BREAKING
January 11, 2025

အရပ်သားခြောက်ဦး သတ်ဖြတ်ခံရမှု စုံစမ်းစိစစ်နေကြောင်း KTLA တုံ့ပြန်

October 21, 2024

ပုံစာ - တနင်္သာရီတိုင်းအခြေစိုက် ကော်သူးလေတပ်မတော် KTLA တပ်ဖွဲ့ဝင်များအား ထားဝယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇွန်လက တွေ့ရစဉ်။

ထားဝယ်ဒေသအတွင်း လှုပ်ရှားနေသည့် ကော်သူးလေတပ်မတော် (KTLA) လက်အောက်ခံတပ်ဖွဲ့ဝင်များက အရပ်သား ပြည်သူခြောက်ဦးထက်မနည်းကို စစ်ကောင်စီသတင်းပေးဟု စွပ်စွဲကာသတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲမှုများကို စုံစမ်းစိစစ်နေကြောင်း KTLA က တုံ့ပြန်ပြောဆိုလိုက်သည်။

Dawei Watch ၏ မေးမြန်းမှုကို Facebook စာမျက်နှာမှ တစ်ဆင့် ထိုသို့ တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်က ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာမှ အလုပ်သွားရန်ထွက်လာသည့် ရွှေ့ ပြောင်းအလုပ်သမားသုံးဦးကို KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၂)၊တပ်ခွဲ (၅) ၏တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ် ခဲ့ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်) က အောက်တိုဘာလ ၁၅ရက်တွင် ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်တွင် သတ်ဖြတ်ခံရသူတို့မှာ အသက် ၅၂ နှစ်အရွယ် ဦးကျော်အေး၊ အသက် ၃၈နှစ်အရွယ် ကိုလှမြင့်နှင့် အသက် ၂၂နှစ်အရွယ် ကိုကျော်ဇောလင်းတို့ဖြစ်ကြောင်း ဖော်ပြသည်။

အသတ်ခံရသည့် ရွှေအလုပ်သမားသုံးဦးတို့မှာ စစ်ကောင်စီတပ်၏ မည်သည့်လက်အောက်ခံတပ်ဖွဲ့နှင့်မျှ ပတ်သက်မှုမရှိဘဲ သာမန်လက်လုပ်လက်စားအလုပ်သမားများသာဖြစ်သည်ကို ရွာခံများ၊ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ အတည်ပြုထားကြောင်း ထားဝယ်သပိတ်ကော်မတီကဆိုသည်။

အဆိုပါ အရပ်သားသုံးဦးအနက် ကိုလှမြင့်ကို KTLA တပ်ဖွဲဝင်များက သတ်ဖြတ်နေသည့် ရုပ်သံမှတ်တမ်းနှင့် သတ်ဖြတ် မှုတွင်ပါဝင်ခဲ့သည့် KTLA တပ်ဖွဲ့ဝင်တစ်ဦး ဝန်ခံထွက်ဆိုထားသည့် ရုပ်သံမှတ်တမ်းတို့ကို ရရှိထားကြောင်း ဖော်ပြသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ Dawei Watch ကလည်း ယခုနှစ် ဇန်နဝါရီလ ၁၆ ရက် သတင်းတွင်ဖော်ပြခဲ့ပြီးဖြစ်သည်။

နောက်ထပ်ဖြစ်စဉ်တစ်ခုမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခြင်းဖြစ်သည်။

ထားဝယ်မြို့ပေါ်မှ ထားဝယ်အရှေ့တောဒေသတွင် ခဲနှင့် သံထည်ပစ္စည်းများ လာဝယ်သည့် ဦးဆန်နီ၊ ဦးသန်းကြွယ်နှင့် ဦးမြင့်လွင်တို့ သုံးဦးကို ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာတွင် KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) ၏ တပ်ဖွဲ့ဝင် များက ဖမ်းဆီးသွားကြောင်း ထားဝယ်သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။

၎င်းတို့သုံးဦး၏ ရုပ်အလောင်းတို့ကို အောက်တိုဘာလ ၈ ရက်တွင် KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း(၃) စစ်ဆေးရေးဂိတ် အနီးတွင် ပြန်လည်တွေ့ရှိခဲ့သည်။

အထက်ပါဖြစ်စဉ်နှစ်ခုမှာ အချက်အလက် အခိုင်အမာရရှိထားသည့် ဖြစ်ရပ်နှစ်ခုသာဖြစ်ပြီး အတည်မပြုနိုင်သေးသည့် အခြားဖြစ်စဉ် အချို့ရှိနေကြောင်းလည်း သပိတ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပကာရီရွာအနီး သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ Dawei Watch က အောက်တိုဘာလ ၉ ရက် သတင်းတွင်ဖော်ပြထားပြီးဖြစ်သည်။

စစ်အာဏာရှင်ကို တိုက်ထုတ်ရင်း အာဏာရှင်ဆန်လာသည့် အပြုအမူစရိုက်လက္ခဏာများသည် တော်လှန်ရေး၏ ရည်မှန်းချက်နှင့် သွေဖယ်နေပြီး မြန်မာလူထုတရပ်လုံးလိုလားသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံတန်ဖိုးများနှင့်လည်း သွေဖယ်လာကြောင်း သပိတ်ကော်မတီ၏ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“အာဏာရှင်ကိုတော်လှန်ရင်းနဲ့ အာဏာရှင်အတွေးအခေါ်တွေ အာဏာရှင်ဗီဇတွေနဲ့ အာဏာရှင်စရိုက်ဆန်ဆန် ပြည်သူလူထု အပေါ်မှာဆက်ဆံလို့မရဘူး။အင်အားကြီးလာတာနဲ့အမျှ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်တာတွေမျိုးလုံးဝမလုပ်သင့် ဘူးလို့ ယူဆတယ်။ အဲဒီဟာသည် တော်လှန်ရေးကိုအင်မတန်ထိခိုက်စေတယ်။ အရပ်သားပြည်သူတွေအနေနဲ့ တော်လှန်ရေး အပေါ် ယုံကြည်မှုကင်းမဲ့လာပြီဆိုရင် တော်လှန်ရေးက ကျဆုံးဖို့အလားလာပိုများတယ်ပေါ့” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် အရပ်သားပြည်သူများအပေါ် တရားဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်နှိပ်စက်မှုများ၊ မတရားမှုများကို တော်လှန်ရေး အင်အားစုအသီးသီးတို့ကထုတ်ဖော်ပြောဆိုရန် တာဝန်ရှိကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

“မတရားမှုကို ထုတ်ပြောဖို့ဆိုတာ အားလုံးမှာ တာဝန်ရှိတယ်ပေါ့ဗျာ” ၎င်းက ပြောသည်။

အဆိုပါ ဖြစ်ရပ်တို့နှင့်ပတ်သက်၍ KTLA ၏ KTLA ၏ တနင်္သာရီတိုင်း ဆာကဆောတပ်မ-တပ်မှူး ဗိုလ်အယ်ခွီး (ခေါ်) ဗိုလ်စောကော်လားဖိုးကို Dawei Watch က အောက်တိုဘာ ၁၆ ရက်မှစတင်ကာ ဖုန်း၊ အင်တာနက်လူမှုကွန်ရက်တို့မှ တစ်ဆင့်ဆက်သွယ်နေသော်လည်း ယနေ့ အောက်တိုဘာလ ၂၁ ရက်အထိ အဆက်အသွယ်မရသေးပေ။

KTLA ၏ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် မက်ဆင်ဂျာမှတစ်ဆင့် စာပေးပို့မေးမြန်းရာ “သတင်းတွေကို စုံစမ်းစိစစ်နေလို့ ဘယ်သတင်းဌာနနဲ့မှ အမေးအဖြေ မလုပ်သေးပါခင်ဗျား။ အကြမ်းဖက်သတ်ဖြတ်တာကိုတော့ လုံးဝဆန့်ကျင်ကန့်ကွက်ရှုတ်ချပါတယ်ခင်ဗျား” ဟု ယနေ့ ပြန်လည်ဖြေကြားသည်။

ထားဝယ်သပိတ်ကော်မတီကမူ KTLA ဌာနချုပ်တာဝန်ရှိသူများနှင့် ဆာကဆောတပ်မဟာ တာဝန်ရှိသူတို့ အနေဖြင့် လက်အောက်ခံ တပ်ဖွဲ့ဝင်များ အရပ်သားပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ်မှုများကို အချိန်မီတားဆီး၊ စစ်ဆေး အရေးယူရန် တိုက်တွန်းထားသည်။

လက်နက်မဲ့ အရပ်သားပြည်သူများကို ဖမ်းဆီးပြီး စည်းမျဉ်းစည်းကမ်းများအတိုင်းမလုပ်ဘဲ ဒလန်ဟု စွပ်စွဲပြီး သတ်ဖြတ်မှုမှာ အလွန်စည်းမဲ့ကမ်းမဲ့နိုင်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူ တစ်ဦးက ဆိုသည်။

“ပိုဆိုးတာက တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲနဲ့ အစဖျောက်တဲ့ ပုံစံမျိုးနဲ့ လုပ်သွားတာတွေပဲ” ဟု ၎င်းက ဆိုသည်။

ပြည်သူလူထုကို မျက်နှာမူသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်လိုလျှင် စစ်သည်တော်ကျင့်ဝတ်များကို ခိုင်မာအောင်တည်ဆောက်ပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။