ်ခုမှ သူနာပြုတစ်ဦးက ပြောဆိုသည်။

“အခုကလေးတွေက ဖျားပြီဆိုရင် တော်ရုံတန်ရုံနဲ့ ကိုယ်အပူ မကျတော့ဘူး။ များသောအားဖြင့်တော့ အအေးမိနှာစေးရာကနေပြီး အဖျားဝင်သွားလို့ဆိုပြီး (ဆေးရုံ) လာပြတဲ့သူတွေ များတယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာတို့က ကလေးများလည်း ဝမ်းပျက်ဝမ်းလျှောနှင့် အအေးမိဖျားနာရောဂါဖြစ်ပွားသဖြင့် ဆေးခန်းလာပြသူများရှိကြောင်း ဆိုသည်။

ဆေးခန်းလာပြသူအများစုတွင်မူ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောလက္ခဏာမတွေ့ရကြောင်း ၎င်းသူနာပြုက ပြောသည်။

ကလေးများတွင် ဝမ်းပျက်ဝမ်းလျှောနှင့် အအေးမိနှာစေးအဖြစ်‌များနေမှုနှင့်ပတ်သက်၍ ယနေ့ နိုဝင်ဘာလ ၂၁ရက် နံနက် ၁၀ နာရီခန့်က တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ Dawei Watch က ဖုန်းဆက်‌မေးမြန်းခဲ့ရာ ယင်းကိစ္စ ထားဝယ်ဆေးရုံအုပ်ကြီးကိုသာ မေးမြန်းရန် ဖြေကြားခဲ့သည်။

ယခင် ထားဝယ်ဆေးရုံအုပ်ကြီးမှာ ပြောင်းရွှေ့သွားပြီဖြစ်သည့်အတွက် ဆေးရုံအုပ်ကြီးအသစ်ထံ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ကလေးများမှာ ကိုယ်ခံအားနည်းသူများဖြစ်ကြသဖြင့် ကူးစက်ရောဂါများအလွယ်တကူ ကူးစက်ခံရလေ့ရှိရာ မိဘများ ဂရုစိုက်ပြုစုရမည်ဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက တိုက်တွန်းပြောဆိုထားကြသည်။