BREAKING
January 11, 2025

ဖမ်းဆီးခံရပြီး သုံးပတ်ကြာသည်အထိ ကမ္ဘောဒီးယားသတင်းစာဆရာ ပြန်မလွတ်သေး

October 21, 2024

ကမ္ဘောဒီးယားနိုင်ငံမှ  ဆုရသတင်းထောက်  Mech Dara သည် ကျန်းမာရေးအခြေအနေဆိုးရွားလျက် ရှိသော်လည်း အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံရပြီး သုံးပတ်ကြာသည်အထိ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

၎င်းသည် စက်တင်ဘာလ ၃၀ ရက်နေ့က မိသားစုနှင့်အတူ ကားဖြင့် ခရီးထွက်နေစဉ် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

အောက်တိုဘာ ၁ ရက်နေ့တွင် ဖနွမ်းပင်မြို့ မြူနီစီပယ်တရားရုံးက ၎င်းအား ဆူပူအောင် လှုံ့ဆော်မှုဖြင့် စွဲချက်တင်ခဲ့သည်။ ပြစ်မှုစီရင်ချက်ချပြီးပါက ၎င်းသည် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်ခြေ ရှိနေသည်။

ကမ္ဘောဒီးယားနိုင်ငံမှ ဘာသာရေးအရ အထွတ်အမြတ်ထားရာ တောင်တစ်ခုပေါ်တွင် လုပ်ဆောင်နေသည့် ကျောက်တူးဖော်ရေးလုပ်ငန်းတစ်ခုအကြောင်း Mech Dara က မဟုတ်မမှန် ရေးသားဖော်ထုတ်ခဲ့သည်ဟု တရားရုံးက စွပ်စွဲခဲ့သည်။

Mech Dara သည် အကျင့်ပျက်ခြစားမှုနှင့် လူကုန်ကူးမှုကိစ္စရပ်များကို စူးစမ်းဖော်ထုတ်ရေးသားလေ့ရှိသည့် ဝါရင့်သတင်းသမားတစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးအပ်ချီးမြှင့်သည့် Tip Hero ဆုကို လက်ခံရရှိခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံမှ အွန်လိုင်းငွေလိမ်လုပ်ငန်းကြီးများအကြောင်း စူးစမ်းထောက်လှမ်းရေးသားမှုကြောင့် အဆိုပါဆု ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။

၎င်းအဖမ်းခံရမှုကို အမေရိကန်ပြည်ထောင်စုနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့်အဖွဲ့အစည်းများက ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။

ယခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံမှ ထိပ်တန်းစီးပွားရေးသမားတစ်ဦးကို အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ဆက်စပ်၍ အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့ခဲ့သည်။

Mech Dara ကို ပြန်လွှတ်ပေးရန် တောင်းဆိုချက်တစ်ခုကို တရားရုံးက ပယ်ချခဲ့ကြောင်း  Radio Free Asia သတင်းဌာနက အောက်တိုဘာ ၁၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။

Ref: The Nation Thailand, Reuters