ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့တွင် အသက် ၆နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် မိသားစုဝင်သုံးဦး သတ်ဖြတ်ခံရကြောင်း မြို့ခံများထံမှ သိရသည်။
ဦးရခိုင်ဟု ခေါ်ဝေါ်ကြသည့် အသက် ၆၉ နှစ်အရွယ် အငြိမ်းစားလျှပ်စစ်ဝန်ထမ်း၊ ၎င်း၏သမီးဖြစ်သူ အသက် ၃၆ နှစ် အရွယ် ကျောင်းဆရာမ ဒေါ်သိမ့်သိမ့်သူနှင့် မြေးဖြစ်သူ အသက် ၆ နှစ်အရွယ် ကလေးငယ်တို့ကို နိုဝင်ဘာလ ၁၉ ရက် ညတွင် လူတစ်စုက ကားဖြင့်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများက ပြောသည်။
၎င်းတို့ မိသားစုသည် အမှတ် (၂) ရပ်ကွက်ရှိ လျှပ်စစ်ဝန်ထမ်းတန်းလျားတွင်နေထိုင်ကြကြောင်း မြို့ခံများက ဆိုသည်။
ဖမ်းဆီးခံရပြီး နောက်တစ်ရက်ဖြစ်သည့် နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင်မူ ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသည့် ၎င်းတို့ သုံးဦးစလုံး၏ ရုပ်အလောင်းကို ဘုရားသုံးဆူမြို့အပြင်ဘက် မဲက္ကသာကျေးရွာဘက်သွားသည့် ကားလမ်းဘေးတွင် လမ်းသွားလမ်းလာတို့က တွေ့ရှိခဲ့ ကြောင်း မြို့ခံများက ဆိုသည်။
ဦးရခိုင်တို့ မိသားစုကို မည်သူတို့က မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့သည်ကို မသိရသေးကြောင်း ဦးရခိုင်ကို သိကျွမ်းသည့် ဘုရားသုံးဆူမြို့ခံတို့၏ ပြောပြချက်အရ သိရသည်။
“ဦးရခိုင်နဲ့ သူ့သမီး၊ သူ့မြေးကို လူတစ်စုက ဖမ်းခေါ်သွားတယ် အဲဒီလောက်ပဲ သိကြတာ။ အဲဒီလူတွေက ဘယ်သူတွေလည်း သူတို့ကို ဘာလို့ ခေါ်သွားလဲဆိုတာတော့ ဘယ်သူမှ မသိဘူး။ ဒီမြို့မှာက (လက်နက်ကိုင်) အဖွဲ့အစည်းစုံတယ်လေ၊ ပြောဖို့ တော့ ခက်တယ်။ ဦးရခိုင်က ရခိုင်မို့လို့ သူ့ကို ဦးရခိုင်လို့ပဲ သိကြတာ။ ရိုးသားပြီး စိတ်ထားကောင်းတဲ့လူပါ။ အခုလို ဖြစ်သွားတဲ့အပေါ်မှာ စိတ်မကောင်းဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။
ရုပ်အလောင်းများကို ယနေ့ နိုဝင်ဘာလ ၂၁ ရက်တွင် မြို့ပြင်သုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့တွင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA က စိုးမိုးထိန်းချုပ်ထားသည့်အနေအထားရှိသော်လည်း စစ်ကောင်စီတပ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA – (PC)၊ ကရင်နယ်ခြား စောင့်တပ် (BGF) နှင့် မွန်ပြည်သစ်ပါတီ (NMSP) အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတို့လည်း လှုပ်ရှားသွားလာနေသည်။
ထိုသို့ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ သွားလာလှုပ်ရှားနေသည့် ဘုရားသုံးဆူမြို့တွင် ပစ်ခတ်မှုတွေ၊ ခိုးမှု၊ လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း ယခုလိုမျိုး ကလေးပါမကျန် သတ်ဖြတ်သည့်ဖြစ်စဉ်မျိုး မရှိခဲ့ကြောင်း မြို့ခံတို့က ပြောသည်။